ရုပ်ပုံနဲ့ သတင်းအချက်အလက်တွေ အလွန်အကျွံ တွေ့မြင်နေရတဲ့အတွက် ဘယ်လိုအန္တရာယ်တွေ ရှိနိုင်လဲ။
(World Press Photo ရဲ့ See the Story 2025 အခမဲ့ ပညာရေးဆိုင်ရာ ဖြန့်ချီထုတ်ဝေမှုကနေ “What are the risks of hyper-exposure to images and information?” ကောက်နှုတ်ပြန်ဆိုထားပါတယ်။ များပြားလွန်းတဲ့ သတင်းအချက်အလက်တွေအကြောင်း၊ ဆိုးရွားလွန်းတဲ့ သတင်းတွေနဲ့ ဓာတ်ပုံတွေကို မြင်ပါများတော့ ခံစားချက်တွေ ထုံထိုင်းလာတဲ့အကြောင်း World Press Photo ရဲ့ တင်ပြချက်ကို ဝင်ရောက်ဆွေးနွေး ပေးသွားနိုင်ပါတယ်။)
ဒီနေ့ခေတ်မှာ ရုပ်ပုံနဲ့ သတင်းအချက်အလက်တွေ အဆုံးမရှိ စီးဆင်းနေခြင်းနဲ့အတူ အန္တရာယ်တွေ ပေါ်ပေါက်လာပါတယ်။ Misinformation၊ Disinformation နှင့် Malinformation တို့ ပျံ့နှံ့မှုကို အားပေးလျက်ရှိပါတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝအမြင်ကို ထိခိုက်စေနိုင်ပြီး အတွေးအခေါ်အယူအဆတွေကို လွှမ်းမိုးကာ ဒီမိုကရေစီအယူအဆကိုပါ ထိခိုက်စေပါတယ်။

(ရုပ်ပုံကို Blog ရေးသားသူ(ဘာသာပြန်သူ) ၏ စီစဥ်ညွန်ကြားချက်ဖြင့် AI မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။)
ဒီဝေါဟာရတွေရဲ့ အဓိပ္ပာယ်က ဘာလဲ၊ ဒါတွေက ကျွန်တော်တို့ရဲ့ မီဒီယာအခင်းအကျင်းကို ဘယ်လို ပုံဖော်နေတာလဲ။
Misinformation (သတင်းမှားများကို ထိခိုက်စေရန် မရည်ရွယ်ဘဲ ဖြန့်ဝေမိခြင်း)
ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မပါဘဲ မျှဝေလိုက်တဲ့ စိတ်ချရမှုမရှိ၊ မှန်ကန်မှုမရှိတဲ့ သတင်းအချက်အလက်တွေကို ဆိုလိုပါတယ်။ (ဥပမာ- နားလည်မှုလွဲမှားပြီး အချက်အလက်တစ်ခုကို အမှန်ဟု ထင်မှတ်ကာ ထပ်ဆင့် မျှဝေခြင်း)။
Disinformation (ထိခိုက်စေရန်ရည်ရွယ်ချက်ရှိရှိ သတင်းမှားများကို ဖြန့်ချီခြင်း)
ထိခိုက်နစ်နာစေလို၍ဖြစ်စေ၊ သဘောထားကွဲပြားမှုများ ဖန်တီးလို၍ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ ယုံကြည်စိတ်ချရမှု မရှိ၊ မမှန်ကန်သော သတင်းအချက်အလက်များ ဖြစ်ပါတယ်။ ဥပမာအားဖြင့်- သတင်းအတုများ (လူပုဂ္ဂိုလ် နဲ့ အစုအဖွဲ့တွေအကြောင်း မှားယွင်းနေတဲ့ အကြောင်းအရာများ)၊ Deep Fakes (လူများအား တစ်စုံတစ်ရာကို အမှန်ဟု ယုံကြည်စေရန် AI ဖြင့် ပြုပြင်ဖန်တီးထားသော ဗီဒီယို သို့မဟုတ် ရုပ်ပုံများ) တို့ ပါဝင်ပါတယ်။
Malinformation (သတင်းအချက်အလက်မှန်ကန်သော်လည်း ထိခိုက်မှုရှိစေရန်၊ အယူအဆမှားယွင်းစေရန် လုပ်ကြံဖြန့်ချီခြင်း)
