အိန္ဒိယရဲ့ လူသိအများဆုံးနှင့် ဓာတ်ပုံလောကရဲ့ ဂန္ထဝင် ဓာတ်ပုံဆရာ ဖြစ်တဲ့ ရာဟုရိုင် (Raghu Rai) ကို လွတ်လပ်ရေးမရခင် ၁၉၄၂ ခုနှစ်မှာ ယခု ပါကစ္စတန် အပိုင်ထဲပါတဲ့ ဂျဟန်း ရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ ၁၉၆၅ မှာ တော့ ဒေလီမှာ ဓာတ်ပုံဆရာအဖြစ် အသက်မွေးဝမ်းကျောင်းနေတဲ့ သူ့အကို S. Paul ဆီ အလည်သွားရင်း၊ သူ့အကို ဓာတ်ပုံရိုက်ထွက်တဲ့ ခရီးစဥ်တခုမှာ သူ့အကိုဆီက ကင်မရာအသေးတလုံး ခဏငှားကိုင်ကြည့်ရင်းက နေ ဓာတ်ပုံပညာ ကိုစတင် ထိတွေ့ခဲ့ပါတယ်။ အဆိုပါ ခရီးစဥ်မှာပဲ ရိုင် ရိုက်ခဲ့တဲ့ မြည်းပေါက်လေး ကိုရိုက်ထားတဲ့ပုံကို သူ့အကိုက လန်ဒန်မြို့က Times သတင်းစာကို ပေးပို့ခဲ့ရာကနေ ပုံနှိပ်ဖော်ပြခံရပြီး ရိုင် ရဲ့ဘဝ ကို ပြောင်းလဲစေခဲ့ပါတယ်။
“မှန်ဘီလူးကနေ ချောင်းကြည့်လိုက်တိုင်းမှာ ကျွန်တော် စွမ်းအားတွေရလာသလိုခံစားရတယ်၊ နောက် ကိုယ်မြင်နေရတဲ့ မြင်ကွင်းတွေပေါ်မှာ အာရုံစူးစိုက်မှုနဲ့ လေးနက်မှုတွေ ခံစားရတယ်။” – ရာဟုရိုင်
အဲဒီ နှစ်မှာပဲ ရိုင် ဟာ ဒေလီ ကိုပြောင်းရွေ့ခဲ့ပြီး Hindustan Times မှာ စပြီး အလုပ်ဝင်ခဲ့ပါတော့တယ်။ နောက်တော့ The Statesman သတင်းစာတိုက်ကို ၁၉၆၆ မှာ ပြောင်းရွေ့ခဲ့ပြီး ဦးစီး ဓာတ်ပုံဆရာအနေနဲ့ ဆယ်စုနှစ် တခုကျော်အလုပ်လုပ်ခဲ့ပါတယ်။ အဒီအချိန်အတော်အတွင်း ၁၉၇၀ မှာတော့ ရိုင် ဟာ ကလတ်ကတား မှာ မားသားထရီဇာ ကို သူမရဲ့ ကျောင်းတော်မှာ အီစတာ sunday မှာ ဓာတ်ပုံရိုက်ခွင့် ရခဲ့ပါတယ်။

During prayer. Calcutta, India. 1979. O Raghu Rai | Magnum Photos
ရိုင်က အဲဒီတုန်းက အဖြစ်အပျက်တချို့ကို ပြန်ပြောဖူးပါတယ်။ “အဲဒီတုန်းက မားသားက သူ့ကို ကျောင်းဆောင်ထဲမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် တနေရာထဲမှာပဲ ထိုင်နေပြီး ဓာတ်ပုံရိုက်ဖို့၊ ငြိမ်ငြိမ်နေပြီးသာ ရိုက်ဖို့မှာထားပြီး ကျောင်းတော်ထဲကိုခေါ်သွားပြီး သူမ ဘေးမှာထိုင်ခိုင်းခဲ့ပါတယ်။ ပြီးတော့ မားသား ဟာ ဘုရားဆုတောင်းတာတွေလုပ်နေတဲ့အချိန်အခိုက်အတန့်လေးကို ကျွန်တော်က ရှေ့တည့်တည့်ကနေ မတအားရိုက်ချင်နေခဲ့တာပါ။ ဆိုတော့ ကျွန်တော် မရွှေ့ပါဘူးလို့ ကတိပေးထားခဲ့ပေမယ့်၊ လမ်းလျောက်နေရာရွှေ့ခဲ့ပြီးရိုက်ခဲ့ပါတယ်။” ပြီးတော့ ကျွန်တော် သူမကို လှေခါးခန်းမှာ စောင့်ခဲ့ပြီး ထွက်လာတဲနဲ့ “မယ်တော်၊ ကျွန်တော်တောင်းပန်ပါတယ်။ ပေးထားတဲ့ ကတိအတိုင်း နေပြီး မရိုက်ခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။ သူမက ကျွန်တော့်လက်တွေကို ဆွဲကိုင်လိုက်ပြီး၊ မျက်ဝန်းထဲကို ကြည့်ပြီး ပြောပါတယ် “ဘုရားသခင်က မင်းကို ဒီဓာတ်ပုံတွေရိုက်ဖို့ ခွင့်ပြုခဲ့ပြီးသားပါ၊ ဆိုတော့ မင်းအကောင်းဆုံးဖြစ်အောင် လုပ်ရမှာပေါ့”။
ရိုင် ဟာ မားသားထရီဇာ ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ ကိုပဲ ၁၉၇၉ အထိ ဆက်ဓာတ်ပုံရိုက်ခွင့်တွေရခဲ့ပြီး နောက်ပိုင်းမှာတော့ “Mother Teresa: Faith and Compassion and A Life Dedicated” စာအုပ်မှာ ဓာတ်ပုံတွေ ဖော်ပြခံခဲ့ရပါတယ်။
၁၉၇၁ မှာတော့ ရိုင် ဟာ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲတွေကို ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ အဆိုပါအချိန်က အရှေ့ပါကစ္စတန် ပြည်နယ် လို့ ခေါ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီအမျိုးသားရေးသမားတွေက အနောက် ပါကစ္စတန်လို့ခေါ်တဲ့ (ယခု ပါကစ္စတန်နိုင်ငံ) အစိုးရလက်အောက်ကနေ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြချိန်ဖြစ်ပါတယ်။ အဆိုပါ အချိန်မှာ အိန္ဒိယ အစိုးရကလဲ နောက်ကွယ်ကနေ အရပ်သားတွေကို ပုန်ကန် သူပုန်ထဖို့ ထောက်ပံ့ပေးခဲ့တာကြောင့် အိန္ဒိယ – ပါကစ္စတန် စစ်ပွဲ ဖြစ်လာခဲ့ချိန်ပါ။
အဆိုပါ စစ်ပွဲကြောင့် လူပေါင်း ၃ သိန်းကနေ ၃ သန်းကြား သေဆုံးခဲ့ပြီး ယခု ဘင်္ဂလားဒေ့ရှ် နေရာမှာ ရှိနေတဲ့ သန်းနဲ့ချီတဲ့ လူပေါင်းများစွာက အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ရိုင် ဟာ အဆိုပါ အဖြစ်အပျက်တွေကို သတင်းဓာတ်ပုံရိုက်ကူးခဲ့ပြီး ဘင်္ဂါလီ ဒုက္ခသည်တွေခံစားရမှုတွေနဲ့ နောက်ဆုံး ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်လာတာတွေအထိ မှတ်တမ်းတင်ခဲ့ပါတယ်။

