Leica Freedom Train

Leica Freedom Train
Leitz Wetzlar Factory. 1910

ဒီနေ့ ဇွန်လ ၂၀ ရက်နေ့ဟာ World Refugee Day ဖြစ်ပါတယ်၊ ဒီနေ့မှာ အမှတ်တရ အနေနဲ့ Leica ကင်မရာ ရဲ့ လွတ်လပ်ရေးရထား (Leica freedom train) လို့ ခေါ်တဲ့ လျှိုဝှက်စီမံကိန်း အကြောင်းပြောပြချင်ပါတယ်။ 

အချိန်က ၁၉၃၃ ခုနှစ်၊ ဂျာမနီမှာ ဟစ်တလာ အာဏာရလာခဲ့ပြီး အမျိုးသားရေးခေါင်းထောင်လာချိန်မှာ ဂျာမနီမှာ ရှိတဲ့ ဂျူးလူမျိုးတွေဟာ အသက်အန္တရာယ် စကြုံလာရပါတယ်။ အဲဒီအချိန်မှာ Leica ကင်မရာ ကုမ္ပဏီရဲ့ ခေါင်းဆောင် အားနက်စ် လိုက်ဇ် (Ernst Leitz II) ဟာ သူ့ဆီမှာ အလုပ်လုပ်နေတဲ့ ဂျူးလူမျိုးဝန်ထမ်းတွေ၊ သူတို့ မိသားစုတွေနဲ့ မိတ်ဆွေတွေ ကို ခိုးပြီး ကယ်ထုတ်ဖို့ လျှို့ဝှက်စီမံကိန်းတခုက စအကောင်အထည်ဖော်ပါတော့တယ်။ ဒီ လျှို့ဝှက်စီမံကိန်းကို Leica freedom train လို့သာ ခေါ်ပေမယ့် တကယ်က ရထားနဲ့ ကယ်ထုတ်တဲ့ အစီအစဥ်တော့မဟုတ်ပါဘူး။ နာဇီတွေရဲ့ အကျဥ်းသားသယ်တဲ့ရထားရဲ့ ဆန့်ကျင်ဖက် ပြယုတ်အနေနဲ့ တင်စားခေါ်တာပါ။ တကယ်က Leica အကြီးအကဲက ဂျာမန်လူမျိုး တဦးသာဖြစ်ပါတယ်၊ သူ့အနေနဲ့  ဝန်ထမ်း ဂျူးလူမျိုးတွေ အသက်ကယ်ဆယ်ဖို့ အန္တရာယ်ကြားကနေ ဒီကယ်ဆယ်ရေး အစီအစဥ်ကို စဆွဲတာပါ။ 

Ernst Leitz II

သူ့အစီအစဥ်ကတော့ နာဇီတွေ၊ ဂတ်စတာပိုတွေ မရိပ်မိအောင် ဒီလူတွေကို Leica ရဲ့ နိုင်ငံတကာက အခွဲတွေဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် နှင့် ဟောင်ကောင်က ရုံးတွေကို အလုပ်လုပ်ဖို့ တာဝန်နဲ့ လွှတ်တယ်ဆိုတဲ့ စာအထောက်အထားတွေနဲ့၊ ဝန်ထမ်းမဟုတ်သူ အခြားသူတွေကိုလည်း ဝန်ထမ်းကတ်ထုတ်ပေးပြီး အဆိုပါ နိုင်ငံတွေကို လွှတ်ခဲ့တာဖြစ်ပါတယ်။ ဒီ ဂျူး ဒုက္ခသည်တွေကိုလည်း တယောက်ချင်းစီတိုင်းကို တန်ဖိုးကြီးတဲ့ Leica ကင်မရာ အသစ်တလုံးစီ လက်ဆောင်ထည့်ပေးလိုက်ပြီး၊ အဆိုပါ နိုင်ငံတွေရောက်ရင် ပြန်ရောင်းစားပြီး အရေးပေါ်ငွေဖော်နိုင်အောင် ရည်ရွယ်ထည့်ပေးလိုက်ပါသေးတယ်။ သူ့ဝန်ထမ်းတွေ အဆိုပါ နိုင်ငံတွေရောက်တဲ့အခါ အိမ်ရာစီစဥ်ပေးတာ၊ အလုပ်အကိုင်ရှာပေးတာနဲ့ အလုပ်မရမခြင်း ထောက်ပံ့ကြေးငွေ ပေးတာတွေလဲ စီစဥ်ပေးခဲ့ပါသေးတယ်။ 

