Afghanistan: A Cry for Help | Interview with Stephanie Sinclair

Image by Stephanie Sinclair, Afghanistan, 2005
Image by Stephanie Sinclair, Afghanistan, 2005

ဓာတ်ပုံသတင်းထောက် စတက်ဖနီ ဆင်ကလဲ နှင့် စကားစမည် / PBS သတင်းဌာနမှ 2008 ခုနှစ်က ဖော်ပြခဲ့သော Interview with Stephanie Sinclair ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ဓာတ်ပုံသတင်းထောက် စတက်ဖနီ ဆင်ကလဲ (Stephanie Sinclair) သည် ၂၀၀၃ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများ၏ ဘဝဒုက္ခများကို မှတ်တမ်းတင်ခဲ့သူဖြစ်သည်။ ဤတွင် သူမသည် FRONTLINE/World မှ မီမီ ချာကာရိုဗာ (Mimi Chakarova) နှင့်အတူ အမျိုးသားကြီးစိုးသည့် လူ့အဖွဲ့အစည်း (patriarchal society) ၏ သက်ရောက်မှုများအကြောင်း ဖော်ထုတ်ထားသည်။ အာဖဂန်လူ့ အဖွဲ့အစည်းတွင် ၁၀ နှစ်အောက် မိန်းကလေးများကို လက်ထပ်ရန် ရောင်းစားကြပြီး၊ အမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်မှုနှင့် လူမှုရေးဆိုင်ရာ နှိပ်စက်မှုများမှ လွတ်မြောက်ရန်အတွက် မိမိကိုယ်ကို မီးရှို့သတ်သေခြင်း (self-immolation) ကို ပိုမိုပြုလုပ်လာကြသည်။

ဓာတ်ပုံသတင်းထောက် စတက်ဖနီ ဆင်ကလဲသည် ကျား၊ မ ကိစ္စရပ်များနှင့် လူ့အခွင့်အရေး ဆိုင်ရာ သူမ၏လုပ်ငန်းများကြောင့် လူသိများသည်။ သူမ၏လက်ရာများကို The New York Times MagazineNational GeographicTimeNewsweekMarie Claire, ဂျာမန်မဂ္ဂဇင်းများဖြစ်သည့် Geo နှင့် Stern တို့အပါအဝင် အခြားမဂ္ဂဇင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သောတစ်နှစ်တာကာလအတွင်း၊ ကလေးသူငယ်များအား အဓ္ဓမ လက်ထပ်ခြင်း နိုင်ငံတကာပြဿနာနှင့်ပတ်သက်သည့် သူမ၏လုပ်ဆောင်မှုအတွက် ဆင်ကလဲအား ယူနီဆက်ဖ်၏ တစ်နှစ်တာအကောင်းဆုံးဓာတ်ပုံဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် Alexia ဖောင်ဒေးရှင်း ပရော်ဖက်ရှင်နယ် ထောက်ပံ့ကြေး နှင့် ၂၀၀၈ ခုနှစ် လူငယ်ဓာတ်ပုံသတင်းထောက်များအတွက် Lumix ပွဲတော်မှ FreeLens ဆု တို့ကို ချီးမြှင့်ခဲ့သည်။ ဆင်ကလဲသည် ၂၀၀၀ ပြည့်နှစ်တွင် ပူလစ်ဇာဆု (Pulitzer Prize) ကိုလည်း ရရှိခဲ့သည်။


Schoolgirls in Herat, Afghanistan in 2005. Now in their early 20s, these girls may have been among the tens of thousands in this generation to attend Herat University, where more than half of its 11,000 students are women. Photo by Stephanie Sinclair.