ရိုင် ရိုက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေး မှတ်တမ်း စစ်ပွဲ ဓာတ်ပုံတွေကို ၁၉၇၂ မှာ ပါရီ မြို့မှာ ပြပွဲ စပြခဲ့ပြီး အဲဒီပြပွဲကို ဓာတ်ပုံဆရာ ဟန်နရီကာတီးယား ဘရတ်ဆင် (Henri Cartier-Bresson) လဲတက်ရောက်ခဲ့ပြီး၊ ရိုင် ရဲ့ ဓာတ်ပုံတွေကို သဘောကျသွားခဲ့ပါတယ်။ ရိုင် အိန္ဒိယ ပြန်သွားပြီးနောက်မှာတော့ သူဟာ Magnum Photo ရဲ့ တည်ထောင်သူတဦးဖြစ်တဲ့ ကာတီးယားဘရတ်ဆင် ဆီကနေ စာ တစောင်ရခဲ့ပါတယ်၊ စာထဲမှာ ရိုင် ကို Magnum မှာ ဓာတ်ပုံဆရာဖြစ်လာဖို့ စောင့်ကြည့် (nominee) စာရင်းထဲ ထည့်လိုက်ပြီလို့ဆိုလာပါတယ်။ “ကျွန်တော်က အဲဒီအချိန်တုန်းက ဓာတ်ပုံရိုက်တာ ၅ နှစ်လောက်ပဲ ရှိသေးတော့၊ တအားအံ့သြ ကြောက်ပြီး စာတောင်မပြန်ခဲ့ပါဘူး။” နောက်ထပ် ၅ နှစ်အကြာ ၁၉၇၇ မှာတော့ ရိုင် ဟာနောက်ထပ်စာတစောင့် ထပ်ရလာခဲ့ပြီး သူ့ကို Magnum Photo ရဲ့ ပထမဆုံး အိန္ဒိယ ဓာတ်ပုံဆရာအဖြစ် အေဂျင်စီက ခန့်အပ်ကြောင်း စာရရှိခဲ့ပြီး သူ ကွယ်လွန်သည်အထိ Magnum နှင့် ပူးပေါင်းခဲ့ပါတယ်။
၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ အိန္ဒိယ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော စက်မှုလုပ်ငန်းဆိုင်ရာ ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဘိုပါးလ် (Bhopal) မြို့ရှိ Union Carbide ပိုးသတ်ဆေးစက်ရုံမှ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားရာ လူပေါင်းငါးသိန်းခန့် အဆိပ်ငွေ့သင့်ခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပဲ လူပေါင်း ၁၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။ နောက်ပိုင်း နောက်ဆက်တွဲဝေဒနာများကြောင့်လည်း လူပေါင်းထောင်ချီ၍ ဆက်လက်သေဆုံးခဲ့ကြသည်။

ဓာတ်ပုံဆရာ ရိုင် ဟာ ထိုအဖြစ်ဆိုးကို မှတ်တမ်းတင်ရန် အခင်းဖြစ်ပွားရာနေရာသို့ အစောဆုံးရောက်ရှိခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ “ကျွန်တော် ဒေလီက အိမ်မှာ အိပ်နေတုန်း ညသန်းခေါင်ယံအချိန်မှာ India Today မဂ္ဂဇင်းက အယ်ဒီတာက ကျွန်တော့်ဆီ ဖုန်းဆက်ခဲ့တာပါ” ဟု သူက ဆိုသည်။
“ကျွန်တော်တို့ Hamidia ဆေးရုံကို ရောက်တဲ့အခါမှာတော့ အခြေအနေတွေက တကယ့်ကို ပရမ်းပတာပါပဲ။ အဲဒီလိုမျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး၊ စစ်ပွဲတစ်ခု ပြီးသွားတဲ့အတိုင်း ဒါမှမဟုတ် ငလျင်ဒဏ်သင့်ပြီးစ အခြေအနေမျိုးနဲ့ တူနေတယ်။ အဲဒီမှာ ထူးဆန်းတဲ့ တိတ်ဆိတ်မှုမျိုးရှိတယ်အဲ ဒါက သေခြင်းတရားရဲ့ တိတ်ဆိတ်မှုမျိုးလိုပါပဲ” ဟု သူက ရေးသားခဲ့သည်။ “ကျွန်တော် ဘယ်နှစ်ပုံပဲ ရိုက်ရိုက်၊ ဖြစ်ပျက်နေတဲ့ အခြေအနေရဲ့ အတိုင်းအတာပမာဏကို ပုံဖော်ဖို့ မလုံလောက်ခဲ့ပါဘူး။”

