‘War Photographer’ ဆိုတဲ့ စကားစုက သတင်းဓာတ်ပုံသမားတွေ၊ မှတ်တမ်းဓာတ်ပုံသမားတွေကြား ကြားနေကြစကားစုဖြစ်သလို ဒီစကားစု အခေါ်အဝေါ်ပေါ်မှာလဲ အမြင်အမျိုးမျိုးခံယူချက် အမျိုးမျိုးရှိကြပါတယ်။ အချို့ဓာတ်ပုံဆရာတွေကတော့ ဒီစကားစုကို သုံးရတာ ကြိုက်တာရှိသလို၊ အချို့ကလဲ ဒီစကားစုနဲ့ အခေါ်ခံရတာကို မကြိုက်တဲ့သူတွေလဲ ရှိပါတယ်။ ဆိုတော့ ဒီစကားစုက ဘယ်ကစပေါ်ထွက်လာသလဲ…
စကားစုရဲ့ အစ
သေချာတာကတော့ ဒီစကားစုရဲ့ အစက ကင်မရာတွေတီထွင်ပြီးချိန်မှ စလို့ရမှာပဲ။ ဒီစကားစုကို လွယ်လွယ်ကူကူ သယ်လို့ရတဲ့ အိတ်ဆောင်အရွယ်ကင်မရာတွေ၊ 35mm film ကင်မရာတွေမပေါ်ခင်ကတည်းက စခဲ့တယ်လို့ဆိုပါတယ်။ သုံးချောင်းထောက် ထရိုင်ပေါ့နဲ့ စောင်ခြုံပြီးရိုက်ရတဲ့ ကင်မရာတွေ စခဲ့တဲ့ 1850 နှောင်းပိုင်းကတည်းက စစ်ပွဲတွေကို ဒီကင်မရာကြီးတွေနဲ့ရိုက်ပြီး ဒီစကားလုံးက စပေါ်လာခဲ့ပြီလို့ပြောလို့ရတယ်။ 1853 မှာ ဖြစ်ခဲ့တဲ့ ကရိုင်မီးယား (ယူကရိန်း နှင့် ရုရှားလက်ရှိ စစ်ဖြစ်နေဆဲနေရာ) စစ်ပွဲမှာ မြင်လှည်းတစီးတိုက် ကင်မရာပစ္စည်းတွေတင်ပြီး ရိုက်ပြီးချက်ခြင်းဆေးမှပုံပေါ်တဲ့ခေတ်ကတည်းက ဗြိတိသျှ ဓာတ်ပုံဆရာ Roger Fenton တို့ အီတာလီယံ ဓာတ်ပုံဆရာ Felice Beato တို့ သွားရောက်ရိုက်ကူးခဲ့ပြီး စစ်ပွဲဓာတ်ပုံတွေ၊ ‘war photographer’ ဆိုတဲ့ စကားစုတွေစတင် ပေါ်ထွက်လာခဲ့ပါတယ်။ Felice Beato ဆိုလျင် အဆိုပါခေတ်ကတည်းက မြန်မာနိုင်ငံကိုလည်း ရောက်ခဲ့ပြီး ဓာတ်ပုံမှတ်တမ်းတွေရိုက်ကူးခဲ့ပါသေးတယ်။ ကွယ်လွန်တော့လဲ မန္တလေးမှာ ကွယ်လွန်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ တရုတ်ဘိန်းစစ်ပွဲ၊ အမေရိကန်ပြည်တွင်းစစ် စတဲ့ စစ်ပွဲတွေမှာလဲ စစ်မှတ်တမ်းဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပြီး ဒီစကားစုဟာတွင်ကျယ်လာပါတော့တယ်။ ဒီစကားစုရဲ့ အမြင့်ဆုံး အထွတ်အထိပ်အချိန်ကတော့ ပထမ ကမ္ဘာစစ်အချိန်ပဲဖြစ်ပြီး သတင်းစာနှင့် သတင်းဓာတ်ပုံတွေရဲ့စွမ်းအားကို သိလာတဲ့ အစိုးရတွေဟာ ဒီကာလမှ စပြီး သတင်းမီဒီယာကို ဟန့်တားဖို့၊ ကိုယ်တိုင် ဝါဒဖြန့် ဓာတ်ပုံတွေ ထုတ်ဝေဖို့ပါ ပြင်လာခဲ့ကြပါတယ်။

Official War Photographer – Official Combat Photographer