မေးမြန်းချက်နှင့် အဖြေများ

မီမီ ချာကာရိုဗာ (Mimi Chakarova): အာဖဂန်နစ္စတန်ရှိ မိမိကိုယ်ကို မီးရှို့သတ်သေခြင်းဆိုင်ရာ ဇာတ်လမ်းကို ဘယ်လို စတင်ရိုက်ဖြစ်ခဲ့ ပါသလဲ။

စတက်ဖနီ ဆင်ကလဲ (Stephanie Sinclair): ကျွန်မ အာဖဂန်နစ္စတန်မှာ ၂၀၀၃ ခုနှစ်လောက်ကတည်းက အချိန်အကြာကြီး ဓာတ်ပုံသတင်းထောက်အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ Marie Claire မဂ္ဂဇင်းအတွက် အလုပ်လုပ်နေတုန်း အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် မီးရှို့နေတဲ့အကြောင်း ဇာတ်လမ်းတစ်ပုဒ် လုပ်ဖို့ စာမူအတောင်းခံရပါတယ်။ သူတို့ မီးရှို့ရတဲ့ အကြောင်းရင်းတွေက အမျိုးမျိုးရှိပါတယ်။ အမျိုးသမီးငယ်တစ်ယောက်ဆိုရင် သူ့ခင်ပွန်းရဲ့ တီဗီကို မတော်တဆ ပျက်အောင်လုပ်မိလို့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တာပါ။ ဒီဖြစ်ပျက်နေတာတွေကို ကျွန်မ အရမ်းစိတ်ထိခိုက်မိပြီး ဘာကြောင့် ဒီလို တွေဖြစ်နေရတာလဲဆိုတာ နားလည်ဖို့အတွက် ဒီအမျိုးသမီးတွေရဲ့ ဇာတ်လမ်းတွေကို ပိုပြီး မှတ်တမ်းတင်ချင်ခဲ့ပါတယ်။ ဒီလောက် ပြင်းထန်တဲ့ သတ်သေမှုမျိုးကို လုပ်ပြီး လွတ်မြောက်ရာကြံသွားတဲ့ အမျိုးသမီးတွေကို အရင်က ကျွန်မ မတွေ့ဖူးပါဘူး။ ဒါကြောင့် သူတို့ရဲ့ဘဝမှာ ဘာတွေများ ဒီလောက်ဆိုးရွားနေလို့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဖို့အထိ ဖြစ်သွားရတာလဲဆိုတာ သိရအောင် ကျွန်မ ထပ်ခါထပ်ခါ ပြန်သွားခဲ့ပါတယ်။

M.C.: အမျိုးသမီးတွေ ဘာကြောင့် ဒီလိုလုပ်တယ်လို့ ခင်ဗျား နားလည်ထားပါသလဲ။

S.S.: ကျွန်မက မနုဿဗေဒပညာရှင် သို့မဟုတ် ကျွမ်းကျင်သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ အမျိုးသားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးဆက် ဖြစ်ပြီး အမျိုးသမီးတွေမှာ တန်ဖိုးမရှိဘူးလို့ ထင်ရပါတယ်။ သူတို့ဟာ အခြေခံအားဖြင့် ပညာသင်ယူခွင့် မရဘဲ အိမ်တွင်းအစေခံတွေလို အလုပ်လုပ်နေရတာပါ။

M.C.: ဒါပေမဲ့ ဘာကြောင့် မိမိကိုယ်ကို မီးရှို့သတ်သေတာကို ရွေးချယ်ကြတာလဲ။

S.S.: သူတို့ပတ်ဝန်းကျင်မှာ ရှိတာကိုပဲ ရွေးချယ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သူတို့ တစ်နေကုန် ချက်ပြုတ်နေရတယ်။ ရေနံဆီဘူးတွေ ရှိတယ်။ တခြားလူ့အဖွဲ့အစည်းတွေမှာ သုံးတဲ့ ဆေးပြားတွေ ဒါမှမဟုတ် တခြားပစ္စည်းတွေကို သူတို့ လက်လှမ်းမမီပါဘူး။ သူတို့ထဲက အများစုက အသက်မရှင်နိုင်ပါဘူး။ ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းကို မီးလောင်ပြီးသွားရင် ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီအမျိုးသမီးတွေရဲ့ အများစုဟာ ရင်ဘတ်ပေါ် ရေနံဆီ လောင်းချကြတာကြောင့် ခန္ဓာကိုယ်အနှံ့ သိသိသာသာ လောင်ကျွမ်းဒဏ်ရာတွေနဲ့ အဆုံးသတ်ကြရပါတယ်။

