ပဋိပက္ခများကို ပုံဖော်ခြင်း

ပဋိပက္ခများကို ပုံဖော်ခြင်း


(World Press Photo ရဲ့ See the Story 2025 အခမဲ့ ပညာရေးဆိုင်ရာ ဖြန့်ချီထုတ်ဝေမှုကနေ “Picturing conflict” ကို ကောက်နှုတ်ပြန်ဆိုထားပါတယ်။)


ပဋိပက္ခတွေဆိုတာ စစ်မျက်နှာပြင်တွေနဲ့ စစ်ပွဲဖြစ်ပွားရာဇုန်တွေမှာတင် ဖြစ်ပျက်နေတာ မဟုတ်ပါဘူး။ အခြေအနေတွေက ရှုပ်ထွေးလွန်းတာကြောင့် ပဋိပက္ခတွေကို မှတ်တမ်းတင်တဲ့အခါမှာ ရှုထောင့်အမျိုးမျိုးကနေ ချဉ်းကပ်ကြည့်ရှုနိုင်သလို မတူညီတဲ့ အချိန်ကာလတွေနဲ့ အတွေ့အကြုံတွေအပေါ်မှာလည်း အာရုံစိုက်နိုင်ပါတယ်။ ဓာတ်ပုံသမားတွေအနေနဲ့ နစ်နာသူတွေ၊ ကျူးလွန်သူတွေ ဒါမှမဟုတ် အဲ့ဒီနှစ်ဖက်ကြားမှာ ပိတ်မိနေတဲ့ သာမန်လူတွေရဲ့ နေ့စဉ်ဘဝတွေကို မှတ်တမ်းတင်ဖို့ ရွေးချယ်နိုင်ပါတယ်။ အချို့ကတော့ လူတွေကို ရိုက်ကူးမယ့်အစား အသုံးအဆောင်ပစ္စည်းတွေ ဒါမှမဟုတ် ရှုခင်းတွေကိုပဲ အလေးပေး ရိုက်ကူးကြပါတယ်။ အချို့က စစ်ပွဲဖြစ်ပွားနေတဲ့ အရှိန်အဟုန်ကို မှတ်တမ်းတင်နေချိန်မှာ အချို့ကတော့ စစ်ပွဲရဲ့ နောက်ဆက်တွဲရလဒ်တွေနဲ့ လူတွေအပေါ် ရေရှည်သက်ရောက်မှုတွေကို မှတ်တမ်းတင်ကြပါတယ်။ ၂၀၂၅ ခုနှစ် World Press Photo ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ဒီဓာတ်ပုံတွေဟာ ပဋိပက္ခနဲ့ ပဋိပက္ခအလွန် အခြေအနေတွေကို ပုံဖော်ရာမှာ အသုံးပြုတဲ့ မတူညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ နည်းဗျူဟာတွေကို ပြသနေပါတယ်။

မေးခွန်းများ

ဒီဓာတ်ပုံတွေကို ဘယ်အချိန်မှာ ရိုက်ကူးခဲ့တာလဲဆိုတာ သင် ခွဲခြားနိုင်ပါသလား (ပဋိပက္ခဖြစ်ပွားနေစဉ်လား ဒါမှမဟုတ် အပြီးမှာလား)။

ဓာတ်ပုံတစ်ပုံချင်းစီကနေ ဘယ်လိုအချက်အလက်တွေ ရရှိပါသလဲ။ အဲ့ဒီအချက်အလက်တွေကို ဘယ်လိုနည်းနဲ့ သိရှိတာလဲ။

ဘယ်ရုပ်ပုံတွေက သင့်ကို အထိမိဆုံး ချိတ်ဆက်နိုင်သလဲ၊ ဘာကြောင့်လဲ။



ကမ္ဘာပေါ်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို နားလည်ဖို့အတွက် တုန်လှုပ်ချောက်ချားစရာ ရုပ်ပုံတွေကို မြင်တွေ့ဖို့ လိုအပ်ပါသလား။

