Artist Statement ဆိုတာကို မြန်မာလို ဘယ်လိုဘာသာပြန် ရေးရမလဲဆိုတာ ကျွန်တော့်အနေနဲ့ စဥ်းစားလို့မရပေမယ့် အဓိပ္ပါယ်ကတော့ အနုပညာ ဖန်တီးထားချက်ကို ကြည့်ရှုသူတွေကို ရှင်းပြချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အနုပညာဖန်တီးချက်ကို ဘယ်လို ဖန်တီးထားတယ်၊ ဘယ်လို လှုံ့ဆော်တဲ့ ခံစားချက်ကြောင့် ဖန်တီးထားတယ်၊ ဘယ်လိုနည်းစနစ်တွေကို အခြေခံဖန်တီးထားတယ်ဆိုတာတွေ အများသိအောင်ရှင်းပြထားချက်ဖြစ်ပါတယ်။
အနုပညာ ဓာတ်ပုံပဲဖြစ်ဖြစ်၊ မှတ်တမ်း ဓာတ်ပုံမှာလဲ သဘောတရား ဆင်ပါတယ်။ သတင်းဓာတ်ပုံမှာတော့ description နှင့် သွားပြီး သတင်းစာသား၊ အချက်အလက်နဲ့သွားတာမို့ ဒီ artist statment နဲ့တော့ သဘောတရားမတူပါ။ သို့ပေမယ့် မှတ်တမ်းဓာတ်ပုံမှာတော့ ဒီအရေးအသားပုံစံနှင့် ရေးလို့ရပါတယ်၊ နှစ်ရှည်ရိုက်တဲ့ မှတ်တမ်းဓာတ်ပုံ သမားတွေကများသောအားဖြင့် ခံစားချက် အခြေခံပြီး artist ဆန်ဆန်သွားတာမို့ ဒီလို ပုဂ္ဂိုလ်ရေးဆန်ဆန်၊ ပါစင်နယ်အမြင်ခံစားချက်နဲ့ ရေးတဲ့ ဖော်ပြချက် (statement) မျိုးကို တည်းဖြတ်သူတွေ၊ ပွဲစီစဥ်သူတွေ၊ curator တွေက ပိုစိတ်ဝင်စားလေ့ရှိပါတယ်။
ဆိုတော့ artist statement ရေးမယ်ဆို အောက်ပါ အချက်တွေကို သိထားဖို့ ရေးသားလိုက်ပါတယ်။
Artist statement သည် သင်ရဲ့ biography, CV မဟုတ်ပါ
ဖန်တီးသူ၏ ကိုယ်ရေးအကျဥ်းကို CV ထဲမှာ ရေးထားပြီးသားဖြစ်တာမို့ statement မှာ ထပ်ရေးဖို့ မလိုပါဘူး၊ မဟုတ်ရင် မလိုအပ်ပဲ စာရှည်ပြီး ပရိုမဆန်ရာကျပါလိမ့်မယ်။ Statement ဟာ ဖန်တီးသူရဲ့ ဒီလက်ရာဖန်တီးဖြစ်စေခဲ့တဲ့ အတွေးအခေါ်၊ ခံယူချက်၊ အယူအဆ ကို ဖော်ပြရမှာ ဖြစ်ပါတယ်။ ဒီလက်ရာကို ဖန်တီးတဲ့ ကရိယာတန်ဆာပလာတွေကို အသေးစိတ်ရေးပြဖို့မလိုပဲ၊ ဒီ ကရိယာတွေကို ဘယ်လို အယူအဆကြောင့် သုံးတယ်ဆိုတာကို ဦးစားပေးရေးပါ။ ဥပမာ ပေးရရင် – နံရံမှာ အပေါက် ဖြစ်ဖို့ တူ နဲ့ သံ သုံးပြီး ရိုက်ထားတယ်လို့ မရေးပဲ၊ ဘာကြောင့် ဒီ နံရံမှာ အပေါက်လိုချင်တာလဲ ဆိုတာကို ဦးစားပေးရေးပါ။
Statement ဟာ ဖန်တီးမှုအယူအဆအတွက် ကျောက်ဆောင် (conceptural anchor)
သင်ရဲ့ လက်ရာပုံရိပ်များက အမြင်အာရုံဆိုင်ရာ သက်သေအထောက်အထားများကို ပေးစွမ်းနိုင်သော်လည်း၊ statement မှာ ရေးထားတဲ့ စာကမှ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ၊ “ဘာကြောင့် ဒီလိုဖန်တီးရသလဲ” ဆိုတာကို သေချာရှင်းလင်းအောင် ပြောပြနိုင်ပါတယ်။ ဒါမှသာ ဒီဖန်တီးမှုရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ကြည့်ရှုသူ၊ တည်းဖြတ်သူတွေ ပိုနားလည်လာအောင် ပြောပြနိုင်မှာ ဖြစ်ပါတယ်။
Statement အဖွင့်ကို အဓိက ကျတဲ့ မေးခွန်းတခုနဲ့ စဖွင့်ပါ
အစကို မေးခွန်းနဲ့ စပါ၊ ကိုယ့်ရဲ့ ဘဝ တသက်တာ ဖန်တီးထားမှုတွေ အကြောင်းတွေရေးပြီး မစပါနဲ့။ မေးခွန်းနဲ့ စဖွင့်ပါ ဆိုရာမှာ ဖန်တီးသူက ကိုယ့်ကိုကိုယ်ပြန်မေးရမှာပါ။ ဒီလက်ရာမှာ ကြည့်မယ့်သူတွေ အများဆုံး သိချင်မယ့် မေးခွန်းက ဘာဖြစ်မလဲ၊ ဒါက ကိုယ်တိုင် တကိုယ်ရည် ခံစားချက်လား၊ AI ၏ ကျင့်ဝတ်ဆိုင်ရာ သက်ရောက်မှုများလား၊ ရာသီဥတုပြောင်းလဲမှုအပေါ် ခံစားချက်လား၊ ဒါမှမဟုတ် မြို့ပြလူနေမှုဘဝ၏ မမြင်ရသော တည်ဆောက်ပုံများလား?