ရိုင် ဟာ သူ့ဘဝ သက်တမ်းတလျောက်လုံး နှစ် ၆၀ ကျော် အိန္ဒိယရဲ့ ယဥ်ကျေးမှု၊ လူမှုဘဝ၊ နိုင်ငံရေးနှင့် စစ်ပွဲတွေ စတဲ့ ဓာတ်ပုံတွေရိုက်ကူးခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့ ၂၀၂၆ ခုနှစ် သူ့အသက် ၈၃ နှစ်မှာ ဒေလီမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ Magnum ရဲ့ အိန္ဒိယ ဓာတ်ပုံဆရာနောက်တဦးဖြစ်တဲ့ ဆိုရက်ဟူရာ (Sohrab Hura) က ရိုင် ရဲ့ ဈာပန တက်ရောက်ရင်း ဒီလို ရေးခဲ့ပါသေးတယ်။
“အဓိကအချက်ကတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒီကမျိုးဆက်တော်တော်များများဟာ အိန္ဒိယလို့ သူတို့သတ်မှတ်ထားတဲ့ နိုင်ငံသစ်လေး တဖြည်းဖြည်းကြီးထွားလာပုံကို Raghu Rai ရဲ့ မျက်လုံးတွေကတစ်ဆင့် မြင်တွေ့ခဲ့ကြရတာပါ။ ဒါကြောင့် ရိုင် ကိုနားလည်ခံစားမိဖို့အတွက် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်နေဖို့တောင် မလိုပါဘူး။ ဒီနေရာမှာ သူဟာ ဓာတ်ပုံပညာထက်တောင် ပိုပြီးကြီးကျယ်မြင့်မြတ်တဲ့သူ ဖြစ်နေလို့ပါ။
သူ့ရဲ့ မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားမှာတော့ ရောက်ရှိနေသူတိုင်းဟာ ခေတ်တစ်ခေတ်ရဲ့ နိဂုံးကို လက်ခံနိုင်ဖို့ ခက်ခဲစွာ ကြိုးစားနေခဲ့ကြရတယ်။ ကျွန်တော်တို့ရဲ့ ဘဝအစိတ်အပိုင်းတစ်ခု ကျိုးပဲ့သွားသလို ခံစားရပါတယ်၊ ဘာလို့လဲဆိုတော့ ဓာတ်ပုံဆရာတွေအနေနဲ့ ကျွန်တော်တို့အားလုံးဟာ သူ့ကို စံနမူနာထားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ခဲ့ကြလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းကို စဉ်းစားတိုင်း သူ့ရဲ့ဓာတ်ပုံတွေကို ချန်လှပ်ထားလို့ မရနိုင်တာကြောင့် သူဟာ ကျွန်တော်တို့ဘဝထဲမှာ အမြဲတမ်း ဆက်လက်တည်ရှိနေမှာပါ။ ဓာတ်ပုံပညာကို စတင်သင်ယူကတည်းက သူ့ကို သိကျွမ်းခွင့်ရခဲ့တာဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို ကံကောင်းလှပါတယ်။”




























ရာဟုရိုင် နှင့် အင်တာဗျူး
ရာဟုရိုင် နှင့် Esquire Magazine India က အင်တာဗျူး အချို့ကို ကောက်နှုတ်ဘာသာပြန် ဖော်ပြလိုက်ပါတယ်….