တုန်လှုပ်ချောက်ချားစရာ ရုပ်ပုံတွေ (Graphic imagery) ဟာ မတရားမှုတွေကို ထုတ်ဖော်ပြသရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီပုံတွေကို တင်ပြတဲ့အခါမှာ လေးစားမှုရှိဖို့နဲ့ နောက်ခံအကြောင်းအရာ မှန်ကန်ဖို့ လိုအပ်ပါတယ်။ တစ်ခါတရံမှာ ဒီလိုပုံတွေဟာ စစ်ပွဲရဲ့ ကြောက်မက်ဖွယ်ရာတွေကို သက်သေပြနိုင်တဲ့ ဓာတ်ပုံအထောက်အထားတွေ ဖြစ်လာသလို၊ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်တဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။

ဒီလိုပုံတွေကနေတစ်ဆင့် ဖော်ပြလိုတဲ့ အားကောင်းတဲ့ သတင်းစကားတွေအပြင် သူ့ရဲ့ ကန့်သတ်ချက်တွေနဲ့ ကျင့်ဝတ်ဆိုင်ရာ စဉ်းစားစရာတွေကိုလည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ ဥပမာအားဖြင့် ဒီပုံတွေဟာ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ဓာတ်ပုံရိုက်ကူးသူ၊ ရိုက်ကူးခံရသူနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပြင်၊ ကြည့်ရှုသူတွေမှာပါ စိတ်သောကနဲ့ စိတ်ဒဏ်ရာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အစ္စရေး၏ တိုက်ခိုက်ခြင်းခံနေရသော ဂါဇာ © Ali Jadallah, Anadolu Agency

အစ္စရေးရဲ့ တိုက်ခိုက်မှုအောက်က ဂါဇာ

Ali Jadallah

ဂါဇာမှာ စစ်ပွဲစတင်ကတည်းက အလီ ဂျာဒါလာ လိုမျိုး ဒေသခံ ဓာတ်ပုံဆရာတွေဟာ တစ်ဦးတည်းသော မျက်မြင်သက်သေတွေ ဖြစ်ခဲ့ကြပါတယ်။ သူတို့ဟာ ကိုယ့်မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆုံးရှုံးနေရတဲ့ကြားက နေ့စဉ်အခြေအနေတွေကို မနားမနေ မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီဓာတ်ပုံတွေကို ကြည့်ဖို့ ခက်ခဲနိုင်ပေမဲ့ ဒါတွေဟာ လူသားတွေ ပေးဆပ်ခဲ့ရတဲ့ ကြီးမားတဲ့ တန်ဖိုးတွေ၊ အရပ်သားတွေ ခံစားခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ဂါဇာသားတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှု အတိုင်းအတာတွေကို သက်သေထူနေတဲ့ အားကောင်းတဲ့ မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။

မြေအောက် ကွင်းဆင်းဆေးရုံ © Nanna Heitmann, Magnum Photos,
for The New York Times

မြေအောက် ကွင်းဆင်းဆေးရုံ

Nanna Heitmann

ယူကရိန်းစစ်ပွဲက သတင်းပေးပို့ချက်တွေဟာ ပဋိပက္ခရဲ့ မှတ်တမ်းနဲ့ အထောက်အထားတွေ ဖြစ်လာပါတယ်။ ဒီဓာတ်ပုံမှာတော့ ယူကရိန်းအရှေ့ပိုင်းက ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေး လူဟန့်စ် (Luhansk) “သမ္မတနိုင်ငံ” အတွက် တိုက်ခိုက်ဖို့ စုဆောင်းခံထားရတဲ့ ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရမှာပါ။ ဒီဓာတ်ပုံဟာ နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံရေးအရ ကွဲပြားမှုတွေအပေါ် မေးခွန်းထုတ်စရာ သင်္ကေတတွေ ပါဝင်နေပါတယ်။ ကြည့်ရတာ စိတ်မချမ်းမြေ့စရာ ဖြစ်နိုင်ပေမဲ့ စောင့်ရှောက်မှုနဲ့ ထိခိုက်လွယ်မှုတွေကို ပုံဖော်ထားပြီး စစ်ပွဲရဲ့ လူသားဆန်တဲ့ ရှုထောင့်ကို ဖော်ပြနေပါတယ်။

မေးခွန်းများ

ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေလဲ သိဖို့အတွက် တုန်လှုပ်ချောက်ချားစရာပုံတွေကို မြင်တွေ့ဖို့ လိုအပ်တယ်လို့ သင် ထင်ပါသလား။ ဘာကြောင့်လိုအပ်တာလဲ။ ဘာကြောင့် မလိုအပ်တာလဲ။

