ဓာတ်ပုံလောကမှာ နာမည်ကျော်ကြားလာတာနဲ့အမျှ နေရာ၊ ပါဝါ နှင့် လွှမ်းမိုးနိုင်မှုဆိုတဲ့ အရာတွေက လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ အဆိုပါဓာတ်ပုံသမားဆီကို ရောက်လာလေ့ရှိပါတယ်။ ဒီစွမ်းအား နှင့် အခွင့်အရေးကို အချို့က အများအတွက်၊ အသံမထွက်နိုင်တော့တဲ့ အဖိနှိပ်ခံတွေအတွက် အသုံးချပေးတာမျိုးရှိသလို၊ တချို့ကျတော့လည်း ဒီရလာတဲ့နေရာ၊ ပါဝါ နှင့် လွှမ်းမိုးနိုင်မှုကို အသုံးချပြီး တကိုယ်ရည်ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြတဲ့ အဖြစ်အပျက်ဆိုးတွေ ဓာတ်ပုံလောကမှာလည်း အများကြီး ဖြစ်ပျက်ခဲ့ဖူးပါတယ်။ အဲဒီထဲကမှ ဒီရလာတဲ့ပါဝါကို အသုံးချပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ကြတဲ့သူတွေနဲ့ သူတို့ရဲ့အဖြစ်အပျက်တွေအကြောင်း သင်ခန်းစာယူနိုင်ဖို့၊ ကိုယ်တိုင်လည်း ဆင်ခြင်နိုင်ဖို့၊ အနိုင်ကျင့်ခံရခဲ့ရင် ပြန်တုံ့ပြန်ဖို့ ခွန်အားဖြစ်စေဖို့နဲ့ ဆက်သွယ်တိုင်ကြားနိုင်တဲ့အဖွဲ့အစည်းတွေအကြောင်း ဒီဆောင်းပါးမှာ ပါဝင်ပါတယ်။
David Alan Harvey
၀၁၇ လောက်မှာ သတင်းစာ နှင့် မှတ်တမ်းဓာတ်ပုံလောကမှာလည်း အခြားရပ်ဝန်းတွေလို #MeToo movement လို့ခေါ်တဲ့ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုတွေအတွက် ဖိနှိပ်ခံရသူတွေဆီက အသံတွေထွက်လာခဲ့ပါတယ်။ အဲဒီထဲမှာတော့ ဓာတ်ပုံလောကထဲက ဒေးဗစ်အလန်ဟာဗေး (David Alan Harvey) ရဲ့နာမည်လည်း အမြတ်ထုတ်ခဲ့သူ တယောက်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။ အလန်ဟာဗေးဟာ အဲဒီအချိန်က ကမ္ဘာနာမည်အကျော်ကြားဆုံး သတင်းမှတ်တမ်းဓာတ်ပုံဌာန Magnum Photos ရဲ့ နှစ်ရှည်အဖွဲ့ဝင်တယောက်ပါ။
#MeToo movement အရှိန်မြင့်လာခဲ့တဲ့အချိန်မှာပဲ အလန်ဟာဗေးရဲ့အမြတ်ထုတ်မှု၊ မဖွယ်မရာထိတွေ့မှုတွေအကြောင်းကို အမျိုးသမီးသတင်းသမား ၁၁ ယောက်က သက်သေခံထုတ်ပြောလာခဲ့တာပါ။ အလန်ဟာဗေးဟာ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံက တက်သစ်စအမျိုးသမီးသတင်းသမားတွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြောတာ၊ မထိတထိလုပ်တာနဲ့ သင်ခန်းစာမှတ်ချက်ပေးတဲ့အခါ အနှောင့်အသွားမလွတ်တဲ့စကားများပြောခြင်း၊ ဗီဒီယိုကော (Video call) နဲ့ စကားပြောတဲ့အခါ မဖွယ်မရာပြသခြင်းတွေ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ အလန်ဟာဗေးရဲ့ဒီလိုသင်တန်းသူတွေ၊ ဓာတ်ပုံအရိုက်ခံရတဲ့သူတွေအပေါ်မှာ မဖွယ်မရာဆက်ဆံပုံတွေဟာ အစောဆုံးအနေနဲ့ ၂၀၀၉ ခုနှစ်ကတည်းက Magnum Photos ကို တိုင်ကြားခဲ့သူတွေရှိခဲ့ပေမဲ့ အေဂျင်စီအနေနဲ့ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ Magnum အနေနဲ့လည်း ၁၉၈၉ တုန်းက ဘန်ကောက်မှာ အလန်ဟာဗေးရိုက်ထားတဲ့ဓာတ်ပုံမော်ကွန်းထဲမှာ အသက်မပြည့်သေးတဲ့ ဝတ်လစ်စလစ်ကလေးပုံတွေပါ ပါဝင်နေတာကို ဖြုတ်ပစ်ဖို့ မလုပ်ခဲ့တာကို တွေ့ရှိခဲ့ကြပါသေးတယ်။
#MeToo movement ကနေ ထွက်ပေါ်လာတဲ့တရားလိုတွေရဲ့ ထုတ်ဖော်သံတွေကြောင့် Columbia Journalism Review လိုအဖွဲ့တွေက စုံစမ်းမှုတွေပြုလုပ်ခဲ့ပြီး ၂၀၂၀ မှာ အလန်ဟာဗေးဟာ တကယ်ကျူးလွန်ခဲ့ကြောင်း ကြေညာချက် နှင့် ထုတ်ပြန်ချက်တွေ ထွက်ရှိခဲ့ပါတယ်။ Magnum Photos အနေနဲ့လည်း သီးခြားစုံစမ်းပေးမယ့်ဥပဒေအဖွဲ့ တဖွဲ့ကို ငှားရမ်းခဲ့ပြီး စုံစမ်းမှုတွေ အဲဒီအခါမှ စလုပ်ခဲ့ပြီး ၂၀၂၁ မှာ စုံစမ်းတွေ့ရှိချက်အနေနဲ့ အလန်ဟာဗေးအနေနဲ့ အဆိုပါစွပ်စွဲချက်တွေကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ အေဂျင်စီရဲ့အဖွဲ့ဝင်စုံညီရဲ့ မဲပေးပြီး ထုတ်မထုတ် မဆုံးဖြတ်ရခင်မှာပဲ အလန်ဟာဗေးက သူကိုယ်တိုင်အေဂျင်စီကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ ဟာဗေးဟာ ဒီစွပ်စွဲချက်တွေအပေါ် မကျူးလွန်ခဲ့ကြောင်း ငြင်းဆန်နေခဲ့ပါတယ်။
ဒီလိုဖိနှိပ်ခံခဲ့ရသူတွေရဲ့ ထုတ်ဖော်ပြောကြားချက်တွေ၊ စုံစမ်းတွေ့ရှိချက်တွေကြောင့် ဟာဗေးဟာ Magnum Photos မှ ထွက်ခဲ့ရသလို၊ သူဓာတ်ပုံရိုက်ကူးပေးနေကျ National Geographic magazine စတဲ့ သတင်းစာ၊ မဂ္ဂဇင်းတွေမှ အလုပ်များလည်း ရပ်ဆိုင်းခံခဲ့ရပါတယ်။ Fujifilm က ကင်မရာကြော်ငြာ နှင့် ထောက်ပံ့ပေးတာတွေလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်၊ ကြော်ငြာလည်း အွန်လိုင်းပေါ်က ဖယ်ရှားခဲ့ပါတယ်။ အလန်ဟာဗေးတည်ထောင်ထားတဲ့ မဂ္ဂဇင်း၊ Blind မဂ္ဂဇင်းကိုလည်း ဓာတ်ပုံသမားများ သပိတ်မှောက်တာခံခဲ့ရပြီး လက်ရှိမှာတော့ ဓာတ်ပုံလောကရဲ့ အကျဉ်းခံအနေအထားနဲ့ ဖြတ်သန်းနေရပါတယ်။
Antonin Kratochvil
အန်တိုနင် ကရာတိုချ်ဗီးလ်ဟာ ဂုဏ်သိက္ခာရှိတဲ့ဓာတ်ပုံဌာနတခု ဖြစ်တဲ့ VII Photo Agency မှ ဓာတ်ပုံဆရာတဦးဖြစ်ပြီး၊ #MeToo လှုပ်ရှားမှုမှာ ဖိနှိပ်ခံရသူတွေရဲ့အသံကြောင့် စုံစမ်းစစ်ဆေးခံခဲ့ရတဲ့ မှတ်တမ်းဓာတ်ပုံဆရာတဦး ဖြစ်ပါတယ်။ သူက အခြားအလုပ်ဆိုလျှင် နာမည်ကျော်တဲ့ Eddie Adams Workshop မှာလည်း နည်းပြဆရာတဦး ဖြစ်ပါတယ်။ အစပိုင်းတွေမှာလည်း သူ့ရဲ့ဂုဏ်သိက္ခာနဲ့ မလိုက်တဲ့လုပ်ရပ်တွေအတွက် တိုင်ကြားမှုတွေရှိခဲ့ပေမဲ့ VII ရော Eddie Adams Workshop ရောက စုံစမ်းဖော်ထုတ်အရေးယူမှု မရှိခဲ့ခြင်းတွေက သူ့အတွက် အကာအကွယ်တွေရခဲ့ပြီး၊ သူ့ရဲ့အရှိန်အဝါကိုသုံးပြီး ဒီလုပ်ရပ်တွေကိုပဲ ဆက်လက်ကျူးလွန်ခဲ့ဖို့ အခြေအနေတရပ် ဖြစ်ခဲ့ပါတယ်။ အဖွဲ့အစည်း၊ ဌာန နှင့် စနစ်တွေရဲ့ ဘက်လိုက်မှု၊ အရှိန်အဝါကြီးသူတွေကို ပစားပေးမှုတွေက ဒီလိုလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူတွေအတွက် အခြေအနေကောင်းတစ်ရပ် ဖြစ်နေခဲ့တာပါ။
အန်နစတာရှာ တေလာလင်း (Anastasia Taylor-Lind) ဟာ သတင်းဓာတ်ပုံ နှင့် မှတ်တမ်းဓာတ်ပုံတွေကို စိတ်ဝင်တစားလေ့လာခဲ့ပြီး ပုရိဿတွေကြီးစိုးတဲ့ ဒီသတင်းဓာတ်ပုံလောကကို ဝင်လာတဲ့အခါ သူမရဲ့ရွှေအိုရောင်ဆံပင်ကို အတိုညှပ်ပြီး အညိုရောင်ဆိုး၊ မိတ်ကပ်မလိမ်း၊ အဝတ်အစားကိုလည်း ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန် မပေါ်မယ့် အမျိုးသားဆန်ဆန်ဝတ်ပြီး နေခဲ့ပေမဲ့လည်း အန်တိုနင်လိုလူရဲ့ အနိုင်ကျင့်မှုက မလွတ်ခဲ့ပါဘူး။ တေလာလင်းဟာ VII Photo ရဲ့အဖွဲ့ဝင်ဖြစ်လာပြီးနောက်မှာ ၂၀၁၄ ခုနှစ် အဖွဲ့ဝင်တွေ နှစ်စဉ်တနှစ်တခါ တွေ့ဆုံတဲ့အစည်းအဝေးမှာ အန်တိုနင်ရဲ့ ဗလက္ကာယလုပ်ခြင်းခံရတယ် လို့ ထုတ်ပြောလာခဲ့ပါတယ်။ တေလာလင်းဟာ အဲဒီအချိန်က အစည်းအဝေးခဏနားချိန်မှာ စကတ်အရှည်ဝတ်ထားပြီး ပြတင်းပေါက်နားရပ်နေစဉ် အန်တိုနင်ရောက်လာပြီး တမင်သက်သက် တင်ပါးကိုလာကိုင်တယ်လို့ ပြောပါတယ်။ သူမအနေနဲ့ ရုတ်တရက်ကြောင်နေခဲ့ပြီးနောက် လက်ကိုတွန်းဖယ်ပြီး ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

သူမအနေနဲ့ အဲဒီအကြောင်းကို အခြားဓာတ်ပုံဆရာတဦးကိုလည်း ပြောပြခဲ့တဲ့အခါ အန်တိုနင်ဟာ လူအများရှေ့မှာလည်း အမျိုးသမီးဓာတ်ပုံဆရာတွေကို မထိတထိစကားနဲ့ စသလို၊ နောက်သလိုပြောလေ့ရှိကြောင်း ကြားသိခဲ့ရပါတယ်တဲ့။ အန်တိုနင်ဟာ တေလာလင်းတင်မဟုတ်ဘဲ အဲဒီအချိန်က VII အဖွဲ့ဝင်တဦး ဖြစ်နေသေးတဲ့ စတက်ဖနီ စင်ကလဲ (Stephanie Sinclair) ကိုလည်း ၂၀၀၈ ခုနှစ်က နယူးယောက်ကကော်ဖီဆိုင်မှာ ဆုံစဉ်က မဖွယ်မရာစကားတွေပြောခဲ့ပြီး၊ အလိုမတူဘဲ နှုတ်ခမ်းကိုနမ်းဖို့ လုပ်ခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ စင်ကလဲက ဒီအကြောင်းတွေကို အခြား VII အဖွဲ့ဝင်တွေဖြစ်တဲ့ Andrea Bruce နဲ့ Marcus Bleasdale တို့ကိုလည်း ပြောပြသတင်းပို့ခဲ့ဖူးတယ်လို့ ပြောပါတယ်။ အခြားအမည်မဖော်လိုသူ ဓာတ်ပုံသတင်းထောက်အမျိုးသမီးတစ်ဦးကလည်း ၂၀၀၅ တုန်းက ဓာတ်ပုံပွဲတော်တခုမှာ အန်တိုနင်နဲ့ဆုံစဉ်က မဖွယ်မရာစကားတွေ ပြောခြင်းခံခဲ့ရဖူးတယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။