“ကျွန်မက လူ့အဖွဲ့အစည်းတစ်ခုကို အပြစ်တင်ပြောဆိုတဲ့ ပုံစံမျိုး ဖြစ်စေချင်တာ မဟုတ်ပါဘူး။ ယဉ်ကျေးမှုတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ မငြင်းနိုင်လောက်အောင်ကို ပြင်းထန်တဲ့ ကျား-မ ကွာခြားမှု ရှိနေပြီး ဒါကို လုံးဝကို အရေးတယူ ဆောင်ရွက်ဖို့ လိုပါတယ်။”

— စတက်ဖနီ ဆင်ကလဲ

M.C.: ဒီပုံတချို့က အရမ်းရုပ်လုံးကြွပါတယ်။ ဆေးရုံ မီးလောင်ဒဏ်ရာဆောင်မှာ တွေ့ခဲ့ရတဲ့ အမျိုးသမီးတွေက ဓာတ်ပုံရိုက်ခံဖို့ ဘယ်လောက်အထိ ဆန္ဒရှိကြပါသလဲ။

S.S.: အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ဒီလိုလုပ်ပြီးတဲ့နောက်မှာ ရှက်ရွံ့ပြီး ကြောက်ရွံ့နေကြတယ် ဆိုတာကို ကျွန်မ သိပါတယ်။ တစ်ခါတုန်းကဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ ခင်ပွန်းက ကျွန်မကို ဝင်ခွင့်ပြုပြီး သူ့မိန်းမရဲ့ ဓာတ်ပုံရိုက်ဖို့ လက်ညှိုးထိုးပြခဲ့ပါတယ်။ အဲဒီလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ ခင်ပွန်းတွေ ပြောသမျှကို လိုက်နာကြရပါတယ်။ ဒါကြောင့် သူမ ဘာမှတောင် မပြောခဲ့ပါဘူး။ ကျွန်မ ရောက်နေတာကိုလည်း သူမ သိပြီး သူမခင်ပွန်းက ဓာတ်ပုံရိုက်စေချင်တယ်ဆိုတာကိုလည်း သူမ သိနေပါတယ်။

M.C.: အိမ်တွင်းအကြမ်းဖက်မှု နဲ့ပတ်သက်ပြီး အမျိုးသမီးတွေ မျှဝေခဲ့တဲ့ ဇာတ်လမ်းတွေအကြောင်း ပြောပြနိုင်မလား။

S.S.: အာဖဂန်နစ္စတန်မှာ အိမ်တွင်းအကြမ်းဖက်မှုက အရမ်းအဖြစ်များပါတယ်။ တကယ်တော့ ကျွန်မရဲ့ စကားပြန်အမျိုးသားတချို့ဆို —အရမ်းကို ကောင်းတဲ့ လူကောင်းတွေပါ—သူတို့ကို အမျိုးသမီးတစ်ဦး ဘောင်ကျော်လာရင် ဘာလုပ်မလဲလို့ မေးကြည့်တဲ့အခါ သူတို့ ဇနီးသည်တွေကို ရိုက်နှက်မယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။ ဒါက ကျေးလက်ဒေသက အိမ်တွေမှာဆိုရင် ပိုဆိုးပါတယ်။ ဒီဒေသတွေမှာ စောစီးစွာ လက်ထပ်ထိမ်းမြားခြင်းပြဿနာကို မှတ်တမ်းတင်ချင်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက မိန်းကလေးတွေဟာ အရမ်းငယ်ရွယ်တုန်း လက်ထပ်ကြရတဲ့အတွက် အိမ်ထောင်ကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို သေချာ လေ့ကျင့်မထားကြပါဘူး။ ပညာလည်း မသင်ထားရပါဘူး။ ဒါကြောင့် သူတို့ အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ကြပါဘူး။ အဲဒါကလည်း ရိုက်နှက်မှုတွေဆီကို ဦးတည်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဒီနှစ်ခုဟာ အပြန်အလှန် ဆက်စပ်နေတယ်လို့ ထင်ပါတယ်။

Women protesting the killing of three female Afghan aid workers in 2005. Photo by Stephanie Sinclair.