ဒီလိုပုံတွေကို မထုတ်ဝေခင်မှာ ဘယ်လိုအချက်တွေကို စဉ်းစားဖို့ လိုမလဲ။

ထုတ်ဝေမယ့် ပလက်ဖောင်း (ဥပမာ – The New York Times လို သတင်းစာ၊ Instagram ဒါမှမဟုတ် ပြပွဲတစ်ခုခု) ရွေးချယ်မှုအပေါ်မူတည်ပြီး အဲ့ဒီဓာတ်ပုံတွေကို မြင်တွေ့ရတဲ့ ခံစားချက် ပြောင်းလဲသွားနိုင်သလား။

ခက်ခဲကြမ်းတမ်းတဲ့ ပုံရိပ်တွေကို ဘယ်တော့မှ မပြသခဲ့ရင် ဒါမှမဟုတ် မမြင်ခဲ့ရရင် ဘာတွေ ဖြစ်လာနိုင်မလဲ။


နေ့စဉ်ဘဝမှတ်တမ်း ဓာတ်ပုံတွေက ပဋိပက္ခတွေအကြောင်းကို ဘာတွေပြောပြနိုင်သလဲ။


သတင်းမီဒီယာတွေရဲ့ လည်ပတ်ပုံ သဘာဝကြောင့် အချို့သော သတင်းတွေဟာ ပဋိပက္ခသက်တမ်း ကြာရှည်လာတဲ့အခါမှာ သတင်းဖော်ပြခံရမှု အားနည်းသွားတတ်ပါတယ်။ World Press Photo ပြိုင်ပွဲမှာပါဝင်တဲ့ ဓာတ်ပုံအတော်များများဟာ ပဋိပက္ခတွေကြားထဲက နေ့စဉ်ဘဝတွေကို ဖော်ပြနေကြပါတယ်။


အိမ်တွင် မီးခိုးနံ့များ စွဲကျန်နေ © Aliona Kardash, DOCKS Collective, for Stern Magazine

အိမ်တွင် မီးခိုးနံ့များ စွဲကျန်နေ

Aliona Kardash

ဝေဖန်ပိုင်းခြားတဲ့ မီဒီယာတွေကို ရုရှားက လက်တွေ့ကျကျ ပိတ်ပင်ထားမှုနဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နှိမ်နင်းမှုတွေဟာ အမှန်တရားနဲ့ ထပ်တူမကျတဲ့ အခြားလက်တွေ့ကမ္ဘာတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်စေပါတယ်။ ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်မှုလို့ ခေါ်မယ့်အစား ရုရှားက “အထူးစစ်ဆင်ရေး” လို့ အမည်တပ်ပြီး သူတို့ဘာသာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ဒီဇာတ်လမ်းမှာတော့ ရုရှားမှာမွေးဖွားပြီး လက်ရှိ ဂျာမနီမှာ နေထိုင်နေတဲ့ Aliona Kardash က အိမ်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်နဲ့ မတူညီတဲ့ လက်တွေ့ဘဝကို ယုံကြည်နေကြတဲ့သူတွေအပေါ် ထားရှိတဲ့ မေတ္တာတရားတို့အကြောင်းကို ပြန်လည်သုံးသပ် တင်ပြထားပါတယ်။ သူမရဲ့ ဇာတိမြို့ကို ပြန်လည်ရောက်ရှိချိန်မှာတော့ စစ်ပွဲက လူတွေရဲ့ နေ့စဉ်ဘဝတွေကို ဘယ်လိုမျိုး ပြောင်းလဲပစ်သလဲဆိုတာကို ရိုက်ကူးဖို့ ကြိုးစားခဲ့သလို လူချင်းခွဲပစ်မယ့် အင်အားစုတွေထက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးနှောင်ဖွဲ့မှုတွေက ပိုပြီး ခိုင်မာတယ်ဆိုတဲ့ ယုံကြည်ချက်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။