VII Photo ဌာနရဲ့ ကနဦးတည်ထောင်သူအဖွဲ့ဝင်တဦး လည်းဖြစ်၊ World Press Photo ဆုများလည်း ရရှိထားသူ အန်တိုနင်ဟာ အစပိုင်းမှာ သတင်းဓာတ်ပုံလောကရဲ့ ပစားပေးမှုနဲ့ သူ့အရှိန်အဝါကြောင့် စုံစမ်းစစ်ဆေးမှုတွေက ကင်းလွတ်ခွင့်ရနေပေမဲ့ နောက်ပိုင်းမှာ Columbia Journalism Review နှင့် အခြား #MeToo movement တွေကြောင့် အများအာရုံပြန်စိုက်ခံခဲ့ရပြီး၊ စွပ်စွဲခံရမှုတွေ တကျော့ပြန်ပေါ်လာတဲ့အခါ VII Photo အနေနဲ့ သီးခြားစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ သူ့ကိုအဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ခဲ့ပါတယ်။ CJR က အန်တိုနင်ကို စာပို့မေးမြန်းတဲ့အခါမှာလည်း အန်တိုနင်က စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း၊ သူ မလုပ်ခဲ့ကြောင်း ငြင်းချက်ထုတ်ခဲ့ပါတယ်။ VII agency ကတော့ ၂၀၁၇ ကစပြီး ဖွဲ့စည်းပုံအသစ်နဲ့ အမျိုးသမီးသီးသန့်ပါဝင်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ လိင်အမြတ်ထုတ်မှု တားဆီးနိုင်မယ့်ဖွဲ့စည်းမှု၊ မူဝါဒ နှင့် စည်းကမ်းများထုတ်ပြီး ကာကွယ်မယ်လို့ ထုတ်ပြန်ပါတယ်။
Christian Rodriguez
အလွတ်တမ်းဓာတ်ပုံဆရာ ရိုဒရီဂွတ်စ် (Christian Rodriguez) ဟာ Pictures of the Year Latin America (POY Latin) နှင့် National Geographic magazine တွေမှာ ဓာတ်ပုံတွေအမြဲဖော်ပြခံရသူတဦးဖြစ်ပြီး၊ သူဟာလည်း ဓာတ်ပုံပညာ နဲ့ နာမည်ကျော်မှုအရှိန်အဝါကိုအသုံးချပြီး တက်သစ်စလူငယ်ဓာတ်ပုံဆရာအမျိုးသမီးတွေကို စကားအားဖြင့် မဖွယ်မရာပြောဆိုသူလို့ စွပ်စွဲခံရသူဖြစ်ပါတယ်။ အမျိုးသမီး ၈ ယောက်ထက်မနည်းဟာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်အများစုဟာ ဓာတ်ပုံဆရာရိုဒရီဂွတ်စ်က တက်သစ်စအမျိုးသမီးဓာတ်ပုံဆရာငယ်တွေကို လက်ထောက်အနေနဲ့ အနီးကပ်ပညာသင်ခွင့်ပေးမယ်၊ သို့မဟုတ် တဦးချင်း မန်တာ (Mentor) လုပ်ပေးမယ်လို့ ကမ်းလှမ်းပြီး လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြောဆိုခြင်း၊ အတူအိပ်ဖို့ဖျားယောင်းသွေးဆောင်ခြင်း၊ ဝတ်လစ်စလစ်ဓာတ်ပုံအရိုက်ခံဖို့တောင်းဆိုခြင်းတို့ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၈ မှာတော့ သူ့ရဲ့အပြုအမူတွေကို Nat Geo မဂ္ဂဇင်းရဲ့ဓာတ်ပုံဌာနအကြီးအကဲဖြစ်သူ အမျိုးသမီးတည်းဖြတ်ဆရာ ဆာရာ လင်း (Sarah Leen) ဆီကို စာပို့တိုင်တန်းတာတွေရှိခဲ့ပြီးတဲ့နောက် Nat Geo မဂ္ဂဇင်းက ဓာတ်ပုံဆရာရိုဒရီဂွတ်စ်နဲ့ အလုပ်တွဲလုပ်မှာ မဟုတ်တော့တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
Patrick Witty
ပတ်ထရစ် ဝစ်တီ (Patrick Witty) ဟာ ဓာတ်ပုံတည်းဖြတ်အယ်ဒီတာတဦးဖြစ်ပြီး New York Times လိုသတင်းဌာနတွေမှာပါ အရင်ကအလုပ်လုပ်ခဲ့ဖူးတာပါ။ သူ့ကိုစွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တဲ့ ၂၀၁၈ #MeToo လှုပ်ရှားမှုအချိန်က သူက National Geographic မဂ္ဂဇင်းမှာ ဓာတ်ပုံတည်းဖြတ်အလုပ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ သူဟာ အရင်က Eddy Adams Workshop မှာလည်း သင်ကြားရေးဆရာအနေနဲ့ ဖြစ်ခဲ့ဖူးပြီး အဲဒီအချိန်တုန်းက သင်တန်းကာလအတွင်း တက်သစ်စအမျိုးသမီးဓာတ်ပုံဆရာများကို နှုတ်အားဖြင့် မဖွယ်မရာပြောဆိုခြင်း၊ ဗလက္ကာယပြုလုပ်ခြင်း နှင့် အတင်းအဓမ္မနမ်းရန်ကြိုးစားခြင်းတို့ ပြုလုပ်ဖို့ကြိုးစားတယ်လို့ အမျိုးသမီးများမှ တိုင်ကြားခြင်းခံရတာ ဖြစ်ပါတယ်။

သူဟာ တက်သစ်စဓာတ်ပုံဆရာအမျိုးသမီးများကို သူ့တည်းဖြတ်အယ်ဒီတာလုပ်နေတဲ့ National Geographic မဂ္ဂဇင်းမှာ ပါဝင်ခွင့်ရချင်လျှင် သူ့ရဲ့မဖွယ်မရာထိတွေ့မှုတွေ၊ စကားနဲ့ပြောဆိုမှုတွေကို သည်းခံရမယ့်ဆိုတဲ့အအနေအထားနဲ့ သူ့အရှိန်အဝါကိုအသုံးချကျူးလွန်ခဲ့တယ်လို့ ကျူးလွန်ခံရသူအမျိုးသမီးများက ပြောပါတယ်။ နောက်ပိုင်းမှာ Nat Geo မဂ္ဂဇင်းက စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး ပတ်ထရစ်ကို အလုပ်ထုတ်ခဲ့ပါတယ်၊ Eddy Adams Workshop ကလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး သင်တန်းဆရာအဖြစ်၊ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ပြီး ဒီလိုလိင်မုဆိုးနဲ့ လိင်အမြတ်ထုတ်မှုတွေကင်းအောင် မူဝါဒအသစ်တွေ ချမှတ်ခဲ့ရပါတယ်။ ပတ်ထရစ်ကို သတင်းစာလောကက အများစုက ကျဉ်ခဲ့ပေမဲ့လည်း၊ ၂၀၂၅ မှာတော့ ထရမ့်အစိုးရအဖွဲ့က သူ့ကို အိမ်ဖြူတော်ရဲ့ဓာတ်ပုံဆရာ၊ ဓာတ်ပုံတည်းဖြတ်အယ်ဒီတာအဖြစ် အလုပ်ခန့်အပ်ခဲ့ပါတယ်။ ထရမ့်အစိုးရအနေနဲ့ ဒီလိုလူကိုခန့်တာ အရမ်းတော့မထူးဆန်းဘူးလို့ ထင်ပါတယ်။
ဒီလိုဖြစ်ရပ်တွေ ဘာကြောင့် ဖြစ်ရသလဲ