ဘယ်အရာတွေက ဓာတ်ပုံ တပုံကို အကောင်းဆုံးဖြစ်စေတာလဲဆိုရင် ကိုယ့်ရဲ့ စိတ်ထဲက အခြေအနေ အဖြစ်အပျက်တခုပါ ခံစားမှုနဲ့ အာရုံခံနိုင်မှု အခိုက်အတန့် တွေပါပဲ။ မင်းက ဖွဲ့စည်းပုံ (composition) နဲ့ ဓာတ်ပုံမြင်ကွင်း ကိုလိုက်ရှာတဲ့ အခါ သာမန် ဓာတ်ပုံတွေ ရမှာဖြစ်ပြီး၊ မင်းရဲ့ အခိုက်အတန့် ပေါ် အာရုံခံ ခံစားနိုင်ပြီး အဲဒီ အခိုက်အတန့် (moment) ကို ပုံဖမ်းနိုင်တဲ့အခါမှာ ပိုစွမ်းအားကြီးတဲ့ ပုံတွေကို ရလာမှာပါ။ အဲဒီပုံတွေကမှ သာမန်ထက်ပို ထူးကဲတဲ့ပုံတွေဖြစ်လာမှာ။
“တကယ်လို့ မင်းရဲ့မျက်လုံးတွေက စိတ်နောက်ကိုသာ လိုက်နေမယ်ဆိုရင် သံယောဇဉ်တွေနဲ့ အတိတ်က လွှမ်းမိုးမှုတွေက နေရာယူလာပါလိမ့်မယ်။ ဒါပေမဲ့ မင်းက လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ တကယ်ရှိနေမယ်ဆိုရင်တော့ မင်းရဲ့တုံ့ပြန်မှုဟာ သဘာဝအလျောက် အလိုအလျောက် ဖြစ်ပေါ်လာပါလိမ့်မယ်။
‘စိတ်’ လို့ခေါ်တဲ့ ဒီကွန်ပျူတာစက်ကြီးထဲမှာ ငြိမ်သက်မှုမရှိဘူးဆိုရင် ရှင်းလင်းပြတ်သားမှုဆိုတာ ရှိလာနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ စိတ်ရဲ့ ထိန်းချုပ်မှုကို အမြဲခံနေကြရတာပါ။ တစ်ခုခုလုပ်ချင်တိုင်း စိတ်က ‘ဒါကတော့ မှန်တယ်၊ ဟိုဒါကတော့ မှားတယ်’ လို့ လာပြောနေတတ်တယ်။ စိတ်ဆိုတာ ဖန်တီးနိုင်စွမ်းအတွက် အကြီးမားဆုံး အဟန့်အတားပဲ။ သူ့ကို format ရိုက်ပစ်လို့မရဘူး။ မင်းရှေ့က အခြေအနေကို တိုက်ရိုက်မြင်နိုင်ဖို့ဆိုရင် မင့်မျက်လုံးတွေကို သင့်နှလုံးသားနဲ့ ချိတ်ဆက်နိုင်အောင် ကြိုးစားရပါမယ်။
အလုပ်လုပ်နေတဲ့အချိန်မှာ ဘယ်လိုစိတ်ခံစားမှုမျိုးရဲ့ လွှမ်းမိုးမှုကိုမှ မခံရဖို့ အရေးကြီးပါတယ်။ အဲဒီလို လွှမ်းမိုးခံလိုက်ရရင် အဲဒါဟာ အနိဋ္ဌာရုံပဲဖြစ်ဖြစ်၊ အရှက်ရစရာပဲဖြစ်ဖြစ်၊ ပျော်ရွှင်မှုပဲဖြစ်ဖြစ် အဲဒီခံစားချက်က မင်းအလုပ်ထဲမှာ လာပြီးအရောင်ဟပ်နေပါလိမ့်မယ်။ သတင်းထောက်တစ်ယောက် ဒါမှမဟုတ် ဓာတ်ပုံဆရာတစ်ယောက်ရဲ့ အလုပ်က ခံစားချက်အရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို ဖမ်းယူပြီး အမှန်တရားကို ရောင်ပြန်ဟပ်ဖို့ပဲ ဖြစ်တယ်။ ကင်မရာက သင့်ကို အမြဲတမ်း ကာကွယ်ပေးပါလိမ့်မယ်။