၂၀၂၅ ခုနှစ် World Press Photo Contest ဂျူရီလူကြီးတွေကတော့ ဒီရေရှည်စီမံကိန်းဟာ ယူကရိန်းကို အလုံးစုံကျူးကျော်ပြီးနောက်ပိုင်း ရုရှားလူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာတဲ့ အက်ကြောင်းတွေကို ကိုယ်တိုင်ကိုယ်ကျ အတွင်းကျကျ မြင်တွေ့ခွင့်ရစေတဲ့ မှတ်တမ်းတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ ဒါဟာ ရုရှားကို တစ်သားတည်းလို့ မြင်တတ်တဲ့ အမြင်မှာ လွဲချော်နေလေ့ရှိတဲ့ ရှုပ်ထွေးနက်နဲမှုတွေကို ဖော်ထုတ်ပြသနေတာလည်း ဖြစ်ပါတယ်။

ဘဝက ရပ်တန့်မသွားဘူး © Mosab Abushama

ဘဝက ရပ်တန့်မသွားဘူး

Mosab Abushama

ဆူဒန်နိုင်ငံက စစ်ပွဲဟာ ကျယ်ပြန့်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး လူပေါင်းသန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို၊ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေထဲက တစ်ခုကိုလည်း ဖြစ်ပွားစေခဲ့ပါတယ်။ ဒါပေမဲ့လည်း ပဋိပက္ခတွေ အရှိန်မြင့်လာနေချိန်မှာပဲ လူအများအပြားဟာ ဒီမငြိမ်မသက်မှုတွေကြားထဲမှာ ပုံမှန်ဘဝကို ရှာဖွေဖို့ ကြိုးစားရင်း ဘဝကို ဆက်လက်ဖြတ်သန်းနေကြပါတယ်။

Mosab Abushama ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံထဲမှာတော့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြင်ကွင်းတစ်ခုအတွင်း သေနတ်တစ်လက် ရှိနေခြင်းက ကြည့်ရှုသူကို စူးစမ်းလိုစိတ်ဖြစ်စေပြီး ပုံရိပ်ထဲကို ပိုမိုနစ်ဝင်သွားအောင် ဆွဲဆောင်နေပါတယ်။ မင်္ဂလာဆောင်တစ်ခုမှာ ရိုက်ကူးထားတဲ့ ဒီ portrait ဓာတ်ပုံဟာ လူတွေရဲ့ ထင်မြင်ယူဆချက်တွေကို စိန်ခေါ်နေပြီး စစ်ပွဲနောက်ခံကြောင့် ဖြစ်ပေါ်လာတဲ့ ယဉ်ကျေးမှုဆိုင်ရာ အလေ့အထတွေကို အတွေးပွားဖွယ်ရာ မြင်တွေ့ခွင့်ရစေပါတယ်။

မေးခွန်းများ

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ နေ့စဉ်လူနေမှုဘဝကို မှတ်တမ်းတင်ထားဖို့ ဘာကြောင့်အရေးကြီးတယ်လို့ သင်ထင်ပါသလဲ။

ဒီဓာတ်ပုံတွေထဲက ဘယ်လို မြင်ကွင်းဆိုင်ရာ အစိတ်အပိုင်း (Visual elements) တွေက သင့်ကို ထူးထူးခြားခြား သတိပြုမိစေသလဲ၊ ပြီးတော့ အဲ့ဒီအချက်တွေက ပဋိပက္ခကြားက နေ့စဉ်ဘဝရဲ့ ခံစားချက်ကို ဖော်ပြရာမှာ ဘယ်လိုမျိုး အထောက်အကူပြုသလဲ။

ဒီဇာတ်လမ်းနှစ်ခုလုံးမှာ (ဥပမာ၊ မင်္ဂလာဆောင်တစ်ခုအတွင်းက တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခိုက်အတန့်ကို ရိုက်ကူးထားခြင်း) ဓာတ်ပုံဆရာရဲ့ အချိန်ကိုက်ရွေးချယ်မှုတွေက စစ်ပွဲကာလအတွင်း နေ့စဉ်ဘဝရဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုမျိုး ဆက်သွယ်ဖော်ပြနေသလဲ။


အသုံးအဆောင်ပစ္စည်းတွေက စစ်ပွဲအကြောင်း ဘာတွေဖော်ပြနိုင်သလဲ

အမျိုးသမီးများ၏ ခန္ဓာကိုယ်သည် စစ်တလင်းများသဖွယ် © Cinzia Canneri, Association Camille Lepage

