1995 မတိုင်ခင်က Hiromix လို့ခေါ်တဲ့ တိုကျိုက ဆယ်ကျော်သက်လူငယ် ကောင်မလေးတယောက် နာမည်ကို သိသူကနည်းနည်းပဲရှိဦးမှာပါ၊ ဒါပေမယ့် အဲဒီနှစ်မှာ သူရဲ့ “Seventeen Girl Days” ဓာတ်ပုံစီးရီး zine ဟာ ၁၁ ကြိမ်မြောက် “New Cosmos of Photography” ဆုကို ရရှိခဲ့ပြီးနောက်မှာ တော့ သူရဲ့ ဆန်းသစ်တဲ့ ဓာတ်ပုံအယူအဆတွေ၊ တည်းဖြတ်ပုံတွေကြောင့် နေ့ချင်း၊ ညချင်း နာမည်ကျော် ဓာတ်ပုံဆရာ တယောက်အနေနဲ့ လူငယ်ထုရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ သူမရိုက်တဲ့ ပုံတွေက အသစ်အဆန်းမဟုတ်ပေမယ့် ရှေးရိုးဆန်တဲ့ ဂျပန် ဓာတ်ပုံလောကထဲမှာ လူငယ်တယောက်ရဲ့ ပေါက်ကွဲထွက်တဲ့ အမြင်၊ ပုရိသအမြင်တွေ နဲ့ ပုံဖော်လေ့ရှိတဲ့ အမျိုးသမီးတွေရှိသင့်တဲ့ ပုံစံ ဆိုတာတွေကို ဆန့်ကျင်ပြီး ကွဲထွက်လာခဲ့တာလဲဖြစ်ပါတယ်။ သူမ ရဲ့ ဓာတ်ပုံစီးရီးက လူငယ် အမျိုးသမီးတယောက်ရဲ့ ဘဝ၊ ခံစားချက်ပေါင်းစုံကို ဓာတ်ပုံအားဖြင့် ဘာသာပြန်ပြတဲ့ လက်ရာမျိုးနဲ့ တာထွက်လာခဲ့တာပါ။

Hiromix ရဲ့ “Seventeen Girl Days” photo zine က စာမျက်နှာ ၃၆ မျက်နှာ ရှိပြီး သူမရဲ့ အထက်တန်းကျောင်းသူ တယောက်ရဲ့ နေ့စဥ်ဘဝ၊ အိမ်နေးရင်း အတွင်းခံအဝတ်အစားနဲ့ ကိုယ်ပုံပြန်ရိုက်ထားတဲ့ self-portraits တွေ၊ သူ့ အခန်းထဲက တီဗီ၊ အမွေးပွအရုပ် စတဲ့ ပစ္စည်းတွေ၊ စားလက်စ မနက်စာပန်းကန်ပုံတွေ၊ တခါတရံ ဝါးနေတဲ့ သူမရဲ့ သူငယ်ချင်းပုံတွေ၊ နေ့စဥ်ဘဝပုံတွေ၊ အမျိုးသမီးတယောက်ခံစားချက် နှင့် ပုရိသ ဓာတ်ပုံသမားတွေက အမျိုးသမီးတွေကို လိင်အသားပေး ပုံဖော်နေတဲ့ ခေတ်ကို သရုပ်ဖော်တဲ့ ပုံတွေ နဲ့ ထုတ်ထားတာပါ။ သူမရဲ့ ပုံတွေကို လျပ်တပြတ်ရိုက်ချက် (snapshot photography) လို့ အလွယ်ပြောရင် မမှန်နိုင်ပါဘူး၊ ပုံတွေက တည့်တည့်မရိုက်ထားတာ၊ အရောင်တွေက ပေါက်ကရဖြစ်နေတာ ဆိုတာတွေက ဓာတ်ပုံကို ဘယ်နေရာ၊ ဘယ်အချိန်မှာ ရိုက်သင့်တယ်၊ perfect ဖြစ်မှ ရိုက်ရမယ်ဆိုတာတွေကို တော်လှန်ထားပြီး၊ မပြည့်စုံမှုတွေကို လက်ခံပြီး အရှိတရားကိုပဲ ရိုက်ကူးထားတဲ့ အခိုက်အတန့်တွေ ဖြစ်နေတာက လူငယ်တွေ ရင်ထဲရောက်တဲ့ သူမရဲ့ visual language စတိုင်လိုဖြစ်သွားခဲ့တာပါ။