ဗြိတိသျှ၊ အမေရိကန်၊ ပြင်သစ် တို့ဟာ ဒီကာလမှာပဲ Official War Photographer – Official Combat Photographer ဆိုတဲ့ ရာထူးနဲ့ ဝါဒဖြန့်ဖို့ အတွက် သီးသန့်စတင်ဖန်တီးလာခဲ့ပါတယ်။ Ernest Brooks လို ဓာတ်ပုံဆရာကို ဗြိတိသျှစစ်တပ်က official war photographer ဆိုတဲ့ရာထူးနဲ့ Western Front ရှေ့တန်းနေရာကို စေလွှတ်ပြီး ဓာတ်ပုံတွေရိုက်ကူးခိုင်းပြီး သတင်းစာ တွေကို ပို့သတင်းပေးပြီး ဝါဒဖြန့်ခိုင်းတာတွေလုပ်ခဲ့ပါတယ်။

ဒီကာလတွေမှာပဲ စစ်သတင်းဓာတ်ပုံတွေဟာ သတင်းအမှန်ပေးတာလဲရှိလာသလို၊ တပ်ပိုင် ဓာတ်ပုံသမားတွေရဲ့ ဝါဒဖြန့်ဓာတ်ပုံတွေ၊ အမှောင်ခန်းထဲမှာ ပြုပြင်ပြောင်းလဲထားတဲ့ ဝါဒဖြန့်ဓာတ်ပုံတွေလဲ အများအပြားထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီ စစ်တပ်ခန့်ဓာတ်ပုံသမားများဟာ သူတို့ တာဝန်က ဝါဒဖြန့်ဖို့၊ တပ်သားသစ်တွေ ထပ်ဝင်ချင်လာအောင်စွဲဆောင်ဖို့ ရည်ရွယ်တာပါ။ ဒီနေ့ခေတ်မှာတော့ စစ်တပ်ခန့် ဓာတ်ပုံသမားတွေ လက်ရှိခေတ်အထိရှိနေဆဲဖြစ်ပြီး သူတို့ကိုတော့ ‘Combat Photographer’ လို့ ပဲ အဓိကထားသုံးနှုန်းပါတယ်၊ war photographer လို့ သုံးနှုန်းခြင်းမရှိတော့ပါဘူး။ စစ်မြေပြင်မှာလဲ ပြောက်ကြားဝတ်စုံဝတ်ဆင်ကြပြီး၊ ကင်မရာအပြင် လက်နက်ပါတွဲကိုင်ဆောင်ကြပါတယ်။ သူတို့ တာဝန်ဟာ ဓာတ်ပုံရိုက်ဖို့ ဝါဒဖြန့်ဖို့ ရည်ရွယ်ချက်ဖြစ်ပြီး စစ်တပ်နှင့် နိုင်ငံပိုင် သတင်းမီဒီယာတွေက သတင်းထုတ်လုပ်မှုအပြင်၊ ပြင်ပ လွတ်လပ်တဲ့ သတင်းစာတွေကိုပါ media handout အဖြစ်နဲ့ ပုံထုတ်ဝါဒဖြန့်ပါတယ်။
ဒီ combat ဓာတ်ပုံသမားတွေကို သတင်းစာသမားအဖြစ် မှတ်ယူလို့မရသလို၊ သတင်းစာအများစုက ဒီလူတွေရိုက်ထားပြီး ဖြန့်ဝေတဲ့ သတင်းအများစုကို သတိထား သုံးစွဲကြပါတယ်။ ဒီ ဓာတ်ပုံဆရာများဟာ သတင်းစာကျင့်ဝတ်လိုက်နာဖို့မလိုသလို၊ သူတို့ရဲ့ ဓာတ်ပုံတွေမှာကိုက ဝါဒဖြန့်ဖို့ ကိုယ့်တပ်ကောင်းကြောင်း၊ ရန်သူက ဆိုးကြောင်း သတင်းစကားပါးဖို့ ရည်ရွယ်ချက်၊ ကိုယ့်ဖာသာ တည်းဖြတ်ထားပြီးသား ရင်တွင်းဖြစ် ဆင်ဆာ စနစ်ရှိတာကြောင့် သတင်းစာများက သုံးတာနည်းပါတယ်။ နောက် ပြောက်ကြားဝတ်စုံဖြင့် သတင်းဓာတ်ပုံရိုက်ခြင်းဟာ သာမန်ပြည်သူတွေအနေနဲ့ ဒီ combat ဓာတ်ပုံဆရာက ဖိအားပေးမှုမရှိရင်တောင် သူတို့ရဲ့ လွတ်လပ်စွာ သတင်းမီဒီယာကို ပြောဆိုသလို၊ ပြုမှုသလို မဖြစ်တော့ပဲ လက်ရှိနယ်မြေကို ထိန်းချုပ်သူ တပ်ဖွဲ့အလိုကျ ပြောဆို၊ လုပ်ဆောင်ရသလိုတွေဖြစ်နေတာကို တွေ့ရပါတယ်။ သတင်းသမားကျင့်ဝတ်နဲ့ မညီသလို သတင်းဓာတ်ပုံ ပြိုင်ပွဲတွေမှာလည်း စည်းကမ်းချက်နဲ့ ငြိနေပြီး ဖြစ်ကြောင်း သတိချပ်ဖို့လိုပါတယ်။
The Greatest War Photographer in the World
ဗြိတိသျှထုတ် Picture Post မဂ္ဂဇင်းကတော့ ဓာတ်ပုံဆရာ Rober Capa ကို The Greatest War Photographer in the World လို့ သူ့အသက် ၂၅ နှစ်အရွယ်မှာ စတင်တင်စားလိုက်ပါတယ်။ Capa က စပိန်ပြည်တွင်းစစ်ကနေ နော်မန်ဒီ “D-Day” စစ်ပွဲအစကတည်းက ရဲရင့်စွာ ပြင်သစ် ကမ်းခြေကို ပထမဆုံး ကမ်းတပ်မယ့် မဟာမိတ်တပ်တွေနဲ့ လိုက်သွား ဓာတ်ပုံရိုက်ကူးခဲ့သူပါ။ သူရဲ့ ဓာတ်ပုံတွေကြောင့်လဲ ကျွန်တော်တို့ဟာ ဒီနေ့ အချိန်မှာ ‘war photographer’ လို့ ပြောရင် သူ့ကိုပဲ ပထမဆုံး ပြေးမြင်ကြတာဖြစ်ပါတယ်။

အဲဒီခေတ်က Capa ကို ကမ္ဘာသတင်းစာတွေအကုန်လုံးက ‘war photographer’ အဖြစ်တခမ်းတနား ဖော်ပြခဲ့ကြတယ်။ Capa ကိုယ်တိုင်ကတော့ ဒီစကားစု နဲ့ တံဆိပ်တပ် အခေါ်ခံရတာကို မကြိုက်ကြောင်း လူသိရှင်ကြား မပြောခဲ့ပေမယ့်။ သူပြောစကားတွေထဲမှာတော့ စစ်ပွဲကို စိတ်ကုန်ကြောင်း မကြာမကြာကြားရတာကို တွေ့ခဲ့ရတယ်။
“အိတ်ထဲမှာ ရိုက်ပြီးသား ဖလင်လိပ်တွေအပြည့်ထည့်ပြီး ရထားနဲ့ လန်ဒန်ကို ပြန်ချိန်တုန်းက တွေးခဲ့ဖူးတယ်၊ ငါ့ကိုယ်ငါလဲမုန်းတယ်၊ ငါ့အလုပ်ကိုလဲ ငါမုန်းတယ်။ ဒီလို ဓာတ်ပုံမျိုးတွေက အသုဘရာဇာတွေအတွက်ပဲ၊ ငါကတော့ ဒါလိုဖြစ်နေရတာ မကြိုက်ဖူး။”
နောက်ပိုင်းမှာ Capa ဟာ စစ်သတင်း ဓာတ်ပုံရိုက်တာတွေကနေနားခဲ့ပေမယ့် 1954 မှာတော့ ဗီယက်နမ်မှာ ဖြစ်တဲ့ အင်ဒိုချိုင်းနား စစ်ပွဲကို သွားပြီး သတင်းမှတ်တမ်းယူဖို့ အလုပ်ကမ်းလှမ်းခံခဲ့ရပါတယ်။ အစကတော့ သူမလုပ်ချင်ကြောင်း ငြင်းလိုက်ပြီးမှ ငွေလိုအပ်ချက်နှင့် ဓာတ်ပုံမရိုက်ဖြစ်တာကြာတဲ့ ရည်ရွယ်ချက်ကြောင့် လက်ခံဖြစ်သွားပြီး ဗီယက်နမ်ကို သွားရောက်ခဲ့ပါတယ်။ အဆိုပါ ခရီးစဥ်မှာပဲ ဓာတ်ပုံရိုက်ရင်း မြေမြုပ်မိုင်း နင်းမိပြီး အသက် ၄၀ မှာ ကွယ်လွန်ခဲ့ပါတယ်။
