ဓာတ်ပုံပညာနှင့် AI ခေတ်

ဓာတ်ပုံပညာနှင့် AI ခေတ်

(World Press Photo ရဲ့ See the Story 2025 အခမဲ့ ပညာရေးဆိုင်ရာ ဖြန့်ချီထုတ်ဝေမှုကနေ “Photography
and the age of AI” ကို ကောက်နှုတ်ပြန်ဆိုထားပါတယ်။)

ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီး AI အကြောင်း ဆွေးနွေးဖို့ ဘာကြောင့် အရေးကြီးရတာလဲ။

The Synthetic Eye: Photography Transformed in the Age of AI စာအုပ်ရဲ့ စာရေးသူ Fred Ritchin က AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေ မြင့်တက်လာမှုကို အခုလို လေ့လာတင်ပြထားပါတယ်။

“အခုဆိုရင် ကင်မရာကို အသုံးမပြုဘဲနဲ့တောင်မှ ဉာဏ်ရည်တု (AI) စနစ်တွေဟာ စာသားညွှန်ကြားချက်တွေကို တုံ့ပြန်ပြီး ဓာတ်ပုံတွေကို ဖန်တီးပုံဖော်နိုင်နေပါပြီ။ တခါမှ မရှိခဲ့ဖူးတဲ့ လူတွေနဲ့ နေရာတွေကို ပုံဖော်ပြသနိုင်ပါတယ်။ စစ်ပွဲမှာ ရှုံးနိမ့်သွားတဲ့ဘက်ကပဲ အနိုင်ရခဲ့သလိုမျိုး၊ ဆဲလ်ဖုန်းကင်မရာတွေ မပေါ်ခင်ခေတ်က Winston Churchill ဆဲလ်ဖီ ရိုက်နေသလိုမျိုး၊ ဒါမှမဟုတ် ဧဒင်ဥယျာဉ်ထဲက အာဒမ်နဲ့ ဧဝ ပန်းသီးကိုင်ထားသလိုမျိုး အစစ်အမှန်လို့ ထင်မြင်ရတဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်နေပါပြီ။

ဒီလို ဖန်တီးထားတဲ့ ပုံရိပ်တချို့က အတွေးအမြင်တွေကို နက်ရှိုင်းစေနိုင်တယ်၊ အမြင်သစ်တွေ ဖြစ်ပေါ်စေနိုင်တယ်၊ မတူကွဲပြားစွာ သိမြင်စေနိုင်တယ်၊ ဖြစ်နိုင်ချေတွေကိုလည်း ကျယ်ပြန့်တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တခြားကျန်ရှိတဲ့ ပုံရိပ်တွေကတော့ ခေတ်ပြိုင်ဖြစ်ရပ်တွေကို နားလည်ဖို့ ကျွန်တော်တို့ အားထားနေရတဲ့ ရုပ်ပိုင်းဆိုင်ရာ မီဒီယာတွေကို ပုံဖျက်တာ၊ ယုံကြည်မှုလျော့ပါးစေတာမျိုးတွေ ဖြစ်စေနိုင်သလို၊ အဲဒီပုံတွေနဲ့ ဆင်တူတဲ့ တကယ့်ဓာတ်ပုံစစ်စစ်တွေကိုပါ လူထုက သံသယဖြစ်လာအောင် ခြိမ်းခြောက်နေပါတယ်။ ဒါ့အပြင် ဒီစနစ်တွေကို အွန်လိုင်းမှာ ရှိနှင့်ပြီးသား ဓာတ်ပုံပေါင်း ဘီလီယံချီပြီး လေ့ကျင့်ပေးထားတာဖြစ်လို့၊ ခွင့်ပြုချက်မရယူဘဲ သုံးစွဲတာတွေနဲ့ ပတ်သက်ပြီး ကျင့်ဝတ်ပိုင်းနဲ့ ဥပဒေပိုင်းဆိုင်ရာ ပုစ္ဆာတစ်ပုဒ်အဖြစ် ဒီနေ့ထိ အဖြေမရှာနိုင်သေးပါဘူး။”

ဓာတ်ပုံပညာ နှင့် AI ဖန်တီးထားသော ပုံရိပ်များ နှိုင်းယှဉ်ချက်

AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေဟာ ဓာတ်ပုံတွေ မဟုတ်သလို၊ အစစ်အမှန်လို့လည်း ယူဆလို့ မရပါဘူး။ World Press Photo က ပြိုင်ပွဲတွေမှာ Generative fill (ဖြည့်စွက်ဖန်တီးမှု) နဲ့ လုံးဝ အသစ်ဖန်တီးထားတဲ့ ပုံရိပ်တွေ အပါအဝင် AI ပုံရိပ်တွေ အသုံးပြုမှုကို တားမြစ်ထားပါတယ်။

ဓာတ်ပုံပညာဆိုတာ အလင်းရောင်ကတဆင့် လက်တွေ့ဘဝကို ဖမ်းယူမှတ်တမ်းတင်တာဖြစ်ပြီး၊ ဓာတ်ပုံရိုက်ကူးတဲ့ အချိန်နဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတွေနဲ့ လူတွေကို ခြေရာခံနိုင်စေပါတယ်။

Dall-E နဲ့ Midjourney လိုမျိုး AI ပုံရိပ် ဖန်တီးတဲ့ စနစ်တွေကတော့ မိမိလိုချင်တဲ့ ပုံရိပ်နဲ့ သက်ဆိုင်တဲ့ စာသားတွေ၊ စကားလုံးတွေဖြစ်တဲ့ Prompt တွေကတဆင့် ပုံရိပ်တွေကို ဖန်တီးတာ ဖြစ်ပါတယ်။

AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေဟာ ဓာတ်ပုံအစစ် မဟုတ်ဘဲနဲ့ ရှိပြီးသား ဓာတ်ပုံတွေကို တုပပြီး မှီခိုရပ်တည်နေတာ ဖြစ်ပါတယ်။

AI ပုံရိပ်ဖန်တီးတဲ့ စနစ်တွေက သတင်းဓာတ်ပုံပညာအတွက် အဓိက စိုးရိမ်စရာ နှစ်ချက်ကို ဖြစ်ပေါ်စေပါတယ်။

မူပိုင်ခွင့်နှင့် ပိုင်ဆိုင်မှု

ဒီ AI စနစ်တွေဟာ ဖန်တီးရှင်တွေ ပိုင်ဆိုင်တဲ့ ရှိပြီးသားပုံရိပ် အများအပြားပါဝင်တဲ့ ကြီးမားလှတဲ့ ဒေတာအချက်အလက်တွေအပေါ်မှာ မှီခိုနေပါတယ်။ AI ဟာ ဒီပုံရိပ်တွေထဲက အစိတ်အပိုင်းတွေကို ရှင်းလင်းပြတ်သားတဲ့ ခွင့်ပြုချက်မရှိဘဲ ရယူပြီး ပြန်လည်အသုံးပြုနေတာကြောင့် ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ ခွင့်ပြုချက်မဲ့ အသုံးပြုမှုတွေဆိုင်ရာ ကျင့်ဝတ်နဲ့ ဥပဒေရေးရာ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေပါတယ်။

ဘက်လိုက်မှုနှင့် ပုံသေကားကျ သတ်မှတ်ချက်များ

AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေဟာ လူ့အဖွဲ့အစည်းတွင်းက ဘက်လိုက်မှုတွေကို ပြန်လည်ထင်ဟပ်လေ့ ရှိပါတယ်။ ဥပမာအားဖြင့် “သတင်းဓာတ်ပုံဆရာ” (Photojournalist) လို့ စာရိုက်ထည့်လိုက်ရင်၊ ကမ္ဘာတဝှမ်းမှာရှိတဲ့ သတင်းဓာတ်ပုံဆရာတွေရဲ့ ကွဲပြားစုံလင်မှုကို လစ်လျူရှုပြီး၊ စစ်မြေပြင်မှာ ကင်မရာကိုင်ထားတဲ့ လူဖြူအမျိုးသားတစ်ယောက်ရဲ့ ပုံသေကားကျ ပုံရိပ်ကိုပဲ အလိုအလျောက် ဖော်ပြပေးတာမျိုး ဖြစ်တတ်ပါတယ်။


မေးခွန်းများ

ကင်မရာရဲ့ နောက်ကွယ်မှာ လူသားတစ်ယောက် ရှိနေဖို့ ဘာကြောင့် အရေးကြီးတယ်လို့ ထင်ပါသလဲ။

AI ဟာ ပုံရိပ်တွေနဲ့ ဇာတ်လမ်းပြောပြရာမှာ အစားထိုးစရာ နည်းလမ်းတစ်ခု ဖြစ်လာနိုင်မယ်လို့ ထင်ပါသလား။

AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေက သတင်းဓာတ်ပုံပညာ လုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေတယ်လို့ ထင်ပါသလား။ ဘာကြောင့်ပါလဲ၊ ဘာကြောင့် မဟုတ်ဘူးလို့ ထင်ပါသလဲ။

AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေကို ဓာတ်ပုံပြိုင်ပွဲတွေကနေ ဖယ်ထုတ်ထားသင့်တယ်လို့ ထင်ပါသလား။

ဆက်လက်ဖတ်ရှုရန်

Writing with Light

Writing with Light ဆိုတာကတော့ AI ခေတ်မှာ အမြင်အာရုံဆိုင်ရာ သတင်းပညာ (Visual Journalism) နဲ့ မှတ်တမ်းဓာတ်ပုံပညာရပ်တွေရဲ့ စစ်မှန်မှုနဲ့ ယုံကြည်စိတ်ချရမှုအတွက် ရှေ့ဆောင်လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ Writing with Light ရဲ့ မူဝါဒကြေညာချက်ကို ကြည့်ရှုနိုင်ပါတယ်။



X(Twitter) မှ ‌ဒေါ်နယ်ထရန့်၏ ပုံအတု
Source: (https://wwlight.org/index.php/image-gallery/)

Leave a Comment

Comments

No comments yet. Why don’t you start the discussion?

Leave a Reply