မှန်ကန်သော သတင်းအချက်အလက်တွေကို အသုံးပြုထားပေမယ့် ထိခိုက်နစ်နာမှု ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်ရွယ်ချက်ရှိရှိ မျှဝေခြင်း ဖြစ်ပါတယ်။ Misinformation နဲ့ Disinformation တို့လိုမဟုတ်ဘဲ Malinformation တွေမှာ အမှန်တရား ပါဝင်သော်လည်း အန္တရာယ်ဖြစ်စေမည့် နည်းလမ်းတွေကို အသုံးပြုထားပါတယ်။ (ဥပမာ- လူတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သို့မဟုတ် ထိလွယ်ရှလွယ် အချက်အလက်များကို ဂုဏ်သိက္ခာ ထိခိုက်စေရန် သို့မဟုတ် ဒုက္ခရောက်စေရန် အများပြည်သူသို့ ဖြန့်ဝေခြင်း) ဖြစ်ပါတယ်။
Misinformation၊ Disinformation နဲ့ Malinformation တို့ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။
မှန်ကန်သည်ဟု တထစ်ချ ယုံကြည်မှု (Truth-default)
မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ရုပ်ပုံနှင့် သတင်းအချက်အလက်တွေဟာ များပြားလွန်းတာကြောင့် လူတွေဟာ သူတို့ ဖတ်ရှုရတဲ့ အရာအားလုံးကို အချက်အလက် စစ်ဆေးရန် အချိန်မရနိုင်ပါ။ ဖတ်ရှုသမျှ အရာအားလုံးဟာ ယုံကြည်စိတ်ချရပြီး မှန်ကန်တယ်လို့ လွယ်လွယ်ကူကူ လက်ခံယူဆ လိုက်နိုင်ပါတယ်။
လိမ်လည်နေသည်ဟု တထစ်ချ သံသယဝင်မှု (Deception-default)
သတင်းအချက်အလက်နဲ့ ရုပ်ပုံတွေကို အလွန်အကျွံ ကြုံတွေ့နေရတဲ့အတွက် လူတွေဟာ သူတို့ ဖတ်ရှုမြင်တွေ့ရသမျှ အရာအားလုံးကို ယုံကြည်မှု လျော့နည်းလာနိုင်ပါတယ်။ မှန်ကန်ပြီး ယုံကြည်ရတဲ့အရာတွေကို ဖတ်ရှုမြင်တွေ့နေရင်တောင် ယုံကြည်မှု ဆုံးရှုံးသွားနိုင်ပါတယ်။
မေးခွန်းများ
- ဒါတွေကို ခွဲခြားသိရှိနိုင်ဖို့ ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ။
- Misinformation၊ Disinformation နဲ့ Malinformation တစ်ခုစီအတွက် ဥပမာတွေ ရှာဖွေပါ။
- ဒါတွေ သင့်ရဲ့ လက်တွေ့ဘဝအပေါ် အမြင်ကို ဘယ်လို လွှမ်းမိုးပြီး သင့်အမြင်သဘောထားကို ဘယ်လို သက်ရောက်မှု ရှိပါသလဲ။
ဆက်လက်ဖတ်ရှုရန်
World Press Photo ပြိုင်ပွဲဆုရှင် Jonas Bendiksen က ခေတ်ပြိုင်မီဒီယာပတ်ဝန်းကျင်ရှိ သတင်းမှားများအကြောင်း သူရဲ့ စာအုပ်ကို ဖန်တီးရာမှာ ပါဝင်တဲ့ စိတ်ဝင်စားဖွယ် အလွှာပေါင်းစုံကို ရေးသားထားပါတယ်။ (မူရင်း Magnum Photos ရဲ့ လင့်ခ်က အလုပ်မလုပ်တဲ့အတွက် World Press Photo ရဲ့ လင့်ခ်ကို ထည့်သွင်းပေးထားပါတယ်။ *)
၂။ ခံစားမှုများ ထုံထိုင်းလာခြင်း (Desensitization)