‘War Photographer’ ဆိုတဲ့ စကားစုကို ငြင်းဆိုလာကြတဲ့ ကာလ
နောက်ပိုင်း ကာလတွေမှာတော့ Eugene Smith, Don McCullin တို့လို ဓာတ်ပုံဆရာတွေဟာ ဒီ War Photographer ဆိုတဲ့ စကားစုကို ဆန့်ကျင်လာခဲ့ကြပါတယ်။ ဒါတွေက ကမ္ဘာအနှံ့မှာ ဗီယက်နမ်စစ်ပွဲ၊ စစ်အေးခေတ်စစ်ပွဲတွေရဲ့ အနိဌာရုံတွေ ကျယ်ကျယ်ပြန့်ပြန့် လူထုတွေမြင်လာရသလို အဲဒီခေတ်ကာလက လူငယ်ဓာတ်ပုံဆရာတွေဟာလဲ ဒီစကားစုရဲ့ စစ်ပွဲတွေကို ခမ်းနားသယောင်၊ အမွှမ်းတင်ရာ သဘောမျိုးသက်ရောက်နေတဲ့ war photographer ဆိုတဲ့ တံဆိပ်ကို လက်မခံချင်ကြတဲ့ကာလဖြစ်လာပါတယ်။ ဒီစကားစုက ဓာတ်ပုံဆရာတွေရဲ့အခန်းကဏ္ဍကို အရမ်း သတိရှိသယောင်၊ ရဲရင့်သယောင့် အမွှမ်းတင်လွန်းတယ်လို့ အချို့က ခံယူလာကြတယ်။ အချို့တွေက ‘Anti-war photographer’ ဒါမှမဟုတ် ‘Humanistic photographer’ လို့ပဲ သူတို့ကို ခေါ်စေချင်ကြတယ်။

ဒီလူတွေထဲမှာ အထင်ရှားဆုံးကတော့ ဗြိတိသျှ ဓာတ်ပုံဆရာ Don McCulin ပဲဖြစ်ပါတယ်။ သူက war photographer လို့ အခေါ်ခံရတာကို ခါးခါးသီးသီး ငြင်းဆိုလေ့ရှိသူပါ။ “ငါကတော့ ဒီလိုခေါ်ခံရတာကို အသေကောင်တွေနဲ့ အလုပ်လုပ်တဲ့ သားသတ်သမားလို့ ခေါ်ခံရသလို ခံစားရတယ်၊ စစ်သတင်းဓာတ်ပုံသမားလို့ ခေါ်ခံရတာကို မုန်းတယ်၊ ဒါက ငါ့ကို စော်ကားတာပဲ။” Don McCulin ဟာ လက်ရှိအချိန်ထိ သက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီး သူ့ဘဝ သက်တမ်းမှာ ဗီယက်နမ်၊ ဗျာဖာ၊ ကမ္ဘောဒီးယား နှင့် အရှေ့အလယ်ပိုင်း စစ်ပွဲတွေမှာ သတင်းယူခဲ့သူတဦးပါ။ လက်ရှိအချိန်မှာတော့ ရူခင်းတွေ၊ ဗီသုကာလက်ရာ ရှေးဟောင်းအဆောက်အဦးတွေကိုပဲ ရိုက်ပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းနေပါတယ်။
Vietnam Inc. ဓာတ်ပုံစာအုပ် နဲ့ အမေရီကန်လူထုရဲ့ ဗီယမ်နမ်စစ်ပွဲအပေါ်အမြင်တွေပြောင်းခဲ့သူ ဓာတ်ပုံဆရာ Philip Jones Griffiths ကတော့ စစ်သတင်းထောက်လို့ ခေါ်ခံရတာထက် သူ့ကိုယ်သူ ကင်မရာကိုင်ထားတဲ့ သတင်းသမားလို့သာ လူအများက မြင်စေချင်သူပါ၊ သူက ရှေ့တန်းက ပစ်ခတ်နေတာတွေရိုက်ရတာဟာ လွယ်ကူပြီး အပေါစားဆန်တာ၊ တကယ့်လက်တွေ့ ဖြစ်ပျက်နေတာကို ဖုံးကာပေးရုံရိုက်ရတာက လွယ်တယ်။ တကယ် နောက်ကွယ်က နိုင်ငံရေး၊ အဖွဲ့အစည်းတည်ဆောက်ထားမှု၊ လူ့အဖွဲ့အစည်းပျက်သုန်းမှုတွေကို ရိုက်ရတာက ပိုခက်တယ်လို့ ပြောခဲ့သူပါ။