အမျိုးသမီးများ၏ ခန္ဓာကိုယ်သည် စစ်တလင်းများသဖွယ်

Cinzia Canneri

၂၀၁၇ ခုနှစ်မှာ Cinzia Canneri ဟာ Eritrea အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကနေ ထွက်ပြေးလာကြတဲ့ Eritrea အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေကို စတင်မှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း Tigray ဒေသမှာ စစ်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ သူမရဲ့ မှတ်တမ်းတင်မှုဟာ လက်နက်ကိုင်ကျူးကျော်မှုတွေကနေ ထွက်ပြေးလာကြတဲ့ Tigray အမျိုးသမီးတွေရဲ့ ဇာတ်လမ်းတွေအထိ ကျယ်ပြန့်လာခဲ့ပါတယ်။

ဒီအမျိုးသမီးအုပ်စု နှစ်ခုလုံးဟာ စနစ်တကျ ကျူးလွန်ခံရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်တဲ့ အဓမ္မကျင့်ခံရခြင်း၊ သေနတ်နဲ့ ပစ်ခတ်ခံရခြင်းနဲ့ နှိပ်စက်ညှဉ်းပန်းခံရခြင်းတို့ရဲ့ ပစ်မှတ်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချခံရမှာ ကြောက်ရွံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံ အကန့်အသတ်ရှိမှုနဲ့ သတင်းထောက်တွေ သွားလာခွင့် ခက်ခဲမှုတို့ကြောင့် ဒီအကြောင်းအရာတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြနိုင်မှု အားနည်းနေဆဲ ဖြစ်ပါတယ်။

ဒီဓာတ်ပုံထဲမှာပါတဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ အီသီယိုးပီးယား အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ENDF) ရဲ့ ထိန်းသိမ်းရေးစခန်းအဖြစ် ပြောင်းလဲခံလိုက်ရတဲ့ Martyr’s Memorial Monument ပြတိုက်အတွင်းမှာ အဓမ္မကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို ဓာတ်ပုံရိုက်ဖို့ ရွေးချယ်လိုက်ခြင်းဟာ မြင်ကွင်းဆိုင်ရာ နည်းဗျူဟာတစ်ခုကို ဖော်ပြနေတာဖြစ်ပြီး အဲ့ဒီအသုံးအဆောင်ပစ္စည်းတွေဟာ ဘယ်လောက်ပဲ တိတ်ဆိတ်နေပါစေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြတဲ့ သက်သေတွေဖြစ်တယ်ဆိုတဲ့ အယူအဆကို ထင်ဟပ်နေပါတယ်။ ဒါ့အပြင် ဒီပစ္စည်းတွေဟာ အဓမ္မကျင့်ခံရပြီး နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အသံတွေကိုလည်း ခိုင်းနှိုင်းချက်တစ်ခုအနေနဲ့ ပြန်လည်ထုတ်ဖော်ပေးနေခြင်းပဲ ဖြစ်ပါတယ်။

မေးခွန်းများ

ဒီပုံထဲမှာပါတဲ့ အသုံးအဆောင်ပစ္စည်းတွေကနေ ဘယ်လို စိတ်ခံစားမှုဆိုင်ရာ ဒါမှမဟုတ် သင်္ကေတဆိုင်ရာ အဓိပ္ပာယ်တွေကို ဖော်ထုတ်ရရှိနိုင်သလဲ။

ဓာတ်ပုံထဲက အသုံးအဆောင်ပစ္စည်းတွေဟာ ဖြစ်ရပ်တစ်ခုရဲ့ သက်သေတွေအဖြစ် ဘယ်လိုမျိုး တည်ရှိနေသလဲ၊ ပြီးတော့ ပဋိပက္ခအတွင်းက ထုတ်ဖော်မပြောဖြစ်တဲ့ ဇာတ်လမ်းတွေ ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်နေမှုတွေအကြောင်းကို ဒီပစ္စည်းတွေက ဘာတွေ ဖော်ပြနေသလဲ။

ဒီပြပွဲထဲက တခြားဘယ်လို ဇာတ်လမ်းတွေမှာ အသုံးအဆောင်ပစ္စည်းတွေကို ဇာတ်လမ်းရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သယ်ဆောင်ပေးတဲ့ သင်္ကေတတွေအဖြစ် အသုံးပြုထားတာမျိုးကို သင် တွေ့ရှိခဲ့ပါသလဲ။