မကြာသေးတဲ့နှစ်တွေမှာ သတင်းဓာတ်ပုံဆိုင်ရာ အကြောင်းအရာအများစုဟာ ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေလို ဘဝရဲ့ ပိုမိုဆိုးရွားပြီး ကြေကွဲဖွယ်ရာ အသွင်အပြင်တွေကိုသာ အာရုံစိုက်လာခဲ့ပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ အများစုဟာ ဒီလို ရုပ်ပုံတွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့နေရတာ ဖြစ်ပါတယ်။ အပျက်သဘောဆောင်သော သတင်းတွေနဲ့အဆက်မပြတ် ထိတွေ့နေရခြင်းဟာ ခံစားမှုများ ထုံထိုင်လာခြင်း(Desensitization) ကို ဖြစ်ပေါ်စေပါတယ်။
(Desensitization ဆိုသည်မှာ အပျက်သဘောဆောင်သော၊ လိုလားနှစ်ခြိုက်ခြင်း မရှိသော လှုံ့ဆော်မှုများကို အကြိမ်ကြိမ် ထိတွေ့ခဲ့ပြီးနောက် ခံစားတုန့်ပြန်မှုများ မှေးမှိန်လျော့နည်းသွားသည့် ကုသမှု သို့မဟုတ် လုပ်ငန်းစဥ်နှင့် သက်ဆိုင်သည့် စိတ်ပညာဝေါဟာရဖြစ်သည်။
ဆီလျော်အောင် ဆက်စပ်ပြန်ဆိုမယ်ဆိုရင် သတင်းဆိုးတွေကိုပဲ အဆက်မပြတ် တွေ့မြင်ကြည့်ရှုနေရတဲ့အခါ အရင်လို တုန့်ပြန်ခံစားရမှု မရှိတော့ခြင်း(ထုံထိုင်း သွေးအေးသွားခြင်း)ကို ဆိုလိုတာဖြစ်ပါတယ်။ *)
အောက်စဖို့ဒ်တက္ကသိုလ်၊ Reuters Institute ရဲ့ ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုတစ်ခုအရ လူအများအပြားဟာ သတင်းတွေကို စိတ်ဓာတ်ကျစရာတွေ၊ အဆက်မပြတ်ဖြစ်ပေါ်နေပြီး ပျင်းရိစရာကောင်းတယ်လို့ သတ်မှတ်ကာ ရှောင်ရှားလာကြကြောင်း ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းက လူဦးရေရဲ့ ၁၀ ဦးတွင် ၄ ဦးနီးပါး (၃၉%) သည် တခါတရံမှာ တမင်သက်သက် သတင်းတွေကို ရှောင်ရှားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ နှိုင်းယှဥ်ချက်အရ ၂၀၁၇ ခုနှစ်မှာ ၂၉% သာ ရှိခဲ့ပါတယ်။
ဒါ့အပြင် အပျက်သဘောဆောင်သော ရုပ်ပုံများ စဉ်ဆက်မပြတ် ဖြန့်ဝေနေခြင်းဟာ အထူးသဖြင့် ဘေးအန္တရာယ် ကျရောက်နေတဲ့ အခြေအနေမှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေကို လူသားမဆန်သော ပုံစံနဲ့ ကိုယ်စားပြုခြင်း ကို ပုံမှန်အဖြစ် ဖြစ်လာစေတဲ့၊ ဆက်လက်တည်မြဲနေစေတဲ့ အန္တရာယ်ဖြစ်လာပါတယ်။
မေးခွန်းများ
- စဉ်ဆက်မပြတ် အပျက်သဘောဆောင်တဲ့ သတင်းတွေရဲ့ ဖိစီးမှုကို ဘယ်လို ဖြေရှင်းသလဲ။
- အပျက်သဘောဆောင်တဲ့ သတင်းတွေနဲ့ ထိတွေ့မှုကို ကန့်သတ်ရန် ကြိုးပမ်းပါသလား။ ဘာကြောင့်ကန့်သတ်လဲ (သို့မဟုတ်) မကန့်သတ်လဲ။
- ဝမ်းနည်းဖွယ်ရာ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဖြစ်ရပ်များအပေါ် ခံစားမှု ထုံထိုင်းခြင်း မဖြစ်စေရန် တစ်ဦးချင်းစီအနေ ဘယ်လို တက်ကြွစွာ ခုခံတွန်းလှန်နိုင်သလဲ။
သဘောတူပါသလား ?