ဒီအယူအဆကို အဲဒီအချိန်က “onna no ko shashinka” (girl photographers) လို့ ခေါ်ကြပြီး Kotaro Iizawa, Yurie Nagashima တို့က ဖော်ထုတ်ခဲ့ကြတယ်ဆိုပေမယ့် Hiromix က ဒီလှုပ်ရှားမှုထဲက လူသိများတဲ့ ဓာတ်ပုံသမားတယောက်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ကင်မရာက အပေါစား point‑and‑shoot ဖလင်ကင်မရာ တလုံးသာဖြစ်ပြီး သူမှရဲ့ နေ့စဥ်ဘဝ ကို ကင်မရာနဲ့ ဒိုင်ယာရီ တခုလို မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး လုံးချင်း ဓာတ်ပုံစာအုပ် “Girls Blue” (1996) မှာတော့ သူမ ရဲ့ ဆုရ zine ထဲက ပုံတွေအပြင် အခြားပုံတွေနဲ့ စတင်ထုတ်ဝေခဲ့ပါတယ်။ “Japanese Beauty” (1997) ဓာတ်ပုံ စာအုပ်မှာတော့ သူမအကြောင်းရိုက်ထားတဲ့ self-portraits, daily life တွေမဟုတ်တော့ပဲ ကင်မရာကို တခြားဖက်ပြန်လှည့်ပြီး သူငယ်ချင်းတွေ၊ တစိမ်းတွေ၊ မော်ဒယ်တွေ စတဲ့ သူမ မြင်တာတွေကို ရိုက်ထားတဲ့ အကြောင်းဖြစ်လာပါတယ်။ ဒါပေမယ့် အရင် သူမရိုက်နေကြ စတိုင်အတိုင်း ခံစားမှုအသားပေး၊ အတွင်းကျကျပုံတွေပါပဲ။ “Hikari” (1997) စာအုပ်မှာတော့ အရင်အတိုင်း သူမရဲ့ ပုဂ္ဂလိက အတွင်းကျကျ ဒိုင်ယာရီလို ကဗျာဆန်တဲ့ self-portraits နဲ့ နေ့စဥ်ဘဝ ပုံတွေ ပြန်ဖြစ်ပါတယ်။ “Hiromix Works” (2000) သူမရဲ့ ရင့်ကျက်လာမှုနဲ့ သူမရိုက်ထားတဲ့ body works တွေကို စုစည်းထားတဲ့ စာအုပ်ဖြစ်လာပြီး၊ ဒီစာအုပ်ဟာ ဂျပန်မှာ အမြင့်ဆုံး ဓာတ်ပုံဆုဖြစ်တဲ့ the Kimura Ihei Award ဆုကို ရရှိခဲ့ပါတယ်။
Hiromix ဟာ ဖိုဝါဒ ကြီးစိုးတဲ့ သူမရဲ့ လူ့အဖွဲ့အစည်းကို တိုက်ရိုက် စိန်မခေါ်ခဲ့ပဲ သူမရဲ့ ဖရိုဖရဲဖြစ်တဲ့ ဘဝ၊ ဘဝရဲ့ အစစ်အမှန်ပုံရိပ်တွေ၊ ဆယ်ကျော်သက်ရဲ့ လွတ်လပ်တဲ့ ဘဝ တွေကို ဒိုင်ယာရီတခုလိုမှတ်တမ်းတင်ရင်း မီဒီယာနဲ့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အမျိုးသမီးပုံဆိုရင် cute ဖြစ်တဲ့ပုံ၊ လိင်အသားပေးပုံ ဖြစ်ရမယ်ဆိုတဲ့ ပညတ်တွေကို ဖောက်ထွက်ခဲ့တာပါ။ သူမရဲ့ လွမ်းမိုးမှုတွေကို ဒီနေ့ခေတ်အထိ စက္ကုအနုပညာဆိုင်ရာလက်ရာတွေမှာ တွေ့မြင်နေရဆဲဖြစ်ပြီး Instagram က Lo-fi emotional storytelling တွေ၊ အစီအစဥ်မကျတဲ့ self-portraits တွေ၊ စောင်းနေတဲ့ ပုံတွေဟာ ဒီဖက်ခေတ်လူငယ်တွေအထိ လွမ်းမိုးနေဆဲပါ။

၂၀၀၀ ခုနှစ်မှာတော့ မူယာကာမိ (Takashi Murakami) က Hiromix ရဲ့ လက်ရာတွေကို ရှီဘူယပါကို မှာလုပ်တဲ့ “SUPER FLAT” ပြပွဲမှာ ဖိတ်ခေါ်ပြသခဲ့ပါတယ်၊ ဒီပွဲမှာ Murakami, Masafumi Sanai, Chikashi Suzuki, Aya Takano, Katsushige Nakahashi လို နာမည်ကျော် ခေတ်တခေတ်မှာ အတွေးအခေါ်အသစ် နဲ့ လက်ရာအသစ်တွေ ဖန်တီးခဲ့တဲ့ အနုပညာရှင်တွေ စုပြတဲ့ပွဲပေါ့။ “SUPER FLAT” ရဲ့ manifesto ကြေငြာချက်မှာ မူယာကာမိ ကိုယ်တိုင် ရေးထားတာက “ဂျပန် ရဲ့ စက္ကုဆိုင်ရာ အနုပညာလက်ရာ ယဥ်ကျေးမှုတွေဟာ အနုပညာသင်တန်းကျောင်းတွေကလာတာမဟုတ်ဘူး၊ ဒီကျောင်းတွေမှာ အနောက်တိုင်းအမြင်နဲ့သာ သင်ကြတာဖြစ်တယ်။ Hiromix လက်ရာတွေဟာ ထူးခြားတဲ့ ဂျပန်ယဥ်ကျေးမှု body of work ဖြစ်ပြီး “2D feeling” ခံစားချက်တွေကို ပေးတယ်” လို့ ရေးသားခဲ့ပါတယ်။
