သတင်း နှင့် မှတ်တမ်းဓာတ်ပုံလောကမှာ ဘာကြောင့် ဒီလိုဖြစ်ရပ်တွေ ထပ်ခါထပ်ခါဖြစ်ရသလဲ၊ ဘာလို့ကျူးလွန်သူတွေအတွက် အခွင့်အလမ်းသာနေလဲလို့ CJR လိုအဖွဲ့အစည်းတွေက လေ့လာတဲ့အခါ ဒီသတင်း၊ မှတ်တမ်းဓာတ်ပုံလောကဟာ ပုရိဿကြီးစိုးတဲ့ လုပ်ငန်းခွင်တရပ်ဖြစ်နေတာလည်း တချက်ဖြစ်တယ်လို့ဆိုပါတယ်။ သတင်းဓာတ်ပုံလောကရဲ့ အရေးကြီးတဲ့ဆုတခုဖြစ်တဲ့ World Press Photo မှာဆိုရင် ဓာတ်ပုံပေးပို့ယှဉ်ပြိုင်သူရဲ့ 85% ခန့်ဟာ အမျိုးသားတွေဖြစ်တယ်လို့ဆိုပါတယ်။ Associated Press ရဲ့ ကမ္ဘာအနှံ့က ဓာတ်ပုံသတင်းထောက်အားလုံးထဲမှာ 14% သာလျှင် အမျိုးသမီးဖြစ်တယ်လို့ဆိုပါတယ်။
အမျိုးသားကြီးစိုးတဲ့ လုပ်ငန်းဖြစ်တာမို့ နှုတ်အားဖြင့် အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေအပေါ် စကားကျူးလွန်တဲ့အခါ အခြားအမျိုးသားများက ဝင်ရောက်ကာကွယ်ပေးမှုနည်းပါးခြင်းကလည်း တချက်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီလုပ်ငန်းဟာ ရုံးတက်ရတဲ့လုပ်ငန်းခွင်မျိုးမဟုတ်ဘဲ သတင်းရှိရာဒေသ၊ နေရာတွေမှာ သွားရောက်အလုပ်လုပ်ကိုင်ရခြင်း၊ အလုပ်ချိန်အတိအကျမရှိခြင်း၊ ရုံးလုပ်ငန်းခွင်လိုအန္တရာယ်ကင်းတဲ့နေရာမျိုးက လုပ်ရတာမျိုးမဟုတ်တာတွေကလည်း လိင်မုဆိုးတွေအတွက် အခွင့်အလမ်းဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စာနယ်ဇင်းလုပ်ငန်းရဲ့ တည်းဖြတ်အယ်ဒီတာတွေရဲ့ ပယ်ချခွင့်၊ ရွေးချယ်ခွင့်အာဏာ နှင့် လုပ်ပိုင်ခွင့်ကလည်း လိင်မုဆိုးတွေအတွက် အသုံးချစရာ အရှိန်အဝါဖိအားတရပ်လို ဖြစ်နေတယ်လို့ဆိုပါတယ်။
၂၀၁၇ ကနေ ၂၀၂၀ အထိ နယ်ပယ်တိုင်းမှာ လှုပ်ရှားမှုပြင်းထန်ခဲ့တဲ့ #MeToo လှုပ်ရှားမှု အပြီးမှာတော့ စာနယ်ဇင်းလောက ဟာ အမျိုးသမီးအခွင့်အရေးနှင့် ဒီလို အရှိအဝါသုံး လိင်အမြတ်ထုတ်မှု ရှိလာပါက တိုင်တန်းလို့ရမယ့် ဌာနတွေ၊ အကာအကွယ်ပေးမယ့် မူဝါဒတွေ ထည့်သွင်း ပြင်ဆင်လာခဲ့ကြပါတယ်။ တည်းဖြတ် နှင့် ဌာနမူးအများစုကိုလဲ အမျိုးသမီးများ ခန့်ထားခြင်းဖြင့် အာဏာ၊ လုပ်ပိုင်ခွင့် မျှခြေဖြစ်အောင် ထည့်သွင်း နေရာပေးမှုတွေလုပ်လာကြပါတယ်။ လက်ရှိမှာတော့ ဒီလို ဖြစ်ရပ်တွေမဖြစ်အောင် ကာကွယ်ပေးနေတဲ့ Women Photograph လို အဖွဲ့အစည်းတွေလဲရှိလာပြီး၊ စာနယ်ဇင်း လုပ်ငန်းခွင်အတွင်း၊ သတင်း၊ မှတ်တမ်းဓာတ်ပုံလောကအတွင်း လိင်အမြတ်ထုတ်မှုခံရပါက တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ Columbia Journalism Review လို သုတေသန အဖွဲ့တွေကိုလည်း ဆက်သွယ် တိုင်ကြားနိုင်ပါတယ်။
ကိုးကား –