ပုံရိပ်တွေက လူတွေကို ဘယ်လို စဥ်းစားတွေးခေါ်ရမလဲဆိုတာ ပြောပြပါတယ်။ ပုံရိပ်တွေဟာ ပုံပျက်နေမယ်၊ ဒါမှမဟုတ် လုပ်ကြံပြုပြင်ထားမယ်၊ ပြီးတော့ ဝါဒဖြန့်ချီဖို့ အသုံးပြုမယ် အထူးသဖြင့် မတရားမှုကို တည်တံ့စေမယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ ပြဿနာတစ်ခုပါ။
Gulshan Khan, photographer
ဓာတ်ပုံပညာရှင်တွေက ခံစားမှု ထုံထိုင်းလာခြင်းကို ဘယ်လိုရင်ဆိုင်ကြလဲ။

ရွှေ့ပြောင်းနေထိုင်မှု(Migration)အပေါ် ခံစားမှု ထုံထိုင်းလျော့ပါးလာခြင်းကို ရင်ဆိုင်စိန်ခေါ်နေတဲ့ ဓာတ်ပုံဇာတ်လမ်းတစ်ခုရှိပါတယ်။ ဒါကတော့ Alejandro Cegarra ရဲ့ ၂၀၂၄ ခုနှစ် ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ရေရှည်စီမံကိန်း “နံရံနှစ်ခု” (The Two Walls) ဖြစ်ပါတယ်။
သတင်းတွေမှာ ရွှေ့ပြောင်းနေထိုင်ခြင်းကို တစ်ဦးတစ်ယောက်ချင်းရဲ့ ကိုယ်ပိုင်ဇတ်လမ်းဖြစ်စဥ်တွေကို တင်ပြမယ့်အစား မကြာခဏဆိုသလို လူတွေ ပြေးလွှား သွားလာနေတဲ့ အစုအဖွဲ့အဖြစ်သာ သရုပ်ဖော်လေ့ရှိပါတယ်။ ဓာတ်ပုံပညာရှင် Alejandro Cegarra ကတော့ ၂၀၁၇ ခုနှစ် ဗင်နီဇွဲလားကနေ မက္ကဆီကိုကို ရွှေ့ပြောင်းလာခဲ့တဲ့ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံပြီး အမေရိကန်ပြည်ထောင်စုကို မက္ကဆီကိုကတစ်ဆင့် ပြောင်းရွှေ့သွားလာသူတွေကို ခြောက်နှစ်ကျော်ကြာ မှတ်တမ်းတင်ခဲ့ပါတယ်။
(ဓာတ်ပုံရိုက်ကူးသူကိုယ်တိုင် ရွှေ့ပြောင်းအခြေချခဲ့သူဖြစ်ပေမယ့် ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ခံစားချက်တွေ မှေးမှိန် ထုံထိုင်းမသွားဘဲ ရွှေ့ပြောင်းသွားလာသူတွေကို ခြောက်နှစ်ကြာအောင် အချိန်ယူ မှတ်တမ်းရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ *)
သူဟာ အဲဒီရွှေ့ပြောင်းသူတွေနဲ့ အချိန်ပေးနေထိုင်ပြီး သူတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အတွင်းကျကျ အခိုက်အတန့်တွေ (ဥပမာ- ခရီးစဉ်တွင် ချစ်ကြိုက်သွားသော စုံတွဲကဲ့သို့) ကို နူးညံ့သိမ်မွေ့စွာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Cegarra က သူ့ရဲ့ ဓာတ်ပုံပညာကတစ်ဆင့် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိဖို့ ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ပိုမိုနားလည်မှု၊ စာနာထောက်ထားမှုနှင့် စုစည်းညီညွတ်မှု ကို မြှင့်တင်ပေးရန် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံစီမံချက်ကို ဆက်လက်ကြည့်ရှုရန်
မေးခွန်းများ
- အခြား ဘယ်လို အကြောင်းအရာတွေအပေါ်မှာ လူ့အဖွဲ့အစည်းက ခံစားမှု ထုံထိုင်းသွားပြီလို့ သင် ထင်ပါသလဲ။
- ဝမ်းနည်းဖွယ်ရာ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေသော ဖြစ်ရပ်တွေအပေါ် ခံစားမှု ထုံထိုင်းခြင်း မဖြစ်စေရန် တစ်ဦးချင်းစီအနေဖြင့် မည်သို့ တက်ကြွစွာ ခုခံတွန်းလှန်နိုင်ပါသလဲ။
(*) ပြထားတာတွေက ဘာသာပြန်သူရဲ့ ဖြည့်စွက်မှတ်ချက်တွေ ဖြစ်ပါတယ်။