သတင်းဓာတ်ပုံဆရာတစ်ယောက်ဖြစ်ရတာက ကျွန်တော့်အတွက် အခွင့်ထူးတစ်ခုပါပဲ။ အခြေအနေမျိုးစုံကို ချဉ်းကပ်ခွင့်ရခဲ့တယ်။ ဝန်ကြီးချုပ်တွေ၊ ဂီတပညာရှင်တွေ၊ Satyajit Ray နဲ့ မာသာထရီဇာ (Mother Teresa) တို့နဲ့ ဆုံတွေ့ခဲ့ရတယ်။ အဲဒါတွေက ကျွန်တော့်အတွက် အလွန်အားကောင်းတဲ့ အတွေ့အကြုံတွေပါပဲ။
မင်းက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးကို ဘယ်တော့မှ လက်မခံပါနဲ့။ မင်းလုပ်နိုင်တာကတော့ အနည်းငယ်လောက် တို့ထိတွန်းအားပေးရုံပဲ ရှိမှာပါ။ ကမ္ဘာကြီးက သူ့ထဲကို အသက်သွင်းပေးမယ့် ကယ်တင်ရှင်တစ်ယောက်ကို စောင့်မျှော်နေတာမဟုတ်ဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်လိုက်ပါ။ စစ်ပွဲတွေ၊ ရူးသွပ်မှုတွေ၊ အစွဲအလမ်းကြီးမှုတွေကနေ ကျွန်တော်တို့ ဘာတွေသင်ယူခဲ့ကြရသလဲ။ ကမ္ဘာကြီးက ပိုပြီးတော့ ဖျက်ဆီးအားပြင်းလာတယ်။ ထရမ့် (Trump) ကိုကြည့်ပါ၊ ပူတင် (Putin) ကိုကြည့်ပါ။ သူတို့ ဘာတွေသင်ယူခဲ့ကြသလဲ၊ ဘယ်ကနေ သင်ယူခဲ့ကြသလဲ။
လွန်ခဲ့တဲ့ အနှစ် ၅၀-၆၀ က အိန္ဒိယဟာ ကျွန်တော်တို့ဘယ်သူလဲဆိုတဲ့ ကဗျာဆန်မှုတွေကို ထုပ်ပိုးထားနိုင်ခဲ့တယ်။ အဲဒီအချိန်နဲ့ယှဉ်ရင် ဒီနေ့ခေတ် အိန္ဒိယက ပိုပြီးတော့ ရှုပ်ထွေးပရမ်းပတာနိုင်သလို အသက်မဲ့နေသလိုပါပဲ။ အစိုးရရဲ့ စီမံကိန်းအသစ်ကြီးတွေမှာ ဗိသုကာလက်ရာအရဖြစ်စေ၊ ကျွန်တော်တို့နိုင်ငံရဲ့ ကျင့်ဝတ်တန်ဖိုး (ethos) အရဖြစ်စေ ထူးခြားတဲ့လက္ခဏာရပ် ဒါမှမဟုတ် အစဉ်အလာအဆက်အစပ်တွေ ထင်ဟပ်မနေတော့ဘူး။