M.C.: အာဖဂန်နစ္စတန်ရှိ အမျိုးသမီးငယ်တွေရဲ့ နေ့စဉ်ဘဝကို ပြသထားတဲ့ ဓာတ်ပုံစီးရီးတစ်ခု ခင်ဗျားမှာ ရှိပါတယ်။ အခြေအနေတွေ ပိုကောင်းလာဖို့ ပြောင်းလဲနေတယ်လို့ ခံစားရပါသလား။

S.S.: ဓာတ်ပုံတစ်ပုံက မကြာသေးခင်ကမှ ဖွင့်လှစ်ထားတဲ့ ကာရာတေးသင်တန်း တခု ဖြစ်ပြီး ကျောင်းသူတွေနဲ့ ပြည့်နေပါတယ်။ ဓာတ်ပုံထဲက မိန်းကလေးငယ်ဟာ သင်တန်းပြီးတဲ့နောက် သူမရဲ့ နည်းပြနဲ့အတူ လေ့ကျင့်နေတာပါ။ မျှော်လင့်ချက်တော့ ရှိတယ် လို့ ကျွန်မ ထင်ပါတယ်။ ဒါပေမဲ့ ဒါဟာ အမျိုးသားရော အမျိုးသမီးပါ နှစ်ဦးစလုံးရဲ့ ကြိုးပမ်းအားထုတ်မှု လိုအပ်တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အမျိုးသမီးတွေဟာ ပညာသင်ကြားခွင့်ရှိတယ်၊ အိမ်ထဲမှာ သူတို့ကို ပြောသမျှကို အကုန်မယုံသင့်ဘူးဆိုတာကို နားလည်လာကြပါပြီ။

M.C.: ဘယ်လိုလုပ်ပြီး ဓာတ်ပုံဆရာ ဖြစ်လာတာလဲ။ စိတ်ဝင်စားတဲ့ ဇာတ်လမ်းတွေအတွက် ဒီမီဒီယာကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

S.S.: ကျွန်မရဲ့မိခင်က ပန်းချီဆရာနဲ့ ဂရပ်ဖစ်အနုပညာရှင် ဖြစ်တဲ့အတွက်ကြောင့် ကျွန်မ ဓာတ်ပုံပညာကို စတင်ခဲ့တာပါ။ သူ အလုပ်ကို ဒီလောက် ချစ်မြတ်နိုးပြီး စိတ်အားထက်သန်တာကို ကျွန်မ အမြဲ အထင်ကြီးလေးစားခဲ့ပါတယ်။ သူမ ညနက်တဲ့အထိ အလုပ်လုပ်တယ်၊ ပရောဂျက်တွေ လုပ်တယ်၊ သူမရဲ့ဘဝအတွက် အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ သူကျောင်းပြန်တက်ခဲ့တာပါ။ အစပိုင်းမှာ သူ အိမ်ရှင်မအဖြစ်နဲ့ အတွင်းရေးမှူးအဖြစ်ပဲ လုပ်ကိုင်ခဲ့ပါတယ်။ ပြီးတော့မှ သူ ကျောင်းပြန်တက်ပြီး ပန်းချီနဲ့ ဂရပ်ဖစ်ဒီဇိုင်းဆိုင်ရာ သူမရဲ့ ဝါသနာကို စတင်လေ့လာ လိုက်စားခဲ့ပါတယ်။ သူမဆီက ဒီအပြောင်းအလဲကို မြင်လိုက်ရတာက ကိုယ်ချစ်တဲ့အရာကို လုပ်တာနဲ့ အလုပ်တစ်ခုအတွက်ပဲ လုပ်တာရဲ့ ခြားနားချက်ကို တကယ်ကို တန်ဖိုးထားတတ်စေခဲ့ပါတယ်။ ကျွန်မ ငယ်စဉ်ကတည်းက သတင်းစာပညာကို စွဲလမ်းခဲ့ပေမယ့် စာရေးတာ သိပ်မကောင်းတဲ့အတွက် ပိုကောင်းတဲ့ အဖြေတစ်ခုဖြစ်မလားဆိုပြီး ကင်မရာကို ကောက်ကိုင်လိုက်တာပါ။ ပြီးတော့ ကျွန်မက ပုံဆွဲတာလည်း မကောင်းဘူး၊ အနုပညာရှင်ကောင်းတစ်ယောက်လည်း မဟုတ်ပါဘူး။ လူရုပ်လေးတောင် ကောင်းကောင်း မဆွဲတတ်ပါဘူး။ ဒါကြောင့် ဟုတ်ပါတယ်၊ ဓာတ်ပုံပညာက အံဝင်ခွင်ကျ ဖြစ်သွားခဲ့တာပါ။

