(World Press Photo ရဲ့ See the Story 2025 အခမဲ့ ပညာရေးဆိုင်ရာ ဖြန့်ချီထုတ်ဝေမှုကနေ “Ethics of photography” ကို ကောက်နှုတ်ပြန်ဆိုထားပါတယ်။ မူရင်း World Press Photo က Ethics of photography (ဓာတ်ပုံ ကျင့်ဝတ်များ) လို့ ဆိုပေမယ့် အဓိကရည်ရွယ်တာကတော့ ဓာတ်ပုံသတင်းထောက်တွေနဲ့ မှတ်တမ်းဓာတ်ပုံသမားတွေကို ရည်ရွယ်တာ ဖြစ်ပါတယ်။)
ဓာတ်ပုံပညာမှာ ကျင့်ဝတ်တွေက တကယ်ကို အရေးကြီးပါတယ်။
ရုပ်ပုံတွေဟာ ကမ္ဘာကြီးအပေါ် ကျွန်တော်တို့ရဲ့ အမြင်တွေကို လွှမ်းမိုးနိုင်စွမ်း ရှိကြပါတယ်။ ရုပ်ပုံတွေကို ရိုက်ကူး မျှဝေခြင်းအားဖြင့် တခြားသူတွေက လက်တွေ့ဘဝကို ဘယ်လိုပုံစံနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမလဲဆိုတာကို ကျွန်တော်တို့က ပုံဖော်ပေးနေကြတာပါ။ ဒါဟာ ကြီးမားတဲ့ တာဝန်ယူမှု တစ်ရပ်ဖြစ်ပါတယ်။
ဒီတာဝန်ကို ကျေပွန်ဖို့ဆိုရင် သတင်းဓာတ်ပုံဆရာတွေအနေနဲ့ ရှုပ်ထွေးတဲ့ ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုတွေကို သေချာစဉ်းစား ဆုံးဖြတ်ရပါမယ်။ သတင်းအချက်အလက်ပေါ်အခြေခံတဲ့ ဆုံးဖြတ်ချက်တွေ ချရပါမယ်။အကြောင်းအရာ တစ်ခုရဲ့ နောက်ခံအခြေအနေတွေက ကျင့်ဝတ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကိုလည်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။
World Press Photo ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသူတွေအနေနဲ့ ဓာတ်ပုံထဲမှာပါဝင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ ဇာတ်လမ်းတွေကို မျှမျှတတ၊ ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစား ဖော်ပြနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ ကျင့်ဝတ်လမ်းညွှန်ချက်တွေကို လိုက်နာကြရပါတယ်။ ဒါတွေထဲမှာ လုပ်ကြံဖန်တီးထားတဲ့ ပုံတွေ ဒါမှမဟုတ် အထင်အမြင် လွဲမှားစေမယ့် ပုံရိပ်တွေကို ရှောင်ကြဉ်ဖို့၊ ဓာတ်ပုံရိုက်ခံရသူတွေဆီကနေ ကြိုတင်အသိပေးသဘောတူညီချက် ရယူဖို့၊ ထိခိုက်လွယ်တဲ့သူတွေကို ကာကွယ်ပေးဖို့၊ လွတ်လပ်စွာ ရပ်တည်ဖို့၊ ဘေးကင်းလုံခြုံရေးကို ဦးစားပေးဖို့၊ ပုံသေကားချပ် အမြင်တွေကို ရှောင်ကြဉ်ဖို့နဲ့ ဓာတ်ပုံစာသားတွေနဲ့ ဇာတ်လမ်းတွေမှာ တိကျမှန်ကန်မှုနဲ့ ပွင့်လင်းမြင်သာမှု ရှိစေဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
World Press Photo ကျင့်ဝတ်စည်းကမ်းမှာပါတဲ့ အဓိက အချက်အချို့ကတော့ –
ကြိုတင်အသိပေး သဘောတူညီချက် ရယူခြင်း (Informed consent)
မိမိတို့ရဲ့ ရုပ်ပုံတွေကို ဘယ်လိုအသုံးပြုမလဲ၊ ဘယ်လိုဖြန့်ဝေမလဲဆိုတာကို သက်ဆိုင်သူတွေက အပြည့်အဝ သိရှိထားဖို့ လိုပါတယ်။ ကြိုတင်အသိပေး သဘောတူညီချက် ရယူခြင်းကို ပုံမှန်အားဖြင့် သဘောတူညီချက် လက်မှတ်ရေးထိုးတာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ခံရသူနဲ့ စကားပြောဆို ညှိနှိုင်းတာမျိုးတွေ လုပ်ဆောင်ရပါတယ်။ အထူးသဖြင့် ထိခိုက်လွယ်တဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံတဲ့အခါ ဒါမှမဟုတ် ဓာတ်ပုံအသုံးပြုမယ့် ရည်ရွယ်ချက် ပြောင်းလဲသွားတဲ့အခါမျိုးမှာ အမြဲမပြတ် ညှိနှိုင်းနေဖို့ လိုပါတယ်။ ဥပမာ – ဒီဓာတ်ပုံကို World Press Photo ပြိုင်ပွဲကို တင်သွင်းတော့မယ်ဆိုတာကို အသိပေးတာဖြစ်ပါတယ်။
ပြင်ဆင်ဖန်တီးခြင်း (Staging)
ဓာတ်ပုံမရိုက်ခင်မှာ အခြေအနေတစ်ခုကို တမင်သက်သက် စီစဉ်တာ ဒါမှမဟုတ် ရိုက်ကူးခံရသူကို ညွှန်ကြားတာဖြစ်ပါတယ်။ ဒီလို လုပ်ကြံဖန်တီးမှုဟာ အမြဲတမ်းတော့ အထင်အမြင် လွဲမှားစေတာမျိုး မဟုတ်ပေမဲ့ ဒါကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့နဲ့ ဖန်တီးထားတာဖြစ်ကြောင်း ထုတ်ဖော်ပြောဖို့က အရေးကြီးပါတယ်။
တိကျမှန်ကန်မှု (Accuracy)
ရုပ်ပုံတွေနဲ့ ဓာတ်ပုံစာသားတွေဟာ မှန်ကန်ရပါမယ်။ အထင်အမြင်လွဲမှားစေတာမျိုး မရှိဘဲ လူပုဂ္ဂိုလ် ဒါမှမဟုတ် အစုအဖွဲ့တွေအကြောင်းကို တိတိကျကျ ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ရပါမယ်။
ပွင့်လင်းမြင်သာမှု (Transparency)
ဓာတ်ပုံသမားတွေဟာ ဘက်လိုက်မှုမရှိဘဲ ခိုင်ခိုင်မာမာ ရပ်တည်ရမှာဖြစ်သလို ပြင်ပက လွှမ်းမိုးမှုတစ်စုံတစ်ရာ ရှိခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်း ချပြရပါမယ်။
နစ်နာစေမယ့် ပုံသေကားချပ် အယူအဆများ (Harmful stereotypes)
ပုံသေကားချပ် အယူအဆတွေကို ပိုပြီး ခိုင်မာသွားစေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ရပါမယ်။ ရုပ်ပုံတွေထဲမှာ လွဲမှားစွာ ဖော်ပြမိခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေကိုလည်း သတိပြုရပါမယ်။
မေးခွန်းများ
- အထူးသဖြင့် ထိခိုက်လွယ်တဲ့သူတွေ ဒါမှမဟုတ် ကလေးတွေကို ဓာတ်ပုံရိုက်တဲ့အခါမှာ ကြိုတင်သဘောတူညီချက် ရယူဖို့ ဘာကြောင့် အရေးကြီးတာလဲ။
- ဓာတ်ပုံသမားတွေအနေနဲ့ သူတို့ မှတ်တမ်းတင်နေတဲ့ လူတွေအကြောင်းကို ဘာကြောင့် တိကျပြည့်စုံစွာ ဖော်ပြဖို့ လိုအပ်တာလဲ။
- သတင်းဓာတ်ပုံသမားတွေအနေနဲ့ သူတို့ရဲ့ လက်ရာတွေကြောင့် ရိုက်ကူးခံရသူတွေကို မရည်ရွယ်ဘဲ ထိခိုက်မှု မဖြစ်စေဖို့ ဘာတွေ လုပ်ဆောင်နိုင်မလဲ။
- ဓာတ်ပုံရိုက်ကူးတဲ့ လုပ်ငန်းစဉ်မှာ ပွင့်လင်းမြင်သာမှု ရှိဖို့က ဘာကြောင့် အရေးကြီးသလဲ၊ ပြီးတော့ တာဝန်ယူမှုကိုကော ဘယ်လို ထိန်းသိမ်းနိုင်မလဲ။
ဓာတ်ပုံဆရာတွေက သူတို့ရဲ့ လက်တွေ့လုပ်ဆောင်မှုမှာ ကျင့်ဝတ်တွေကို ဘယ်လို ကိုင်တွယ်ကြသလဲ။
ဓာတ်ပုံသမားတိုင်းမှာ မိမိတို့ကိုယ်ပိုင် ကျင့်ဝတ်စည်းကမ်းတွေ ရှိကြသလို တင်ပြမယ့် ဇာတ်လမ်းတိုင်းမှာလည်း ကျင့်ဝတ်ဆိုင်ရာ အကျပ်အတည်းတွေ ရှိနေတတ်ပါတယ်။ ဒါဟာ မှားတယ်၊ မှန်တယ်လို့ တရားသေ သတ်မှတ်လို့မရပါဘူး။ ဒီနေရာမှာတော့ ဓာတ်ပုံသမားအချို့က အဲဒီလို အကျပ်အတည်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းကျော်ဖြတ်ကြသလဲဆိုတာကို အနှစ်ချုပ် တင်ပြထားပါတယ်။
ရိုက်ကူးခံရသူတွေနဲ့ အချိန်ပေး ထိတွေ့ဆက်ဆံခြင်း
ဓာတ်ပုံဆရာ Anastasia Taylor-Lind ဟာ ယူကရိန်းနိုင်ငံကို နှစ်အတော်ကြာ သွားရောက်ခဲ့ပြီး Donbasဒေသ အရှေ့ပိုင်းက အရပ်သားတွေအပေါ် ရုရှား–ယူကရိန်း ပဋိပက္ခရဲ့ သက်ရောက်မှုတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ သူမဟာ ပြင်ပက လူတစ်ယောက်အနေနဲ့ ဒီဓာတ်ပုံစီးရီးကို သတိကြီးကြီးနဲ့ ညင်ညင်သာသာ ချဉ်းကပ်ခဲ့ပါတယ်။ သူမက “ကျွန်မအတွက် အကောင်းဆုံး နည်းလမ်းကတော့ အချိန်ပိုပေးဖို့ပါပဲ။ ဓာတ်ပုံမရိုက်ဘဲနဲ့ လူတွေနဲ့ သဘောရိုးနဲ့ ရင်းနှီးမှုတွေ တည်ဆောက်တာ၊ သူတို့ရဲ့ ဘဝတွေကို စိတ်ဝင်တစား လေ့လာတာ၊ ပြီးတော့ ဓာတ်ပုံရိုက်မယ့်အစား သူတို့ရဲ့ နေ့စဉ်ဘဝမှာ ကူညီပေးရင်းနဲ့ သူတို့ဘဝထဲကို ဝင်ရောက်တာပါ။“လို့ ပြောခဲ့ပါတယ်။

မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ပေးခြင်း
ဓာတ်ပုံရိုက်ခံရသူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သူတို့ရဲ့ ဘဝအပေါ် ဆိုးကျိုးတွေ မသက်ရောက်စေဖို့အတွက် ဓာတ်ပုံဆရာတွေဟာ သူတို့က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို တမင်တကာ ဖုံးကွယ်ထားဖို့ စဥ်းစားဆုံးဖြတ်ရပါတယ်။ ဥပမာ – Carlos Barreraရဲ့ ဓာတ်ပုံတွေမှာ ၂၀၂၂ ခုနှစ် မတ်လအတွင်း ဂိုဏ်းဂဏဖွဲ့အကြမ်းဖက်မှုတွေ မြင့်တက်လာပြီးနောက် ဒေသခံဂိုဏ်းဝင်တွေလို့ သံသယရှိခံရတဲ့ အယ်ဆာဗေးဒိုး လူမျိုးတွေအကြောင်း ဖော်ပြထားပါတယ်။ သူတို့က ဘယ်သူတွေလဲဆိုတာ သိသွားရင် ထပ်ပြီး တရားစွဲခံရတာ ဒါမှမဟုတ် လူမှုရေးအရ အပယ်ခံရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ဓာတ်ပုံဆရာက သူတို့ရဲ့ ရုပ်ပုံလွှာတွေကို ဖုံးကွယ်ဖို့ တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။