Elsie Kuehn-Leitz

ဒီလျှို့ဝှက်ကယ်ထုတ်တဲ့ အစီအစဥ်ကို နာဇီ အစိုးရက နောက်ပိုင်းမှာ ခြေရာခံမိသွားခဲ့ပေမယ့် အားနက်စ် ကို အရေးမယူခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ Leica က နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ ကုမ္ပဏီကြီးဖြစ်တာရယ်၊ သူတို့ထုတ်တဲ့ အဝေးကြည့်မှန်ဘီလူး နှင့် မှန်နဲ့ ပတ်သက်တဲ့ ပစ္စည််းတွေကို နာဇိ စစ်တပ်က သူတို့ စစ်ဖက်ရေးရာအတွက် သုံးနေရတာမို့ပါ။ အားနက်စ် ရဲ့ သမီး အယ်လ်ဆီ (Elsie Kuehn-Leitz) ကတော့ ဂျူးအမျိုးသမီးတွေကို ဆွစ်ဇာလန် နယ်စပ်ကို ခိုးထုတ် ကယ်ဆယ်ဖို့ ကြိုးစားရင်း နာဇီ ဂတ်စတာပိုတွေ မိသွားတဲ့ အတွက် ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ သူမဟာ ထောင်လနဲ့ ချီကျခဲ့ပြီး ကြမ်းတမ်းတဲ့ စစ်ကြောရေးကာလကိုလဲ ဖြတ်သန်းခဲ့ရတယ်လို့ဆိုပါတယ်။ Leica ရဲ့ ဈေးကွက်မန်နေဂျာ ဖြစ်တဲ့ အဲလ်ဖရတ် တာခ် (Alfred Turk) လဲ ဂျူးတွေကို ကူညီတဲ့ အမှုနဲ့ ထောင်ချခံခဲ့ရပါတယ်၊ နောက်ပိုင်းမှာတော့ လာဘ်အများကြီးထိုးပြီး လွတ်လာအောင် လုပ်ယူခဲ့ရပါတယ်။ 

Leica factory workers

Leica ရဲ့ ဒီကယ်ဆယ်ရေး အစီအစဥ်က အင်မတန်လျှို့ဝှက်ထားခဲ့တာဖြစ်ပြီး ဂတ်စတာပိုတွေရှာတွေ့မှာ စိုးတဲ့အတွက် သူတို့ ရုံးတွေမှာလဲ အထောက်အထား၊​ မှတ်တမ်းတခုမှ မထားခဲ့ပါဘူး။ စစ်ကြီးပြီးတဲ့အခါမှာလဲ အားနက်စ် တို့ မိသားစုတွေကော၊ Leica ကုမ္ပဏီကကော ထုတ်ဖော်ပြောကြားခဲ့တာ မရှိခဲ့ပဲ၊ အားနက်စ်ကော သူ့သမီးကော ကွယ်လွန်ခဲ့ပြီး ၂၀၀၂ ခုနှစ်ကြမှသာ သမိုင်းသုတေသီတွေက ကယ်ဆယ်ခံခဲ့ရသူတွေရဲ့ ပြောစကားတွေနဲ့ အထောက်အထားတချို့ကြောင့် ဒီအကြောင်းတွေ သိလာခဲ့တာဖြစ်ပါတယ်။ သူတို့ ကယ်ထုတ်ခဲ့တဲ့ အရေအတွက်ကို အတိအကျ မှတ်တမ်း မရှိခဲ့ပေမယ့် ခန့်မှန်အရေအတွက် လူ ၃၀၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ခန်ံ့မှန်းကြပါတယ်။ ဒီ ကယ်ဆယ်ရေးအစီအစဥ်ကြောင့်ပဲ အားနက်စ်ကို သုတေသီတွေက “ဓာတ်ပုံလောကရဲ့ Schindler” လို့ အမည်ပေး တင်စားခဲ့ကြပါတယ်။ ဒီ Leica freedom train အကြောင်းကိုလဲ “Schindler’s List” လိုမျိုး ရုပ်ရှင်ရိုက်နေပြီလို့လဲ သတင်းတွေဖတ်ရပါတယ်။ 

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply