ဘယ်သူက ပေးဆပ်နေရသလဲ
~ imjim
ရာသီဥတုတွေ အလွန်ပူပြင်းလာတဲ့အခါ၊ မုန်တိုင်းတွေတိုက်၊ ရေတွေကြီးလာတဲ့အခါ လူတွေက ညည်းတွားကြတယ်။ လူအပါအဝင် တိရစ္ဆာန်ပေါင်းစုံ နေထိုင်ကြတဲ့ ကမ္ဘာကြီးက အချက်ပြ သတင်းပို့နေတာကိုတော့ မေ့လျော့ထားကြပါတယ်။
World Environmental Day မှာ ဖော်ပြထားတဲ့အတိုင်းပါပဲ။
“ကမ္ဘာဂြိုဟ်သည်ငြင်းခုံခြင်းမပြုပါ။ညှိနှိုင်းခြင်းလည်းမပြုပါ။၎င်းသည်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း၊တောမီးများပြင်းထန်စွာလောင်ကျွမ်းခြင်း၊အပူလှိုင်းများကျရောက်ခြင်း၊ရေခဲမြစ်များအရည်ပျော်ခြင်းစသည့်အချက်ပြမှုများကိုသာပေးပို့နေပါသည်။“
မြန်မာနိုင်ငံမှာ မှတ်မှတ်ရရ လူပေါင်း သိန်းချီ သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းနောက်မှာမှ သဘာဝဘေးအန္တရာယ်နဲ့ ဆက်စပ်ပြီး သဘာဝပတ်ဝန်းကျင်ကို ဂရုပြုရမှန်း ပိုသိလာကြတယ်လို့ ယူဆနိုင်ပါတယ်။ ဒါလည်း ကောက်ရိုးမီးပါပဲ။ အကြိမ်ကြိမ် ရေကြီး၊ မြေပြို၊ မကြုံစဖူး အပူချိန်တွေ မြင့်လာပေမယ့် လူတွေကတော့ ဖြစ်တုန်းခဏ ညည်းတွားရုံပါပဲ။ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကို စူးစမ်းဖို့ စိတ်မဝင်စားကြပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနဲ့ စစ်ရေးတွေ ရှုပ်ထွေးနေချိန်မှာတော့ ပတ်ဝန်းကျင်အရေးကို ဦးစားမပေးနိုင်ကြတာလည်း အကြောင်းတစ်ခုပါ။
မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကတော့ အရင်ကလည်း ဒီလိုပါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့တစ်ခုက ဆင်တွေနဲ့ လူတွေရဲ့ ပဋိပက္ခကို ဦးစားပေးပြသလို့ မရဘူးလို့ဆိုပါတယ်။ အမှိုက်ကို ဖျာအောက် လှည်းချင်တာပါ။ ပြဿနာကို အသိအမှတ်မပြုသရွေ့ ဖြေရှင်းဖို့ကလည်း မနီးစပ်သေးပါ။ အရင်က အခုချိန်ထိ ဆေးမြီးတိုတွေနဲ့ ဖြေရှင်းရုံ၊ ပရောဂျက်ပြရုံထက် သိသိသာသာ တိုးတက်လာတာ မတွေ့မိပါ။
“Who pays the price” ဘယ်သူက ပေးဆပ်နေရသလဲဆိုတဲ့ ဓာတ်ပုံစီးရီးထဲမှာ ရန်ကုန်တိုင်းထဲက ရွာတစ်ခုအနီး ငါးနှစ်ကျော် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ပါဝင်ပါတယ်။ ဆင်တွေအတွက် တောတောင်တွေ ပြုန်းတီးလာတဲ့အခါ လူနေရွာတွေအနား အစာလာရှာရပါတယ်။ လူတွေကလည်း သူတို့ တပင်တပန်း စိုက်ပျိုးထားတဲ့ စပါး၊ ကြံတွေ ဖျက်ဆီးခံရတော့ ဒေါသထွက်ကြပါတယ်။
ဒီဒေသမှာ ဆင်ရန်ကြောက်လို့ သစ်ပင်ပေါ်မှာ ယာယီအိမ်တွေဆောက်ထားပြီး ညဘက် အိပ်ကြရပါတယ်။ လင့်စင်ပေါ်တက်ရင်း ပြုတ်ကျလို့ ခေါင်းကို ထိခိုက်မိပြီး စိတ်မနှံ့တော့တဲ့ ကလေးငယ်အကြောင်း၊ ကျောင်းစိမ်းဝတ်စုံလေး ဝတ်ထားပေမယ့် ကျောင်းသွားမယ့်လမ်းက ဝေးလံပြီး ဆင်ရန်ကြောက်ရလို့ ကျောင်းမတက်နိုင်တဲ့ ကလေးငယ်အကြောင်း၊ မြေဩဇာကောင်းလွန်းတဲ့ တောထဲက မြေမှာ စိုက်ပျိုးချင်ပေမယ့် ဆင်ရန်ကြောင့် စိုက်ပျိုးရေး မလုပ်နိုင်သူတွေအကြောင်း၊ ဆင်ကို ရန်ရှာတဲ့သူတချို့ ဆင်နင်းလို့ အသက်ဆုံးခဲ့ရတဲ့ အကြောင်းတွေ စသဖြင့် ပြောလို့ မကုန်တဲ့ အကြောင်းတွေ ရှိနေပါတယ်။
ဒီလို လူရော ဆင်တွေပါ ဒုက္ခဆင်းရဲတွေ ကြုံနေရတာဟာ သဘာဝ တောတောင်ရေမြေတွေကနေ ကိုယ်ကျိုးအတွက် အမြတ်ထုတ်နေတဲ့သူတွေကြောင့် ဖြစ်ပါတယ်။ တောတစ်ခုလုံး ပြုန်းသွားအောင်၊ တောင်တစ်ခုလုံး ပြောင်သွားအောင် တတ်နိုင်ကြတဲ့သူတွေကတော့ ချမ်းသာသွားပေမယ့် ဒေသခံရွာတွေ၊ တောရိုင်းတိရစ္ဆာန်တွေကတော့ ဒီဒဏ်ကို ပေးဆပ်နေရဆဲပါ။
ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာတော့ သဘာဝ ပတ်ဝန်းကျင် မထိခိုက်ရေး၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ပေမယ့် မြန်မာနိုင်ငံအခြေအနေနဲ့တော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။






Photographer – imjim

Jim is a Myanmar-based photographer, documentary filmmaker, and photo editor whose work explores the environment and the human stories that shape society.
He first picked up a camera during the 2007 Saffron Revolution in Yangon, capturing historic moments that sparked his passion for visual storytelling. Since 2010, he has worked with local and international newspapers and organizations, building a body of work recognized internationally for its focus on nature, environmental issues, and the social and political landscape of Myanmar.
Jim began blogging in 2006 and has recently renewed this practice, sharing reflections, knowledge, and field experiences with a wider audience. He also leads trainings in photojournalism and media literacy, both online and in person, passing on his expertise to the next generation of storytellers.