Alba (အသက် ၂၈ နှစ်)ဟာ သက်သေအထောက်အထား ဒါမှမဟုတ် ဖမ်းဝရမ်း မရှိဘဲ အမျိုးသားရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
အကျဉ်းထောင်ထဲမှာလည်း သူမဟာ နှိပ်စက်ညှင်းပန်းမှုနဲ့ အလွဲသုံးစားလုပ်မှုတွေကို ခံခဲ့ရပါတယ်။
© Carlos Barrera, NPR, El Faro
ဓာတ်ပုံမရိုက်ဘဲ နေခြင်း
ISIS တိုက်ခိုက်မှုကနေ လွတ်မြောက်လာသူတွေရဲ့ အတွေ့အကြုံတွေကို လေးစားကာကွယ်တဲ့ အနေနဲ့ ဓာတ်ပုံဆရာ Newsha Tavakolian ဟာ ဓာတ်ပုံ လုံးဝမရိုက်ဘဲ နေခြင်းကသာ သူတို့ရဲ့ ဇာတ်လမ်းတွေကို သက်သေထူဖို့ အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီအစား သူမက “ကျွန်မ တစ်ခါမှ မရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံအတွက် စကားလုံးပေါင်း တစ်ထောင်” (A Thousand Words for a Picture that I Never Took) ဆိုတဲ့ စာကို ရေးသားခဲ့ပါတယ်။ တစ်ခါတရံမှာ ဓာတ်ပုံမရိုက်ဘဲ နေခြင်းဟာ ဓာတ်ပုံရိုက်ခံရသူတွေရဲ့ ဂုဏ်သိက္ခာကို ဂုဏ်ပြုဖို့နဲ့ ထိန်းသိမ်းဖို့အတွက် အထိရောက်ဆုံး နည်းလမ်းဖြစ်နိုင်တယ်ဆိုတာကို သူမက ထောက်ပြခဲ့တာပါ။
ရုပ်ပုံဆိုင်ရာ ပုံသေကားချပ်တွေကို ရင်ဆိုင်ခြင်း
ကျွန်ုပ်တို့ ဘာတွေ လုပ်ခဲ့ကြသလဲ။
ရုပ်ပုံဆိုင်ရာ ပုံသေကားချပ် (Visual trope) ဆိုတာ ဘာလဲ။
Visual tropes ဆိုတာဟာ လူသားတွေရဲ့ အခြေအနေတွေနဲ့ ဇာတ်လမ်းတွေကို ဖော်ပြဖို့အတွက် ဓာတ်ပုံပညာမှာ မကြာခဏ အသုံးပြုလေ့ရှိတဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။ ဒါတွေဟာ အခြေအနေ၊ နေရာနဲ့ အချိန်ကာလတွေအပေါ် မမူတည်ဘဲ ပြင်းထန်တဲ့ အဓိပ္ပာယ်တွေကို ဖော်ပြပေးတတ်ပါတယ်။ ဒါကြောင့်ပဲ ဒါတွေဟာ လူသားတွေရဲ့ အခြေအနေအချို့အပေါ် ပုံသေကားချပ် အမြင်တွေနဲ့ သမားရိုးကျ ဖော်ပြချက်တွေ ဖြစ်လာခဲ့ပါတယ်။ မီဒီယာတွေနဲ့ ကျွန်တော်တို့ရဲ့ မှတ်တမ်းဟောင်းတွေထဲမှာ တွေ့ရလေ့ရှိတဲ့ visual tropes အချို့ကတော့ – ငိုကြွေးနေတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေ (ဒါဟာ အမျိုးသမီးတွေဟာ စိတ်ခံစားမှု အရမ်းများတယ်ဆိုတဲ့ ပုံသေကားချပ်ကို ပိုခိုင်မာစေပါတယ်)၊ အမျိုးသားတွေကို စွမ်းဆောင်နိုင်သူတွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေအဖြစ် ဖော်ပြတာ (ဒါက အမျိုးသားတွေကပဲ လွှမ်းမိုးထားတယ်ဆိုတဲ့ အမြင်ကို ပျံ့နှံ့စေပါတယ်)၊ ပြီးတော့ အာဖရိကတိုက်မှာဆိုရင် ဆင်းရဲဒုက္ခတွေကိုပဲ အလေးပေး ဖော်ပြတာ (ဒါက အမြဲတမ်း အကျပ်အတည်းဖြစ်နေတယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို ဖြစ်စေပါတယ်) စတာတွေပဲ ဖြစ်ပါတယ်။
World Press Photo မှတ်တမ်းထဲက Visual tropes များ
၂၀၂၅ ခုနှစ်ဟာ World Press Photo ရဲ့ အနှစ် ၇၀ ပြည့် နှစ်ပတ်လည် ဖြစ်ပါတယ်။ ဒါဟာ ၁၉၅၅ ခုနှစ်က စတင်ခဲ့တဲ့ ခရီးစဉ်ကို ပြန်လည်သုံးသပ်ဖို့ အချိန်ကောင်းပါပဲ။
ပြီးခဲ့တဲ့ အနှစ် ၇၀ အတွင်း ဆုရရှိခဲ့တဲ့ ပုံတွေဟာ ကမ္ဘာကြီးအပေါ် လူထုရဲ့ နားလည်မှုကို ဘယ်လို ပုံဖော်ခဲ့သလဲဆိုတာကို ဒီနှစ်ပတ်လည်မှာ ပြန်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်။ ဒီဓာတ်ပုံတွေနဲ့ သူတို့ရဲ့ ဇာတ်လမ်းတွေဟာ အပြောင်းအလဲတွေအတွက် အင်အားကောင်းစွာ သယ်ဆောင်ပေးခဲ့သလို၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို သတိပြုမိလာအောင်လည်း ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ မှတ်တမ်းတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာကြည့်တဲ့အခါ ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မရည်ရွယ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ရင်ဆိုင်ရပါတယ်။ ဥပမာ – ပုံသေကားချပ် အမြင်တွေကို ဆက်လက်ရှင်သန်စေတာ ဒါမှမဟုတ် အသံအချို့ကို လုံလောက်အောင် ကိုယ်စားမပြုနိုင်တာတွေ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ပြန်လည်သုံးသပ်တဲ့အနေနဲ့ World Press Photo ဟာ Cristina de Middel စီစဉ်တဲ့ “ကျွန်ုပ်တို့ ဘာတွေ လုပ်ခဲ့ကြသလဲ?” (What Have We Done?) ဆိုတဲ့ အထူးပြပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီပြပွဲဟာ သတင်းဓာတ်ပုံပညာ ဘယ်လိုတိုးတက်လာသလဲဆိုတာကိုပဲ ပြန်စဉ်းစားဖို့သာမက ကြည့်ရှုသူတွေနဲ့ နိုင်ငံသားတွေအနေနဲ့ ရုပ်ပုံတွေကို ပိုပြီး စူးစူးရှရှ ဝေဖန်ပိုင်းခြားနိုင်တဲ့ မျက်လုံးနဲ့ ဘယ်လိုကြည့်ရမလဲဆိုတာကို သင်ယူဖို့ ဖိတ်ခေါ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
ရုပ်ပုံဆိုင်ရာ ပုံသေကားချပ်တွေကို တန်ပြန်ခြင်း

အီဂျစ်နိုင်ငံ၊ Sinai တောင်ပိုင်း၊ Al-Tarfan ကျေးရွာက Nadia (အသက် ၂၀) ရဲ့ ဓာတ်ပုံ။ ၎င်းဓာတ်ပုံကို သူမနှင့် သူမ၏ ဝမ်းကွဲညီမဖြစ်သူ
Mariam (အသက် ၁၉ နှစ်) တို့ကိုယ်တိုင် ပန်းထိုးဖန်တီးထားခြင်းဖြစ်သည်။
© Rehab Eldalil