ပန်းချီဆရာတစ်ယောက်က သူ့ရဲ့ရှုခင်းနဲ့ လိုက်ဖက်အောင် ကောင်းကင်ကို အစိမ်းရောင် ခြယ်ချင်ခြယ်လို့ရတယ်။ သူအလိုရှိသလို အရောင်တွေကို ပေါင်းစပ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကာလာဓာတ်ပုံတစ်ပုံ ရိုက်တဲ့အခါမှာတော့ အရောင်တွေ လိုက်ဖက်သည်ဖြစ်စေ၊ မလိုက်ဖက်သည်ဖြစ်စေ ဘာကိုမှ ပြောင်းလဲလို့မရပါဘူး။ အနုပညာရှင်တစ်ယောက်က ကောင်းကင်ကို ဘာလို့ အစိမ်းရောင်ခြယ်သလဲဆိုတာ ဘယ်သူမှ မမေးကြပေမဲ့ ကျွန်တော်တို့ ဓာတ်ပုံဆရာတွေက အဲဒီလိုမျိုးလုပ်ရင်တော့ ပုံကိုပြုပြင်ဖန်တီးတယ် (manipulation) ဆိုပြီး အစွပ်စွဲခံရတတ်တယ်။ ဓာတ်ပုံတွေကို အဖြူအမည်း ပြောင်းလိုက်တာက အရောင်တွေရဲ့ ဆူညံမှုကို ဖယ်ရှားပေးရာရောက်တယ်။ ဘယ်လိုအခြေအနေ ဒါမှမဟုတ် ဘယ်လိုစိတ်ခံစားမှုမျိုးမှာမဆို အရောင်ရင့်အရောင်ဖျော့တွေက တစ်ခုနဲ့တစ်ခု ရောယှက်သွားကြပါတယ်။
ဒီဂျစ်တယ်နည်းပညာက ကျွန်တော့်အတွက်တော့ ရုတ်တရက် အံ့အားသင့်စရာ ဖြစ်ခဲ့တယ်။ ပထမဆုံးအကြိမ် ဒီဂျစ်တယ်ကင်မရာကို ကိုင်ပြီး ဓာတ်ပုံရိုက်လိုက်တဲ့အခါ ပုံကို ချက်ချင်းမြင်လိုက်ရတာ တကယ့်ကို အံ့သြစရာပဲ။ ကျွန်တော့်ရဲ့ ပထမဆုံး ၆-မီဂါပစ်ဆယ် ကင်မရာကို ဝယ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဘုံဘေ (Bombay) မြို့ကို ဓာတ်ပုံရိုက်ဖို့ တာဝန်ကြီးတစ်ခု ရခဲ့တာကို မှတ်မိနေပါသေးတယ်။ အဲဒီရိုက်ကူးရေးအတွက် ဖလင်ကို မသုံးသလောက်ပါပဲ။ ဒီဂျစ်တယ်ကို စသုံးတဲ့နေ့ဟာ ကျွန်တော် ဖလင်ကို နောက်ဆုံးသုံးခဲ့တဲ့နေ့ ဖြစ်သွားသလိုပါပဲ။
နောက်ထပ် အနှစ်တစ်ရာကြာတဲ့အခါ တစ်စုံတစ်ယောက်က ကျွန်တော့်ရဲ့ လက်ရာတွေကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယရဲ့ မြင်ကွင်းဆိုင်ရာ သမိုင်းကြောင်း အဲဒီတုန်းက ကျွန်တော်တို့ ဘယ်လိုနေထိုင်ခဲ့ကြသလဲဆိုတာကို သူတို့ မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အကယ်၍ ကောင်းမွန်တဲ့ သတင်းပညာဟာ သမိုင်းရဲ့ ပထမဆုံး မူကြမ်းဆိုရင်၊ ကောင်းမွန်တဲ့ ပုံရိပ်တစ်ခုဟာလည်း အဲဒီသမိုင်းရဲ့ ပထမဆုံး မြင်သာထင်သာရှိတဲ့ သက်သေအထောက်အထားပါပဲ။ အဲဒါကပဲ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းရဲ့ စစ်မှန်တဲ့ မြင့်မြတ်မှုပါပဲ။”