James Nachtway ကတော့ Time မဂ္ဂဇင်းရဲ့ ပင်တိုင် ဓာတ်ပုံဆရာဖြစ်ခဲ့ပြီး ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှု၊ ကိုဆိုဗိုကနေ 9/11 ပြိုကျမှုတွေကနေ ဒီနေ့အထိ ကမ္ဘာအနှံ့က စစ်ပွဲတွေ၊ လူမှုရေး၊ စီးပွားရေးအကျပ်အတည်းတွေကို ရိုက်နေခဲ့သူပါ။ သူအကြောင်းကို ရိုက်ထားတဲ့၊ အော်စကာ ဇကာတင်စာရင်းဝင် ‘War Photographer’ ဆိုတဲ့ နာမည်နဲ့ မှတ်တမ်း ရုပ်ရှင်ပါ ရှိနေပေမယ့်သူကိုယ်တိုင်ကတော့ ‘war photographer’ လို့ သူ့ကိုယ်သူ သုံးနှုန်းလေ့မရှိပဲ သူ့ကိုယ်သူ ‘anti-war photographer’ လို့သာ သုံးလေ့ရှိပါတယ်။ သူကတော့ ကင်မရာကို သုံးပြီး သူ့သတင်းဓာတ်ပုံတွေကြည့်တဲ့ စာဖတ်ပုရိသတ်တွေ ညှိနှိုင်းအဖြေရှာဖို့၊ ငြိမ်းချမ်းရေးကို တောင်းဆိုဖို့ သုံးတဲ့ ကရိယာလို့ သဘောထားတယ်လို့ဆိုပါတယ်။

လက်ရှိ ကမ္ဘာအနှံ့က အမျိုးသမီးအရေး၊ စစ်ပွဲတွေ၊ အငတ်ဘေးတွေ မှာ သတင်းယူရိုက်ကူးနေတဲ့ ဓာတ်ပုံဆရာ Lynsey Addario ကတော့ သူမဟာ တိုက်ပွဲတွေကြားရောက်ခဲ့ရပေမယ် စစ်ပွဲက တိုက်ခိုက်ပုံတွေ ရိုက်ဖို့မဟုတ်ပဲ၊ အဲဒီ ဒေသက ဇာတ်ကြောင်းတွေပြောဖို့ကိုပဲ ရည်ရွယ်သွားလေ့ရှိတယ်လို့ဆိုပါတယ်။ သူမဟာ သူ့ကိုယ်သူတော့ စစ်ပွဲထဲက မေတ္တာတရားကို မှတ်တမ်းတင်သူလို့ ရည်ညွှန်းလေ့ရှိပါတယ်။
ဒါတွေကတော့ “War Photographer” ဆိုတဲ့ စကားစုအပေါ် ဓာတ်ပုံဆရာတွေရဲ့ ခံယူချက်နဲ့ အမြင်တွေ ခေတ်အဆက်ဆက်ပြောင်းလဲလာပုံတွေပါ။ အစောပိုင်း ၁၉ ရာစုခန့်ကတော့ ဓာတ်ပုံဆရာများဟာ စစ်ပွဲအတွင်းမှာ စောင့်ကြည့်လေ့လာသူ အခန်းကဏ္ဌကနေ ပါဝင်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ စစ်ရဲ့ အနိဌာရုံတွေ၊ စစ်ပွဲရဲ့ အကျိုးဆက်တွေကို အခြားလူထုတွေသိအောင် သတင်းစကားပါးရာကနေ စစ်ပွဲတွေရဲ့ မရိုးရှင်းမှု၊ ရှုပ်ထွေးမှု တွေကို တင်ပြရင်း “war photographer” လို့ အခေါ်ခံရခြင်းဟာ သူတို့ကို အလွယ်တကူ အပေါ်ယံဆန်တဲ့ တံဆိပ်တခုအကပ်ခံလိုက်ရတယ်လို့ ယူဆမှုတွေ ရှိလာခဲ့တာလဲဖြစ်ပါတယ်။