Rehab Eldalil ရဲ့ “The Longing of the Stranger Whose Path Has Been Broken) ဆိုတဲ့ လက်ရာကနေတစ်ဆင့် ပူးပေါင်းဖန်တီးတဲ့ ရုပ်ပုံဆိုင်ရာ ဇာတ်လမ်းဖော်ပြမှုဟာ ဌာနေတိုင်းရင်းသား လူမှုအသိုင်းအဝိုင်းတွေအပေါ် ထားရှိတဲ့ ပုံသေကားချပ် အမြင်တွေကို ဘယ်လို တန်ပြန်နိုင်သလဲဆိုတာ ပြသနေပါတယ်။ Jebeliya အသိုင်းအဝိုင်းဝင်တွေနဲ့ ပူးပေါင်းဖန်တီးထားတဲ့ ဒီပရောဂျက်ဟာ ခေတ်သစ်ကာလမှာ Bedouin လူမျိုးတစ်ယောက် ဖြစ်ရတာ ဘာကို ဆိုလိုသလဲဆိုတာကို ပြန်လည်သုံးသပ်ထားပါတယ်။ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းတစ်ခုအနေနဲ့ Bedouin တွေဟာ ခေတ်သစ်လူ့အဖွဲ့အစည်းနဲ့ သီးခြားဖြစ်နေသူတွေ ဒါမှမဟုတ် ခေတ်သစ်လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မီဒီယာတွေမှာ အမြင်ခံခဲ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေအထိ ခွင့်ပြုချက်မရှိဘဲ အမျိုးသားတွေ အမြင်ခံလို့ မရခဲ့တဲ့ Bedouinအမျိုးသမီးတွေရဲ့ ဇာတ်လမ်းတွေဟာလည်း အမြဲတမ်း နောက်ခံအကြောင်းအရာတွေ လွဲမှားပြီး သူတို့ရဲ့ ခွင့်ပြုချက်မပါဘဲ ပုံတွေ အသုံးပြုခံခဲ့ရပါတယ်။
ဒီပရောဂျက်မှာတော့ အဲ့ဒီပုံသေကားချပ် အမြင်တွေကို စိန်ခေါ်တဲ့အနေနဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ပုံတူဓာတ်ပုံတွေကို ပိတ်စပေါ်မှာ ပုံနှိပ်ပြီး အဲ့ဒီအမျိုးသမီးတွေကိုယ်တိုင် ပန်းထိုးဖန်တီးစေခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ ပုံရိပ်ကို သူတို့ကိုယ်တိုင် ထိန်းချုပ်ပြီး ပါဝင်ပုံဖော်နိုင်အောင် လုပ်ဆောင်ပေးတာပါ။ အမျိုးသမီးတွေက ပန်းထိုးခြင်းနဲ့ ပူးပေါင်းဆောင်ရွက်သလို၊ အမျိုးသားတွေကလည်း လက်ရေးကဗျာတွေနဲ့ ပါဝင်ကူညီခဲ့ကြပါတယ်။ Rehab Eldalil ဟာ ပူးပေါင်းဆောင်ရွက်သူတွေကို ဓာတ်ပုံတွေအပေါ် ပြန်လည် တုံ့ပြန်ခွင့်၊ ပြုပြင်ခွင့် ဒါမှမဟုတ် ဓာတ်ပုံရိုက်ကူးတဲ့ လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်ခွင့်ပေးခြင်းအားဖြင့် သူတို့ရဲ့ အတွေ့အကြုံနဲ့ သူတို့ရဲ့ မည်သူမည်ဝါဖြစ်မှုကို တိတိကျကျ ဖော်ပြခွင့်နဲ့ ပြောဆိုခွင့် အာဏာကို ပြန်လည် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
မေးခွန်းများ
- ပုံသေကားချပ် အယူအဆတွေက ဓာတ်ပုံရိုက်ခံရသူတွေအပေါ် လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေကို ဘယ်လို ပုံဖော်ပေးသလဲ။
- ဒီဓာတ်ပုံတွေထဲက ဘယ်အချက်တွေဟာ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းတွေအပေါ် ထားရှိတဲ့ ရိုးရာပုံသေကားချပ် အမြင်တွေကို စိန်ခေါ်နေတယ်လို့ ထင်ပါသလဲ။
- အပယ်ခံ လူမှုအသိုင်းအဝိုင်းတွေကို ပုံသေကားချပ်တွေနဲ့ ဖော်ပြတာကို တွန်းလှန်တဲ့နေရာမှာ ရုပ်ပုံဆိုင်ရာ ဇာတ်လမ်းဖော်ပြမှုက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ သင်ထင်ပါသလဲ။