M.C.: ဒီပြဿနာတွေကို မှတ်တမ်းတင်ခြင်းအားဖြင့် ဘာတွေကို ကိုင်တွယ်ဖြေရှင်းချင်ပါသလဲ။

S.S.: ကျွန်မက လူ့အဖွဲ့အစည်းတစ်ခုကို အပြစ်တင်ပြောဆိုတဲ့ ပုံစံမျိုး ဖြစ်စေချင်တာ မဟုတ်ပါဘူး။ ယဉ်ကျေးမှုတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ မငြင်းနိုင်လောက်အောင်ကို ပြင်းထန်တဲ့ ကျား-မ ကွာခြားမှု ရှိနေပြီး ဒါကို လုံးဝကို အရေးတယူ ဆောင်ရွက်ဖို့ လိုပါတယ်။ သုတေသနတွေက ပြသတာက လူ့အဖွဲ့အစည်းရဲ့ တစ်ဝက်ကို နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်အောင် ကူညီနိုင်စွမ်းကနေ ဖယ်ထုတ်လိုက်ရင် အဲဒီနိုင်ငံဟာ ဆင်းရဲဒုက္ခခံစားရလေ့ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအတွက် အခြေအနေကို ပြင်ဆင်ပေးခြင်းနှင့် သူတို့ရဲ့ အခွင့်အရေးတွေ ပေးခြင်းက တစ်ဦးချင်းစီကိုသာမကဘဲ ရပ်ရွာတစ်ခုလုံးနဲ့ နိုင်ငံတစ်ခုလုံးကိုပါ အထောက်အကူပြုစေပါတယ်။

M.C.: အာဖဂန်နစ္စတန်မှာ အလုပ်လုပ်ခဲ့စဉ်က ခင်ဗျားအတွက် ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြောင်းပြောပြနိုင်မလား။

S.S.: အာဖဂန်နစ္စတန်မှာ ကျွန်မ အလုပ်လုပ်တဲ့အခါ ခေါင်းမှုးခြုံ ပုဝါ၊ ဘူရ်ကာ (headscarf) ကို ဝတ်ဆင်ရပါတယ်။ ဘာလို့လဲဆိုတော့ ခေါင်းကိုပုဝါမအုပ်၊ မပါဘဲ လျှောက်သွားလို့ မရလို့ပါ။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာပေါ့။ တစ်ရက်မှာ ကျွန်မ ခေါင်းမိတ်က နောက်ကို လျှောကျသွားလို့ ပြန်ဝတ်နေတုန်း ဒေသခံ အမျိုးသမီးတွေက ကျွန်မဆီကနေ ပုဝါကို ဆွဲချွတ်လိုက်ပြီး ဘူရ်ကာ မခြုံထား တဲ့ပုံကို သူတို့နဲ့အတူ ဓာတ်ပုံရိုက်ချင်တာကြုံခဲ့ရပါသေးတယ်။ ကျွန်မက ဒေသက အမျိုးသမီးတွေလိုပဲ ခေါင်းသိပ်မပေါ်လွင်အောင် ဝတ်တယ်လို့ ထင်နေပေမယ့်လည်း ကျွန်မက ဘူရ်ကာ (burka) အပြည့်အစုံ ဝတ်မထားပါဘူး။ ဟီရတ် (Herat) မြို့က ပန်းခြံတစ်ခုမှာ အမျိုးသမီးတစ်စုရဲ့ ဘေးကနေ ကျွန်မ လျှောက်သွားနေတုန်း သူတို့က ဒါရီဘာသာစကားနဲ့ “အိုး၊ သူမ ဒီလို (ဘူရ်ကာမပါပဲ) လျှောက်သွားနေတာကို မယုံနိုင်ဘူး။ တကယ့်ကို ကောင်းတဲ့ ခံစားချက် ဖြစ်ရမယ်” လို့ ပြောဆိုနေကြတာကို ကြားခဲ့ရပါတယ်။

မူရင်းဆောင်းပါး – PBS သတင်းဌာနမှ 2008 ခုနှစ်က ဖော်ပြခဲ့သော Interview with Stephanie Sinclair ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။