ဒီလို အဓိကကျတဲ့ မေးခွန်းနဲ့ သင့်ရဲ့ ဖန်တီးချက်ကို စရှင်းပြတာက ပြပွဲစီစဉ်သူ (Curator) တွေ ကိုယ့်လက်ရာကို ပိုစိတ်ဝင်စားလာစေမယ့် အကြောင်းအရာ ဖြစ်ပါတယ်။
ရှင်းလင်းပြတ်သားခြင်းသည်သာ အမြင့်မြတ်ဆုံးသော ခေတ်မီဆန်းသစ်မှု
ကိုယ့်လက်ရာကို တကယ့် အရေးပါတဲ့ လက်ရာတခုလိုမျိုး စွတ်ပြီး အမွှန်းမတင်ပါနဲ့။ ပြတိုက်ညွှန်ကြားရေးမှူးများကဲ့သို့သော ပရိသတ်များသည် ဟန်ဆောင်မှုထက် စစ်မှန်မှုကို ပို၍ တန်ဖိုးထားကြသည်။ ဖန်တီးပုံနည်းစနစ်ထက်၊ အတွေးအခေါ် ဆန်းသစ်မှုကို ပိုလိုချင်ကြပါတယ်။ Statement ကောင်းတခုဟာ အတွေးပါပြီး ပညာရှင်ဆန်တဲ့ ရိုးသား၊ ရှင်းလင်းမှုရှိနေရပါမယ်။ တကယ်လို့သာ စာတွေက အရမ်းကွန့်လွန်းပြီး၊ အဘိဓ္ဓာန်လှန်ဖတ်ရမယ့် စကားလုံးများ (အထူးသဖြင့် အင်္ဂလိပ်စာ) မှာ အရမ်းကွန့်ရင် စာပေါင်းများစွာကို ဖတ်ရတဲ့ curator မျိုးက ကိုယ့် လက်ရာကို ကျော်သွားနိုင်ပါတယ်။
ဒီ ၂၀၂၆ လိုကာလမှာ သင်ရွေးတဲ့ ပစ္စည်း (material) ရွေးချယ်မှုက နိုင်ငံရေး သို့ အတွေးအခေါ် တရပ်ဖြစ်နေပါပြီ
ရည်ရွယ်သည် ဖြစ်စေ မရည်ရွယ်သည် ဖြစ်စေ ဒီနေ့ခေတ်မှာ သင်ရွေးချယ်တဲ့ ပစ္စည်း၊ ဖန်းတီးပုံနည်းလမ်းက နိုင်ငံရေး သို့ မဟုတ် အတွေးအခေါ် တရပ်ဖြစ်နေပါပြီ။ ဆိုပါစို့ သင်က အဝတ်အထည်ဟောင်း တွေနဲ့ လက်ရာ တခုဖန်တီးတယ်ဆိုရင်ကို တချို့တွေက တွေးမှာက ဒါက ပြန်လည်အသုံးပြုမယ့် တပတ်ရစ် သံသရာအကြောင်းလား၊ သဘာဝ ပတ်ဝန်းကျင်ကို ပြောချင်တာလား စတွေးကြမှာပါ။
တကယ်လို့ စုတ်ပြဲလွယ်တဲ့ စက္ကူမျိုး သုံးထားတယ်ဆို အချို့တွေတွေးမှာက ထိခိုက်လွယ်မှု (Vulnerability) အကြောင်းလား သို့မဟုတ် မှတ်တမ်း မော်ကွန်း တင်ထားရစ်သော အရာများအကြောင်းလား? စသဖြင့် တွေးကြမှာပါ။
Statement တခုရေးပြီးတိုင်း ပုံသေထားမတွက်ပါနှင့် open call တိုင်း အနေအထားပေါ်မူတည်ပြီး ပြုပြင်ပါ
Statement တခုထဲနဲ့ မလုံလောက်ပါ။ ဒီလက်ရာ တခုတည်းဆိုပေမယ့် open call လျောက်တိုင်း ခေါ်စာပေါ် မူတည်ပြီး နည်းနည်းပြင်ရေးပါ။ စမ်းသပ်မှုများပြုလုပ်သော အနုပညာရိပ်သာ (Experimental Residency) အတွက် လျှောက်ထားပါက ဖန်တီးမှုလုပ်ငန်းစဉ်နှင့် မတည်ငြိမ်မှုများ၊ ဘာဆက်လုပ်ဖို့ ကျန်နေသေးလဲဆိုတာကို အသားပေးဖော်ပြပါ။ အများပြည်သူဆိုင်ရာ အနုပညာထောက်ပံ့ကြေး (Public Art Grant) အတွက် လျှောက်ထားပါက ပရိသတ်နှင့် ဘယ်လိုချိတ်ဆက်မည်၊ လူတွေကို ဘယ်လိုပြသမည် စသည်ကို အလေးပေးပါ။ သင်၏ လုပ်ဆောင်ချက်များ၊ ဖန်တီးမှုများသည် သူတို့ ခေါ်စာ၊ ရည်ရွယ်ပေးမည့် အဝန်းအဝိုင်း (Ecosystem) နှင့် အကိုက်ညီဆုံး ဖြစ်ကြောင်း ကော်မတီကို ပြသပါ။
ကိုးကား – Magazine.artinfoland.com

