World Press Photo – See the Story 2024 ကောက်နှုတ်ချက်များ

World Press Photo – See the Story 2024 ကောက်နှုတ်ချက်များ

World Press Photo’s See the Story 2024 ပညာရေးဆိုင်ရာ ဖြန့်ချီထုတ်ဝေချက်မှ

  • What is photography?
  • How has photography changed?
  • How do we get to see visual stories?
  • How are these visual stories made?

အခန်း လေးခန်းကို ကောက်နှုတ်ပြန်ဆိုထားခြင်းဖြစ်ပါတယ်။

ဓာတ်ပုံပညာ သမိုင်းကြောင်းနဲ့ အခြေခံ အချက်အလက်တွေက ဓာတ်ပုံပညာကို စတင်လေ့လာမယ့်သူတွေအတွက် အထောက်အကူပြုနိုင်သလို ‌ဆောင်းပါးရဲ့ အာဘော်အရ ပြောင်းလဲတိုးတက်နေတဲ့ အယူအဆတွေကလည်း လက်ရှိ ဓာတ်ပုံပညာရှင်တွေအဖြစ် လုပ်ကိုင်နေသူတွေကို ဆင်ခြင်တွေးတောစရာတွေ ပေးမယ်လို့ ယူဆမိပါတယ်။

World Press Photo’s See the Story 2025 ကိုလည်း ဆက်လက် ကောက်နှုတ်ဖော်ပြပေးသွားပါမယ်။



ဓာတ်ပုံပညာဆိုတာ ဘာလဲ?

Daguerreotype portrait of Walt Whitman, © NewYork Public Library

ဓာတ်ပုံပညာဆိုတာ အလင်းရောင်ကို မှတ်တမ်းတင်ပြီး ကြာရှည်ခံတဲ့ ပုံရိပ်တွေ ဖန်တီးခြင်း နည်းပညာဖြစ်ပါတယ်။ “Photography” ဆိုတာ ဂရိဘာသာစကား “phos(အလင်း)” နဲ့ “graphê(ရေးဆွဲခြင်း)” ဆိုတဲ့ စကားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ၁၈၀၀ ခုနှစ်တွေကနေ စတင်ပြီး တီထွင်သူများစွာက စက္ကူပေါ်မှာ၊ သတ္တုပြားပေါ်မှာ ဓာတုဗေဒပစ္စည်းတွေနဲ့ အလင်းကို မှတ်တမ်းတင်ထားနိုင်ဖို့ နည်းလမ်းပေါင်းများစွာနဲ့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

Oldest surviving photograph, © Joseph NicéphoreNiépce

သက်တမ်းအရင့်ဆုံး တင်ကျန်ရစ်တဲ့ ဓာတ်ပုံကတော့ ပြင်သစ်တီထွင်ဖန်တီးသူ Joseph
Nicéphore Niépce က ၁၈၂၆ ခုနှစ် ဒါမှမဟုတ် ၁၈၂၇ ခုနှစ်အတွင်း ဖန်တီးရယူခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Louis Daguerre က ပါးလွှာတဲ့ ငွေရောင် အလွှာတစ်လွှာ သုတ်လိမ်းထားတဲ့ ကြေးပြားပေါ်မှာ ပုံရိပ်တွေ ဖန်တီးခဲ့ပါတယ်။ “daguerreotype” ကို စတင်သိရှိခဲ့တဲ့ ၁၈၃၉ ခုနှစ်မှာ ဓာတ်ပုံပညာရပ်ကို တီထွင်ခဲ့ကြတယ်လို့ ပြောကြပါတယ်။ ဓာတ်ပုံတွေနဲ့ သရုပ်ဖော်ထားတဲ့ ပထမဆုံး စာအုပ်ကတော့ The Pencil of Nature ဖြစ်ပြီး အင်္ဂလိပ် တီထွင်ဖန်တီးသူ William Henry Fox Talbot က သူ့ရဲ့ calotype negative တွေကနေ ဆားရေစိမ် စက္ကူနဲ့ ပြုလုပ်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ၁၈၄၄-၁၈၄၆ မှာ ပုံနှိပ်ဖြန့်ချိခဲ့ပါတယ်။ ဒီလို အစောပိုင်းနည်းပညာတွေမှာ ကြီးမား၊ လေးလံပြီး ရွှေ့ပြောင်းဖို့ ခက်တဲ့ ကင်မရာကြီးတွေကို အသုံးပြုဖန်တီးရတာ ဖြစ်ပါတယ်။ စက္ကူတစ်ရွက် ဒါမှမဟုတ် သတ္တုပြားတစ်ခုပေါ်မှာ ပုံရိပ်တစ်ခု ဖန်တီးရတာဖြစ်ပြီး မိတ္တူပွားလို့ မရပါဘူး။


Eadweard Muybridge’s Cinematic Legacy,© San Francisco Museum of Modern Art


ဓာတ်ပုံပညာရပ်ဟာ ရွေ့လျားနေတဲ့ ပုံရိပ်တွေရဲ့ အခြေခံဖြစ်ပြီး နောက်ပိုင်းမှာတော့ cinematography အဖြစ် ဖွံ့ဖြိုးလာပါတယ်။ ၁၈၇၀ ခုနှစ်တွေမှာ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ အင်္ဂလိပ် ဓာတ်ပုံဆရာ Eadweard Muybridge က ကင်မရာတွေ အများအပြား အသုံးပြုပြီး တိရိစ္ဆာန်တွေရဲ့ လှုပ်ရှားမှုတွေကို ဖမ်းယူခဲ့ပါတယ်။ သူက အဲဒီ ရုပ်သေပုံရိပ်တွေကို အစဉ်လိုက် အမြန်ပုံရိပ်ထိုးပြသခြင်းအားဖြင့် မြင်းတွေ ခုန်ပေါက်ပြေးလွှားနေပုံကို တွေ့မြင်ရတဲ့ ပထမဆုံး ရုပ်ရှင်ပုံရိပ်တွေကို ဖန်တီးခဲ့ပါတယ်။

George Eastman ၏ ပထမဆုံး “Kodak” ကင်မရာ။


အမေရိကန်လူမျိုး George Eastman က celluloid ဖလင်ကို ထုတ်လုပ်ခဲ့ပြီး သူ့ရဲ့ ပထမဆုံး ကင်မရာ “Kodak” ကို ၁၈၈၈ ခုနှစ်မှာ ရောင်းချခဲ့တဲ့အချိန်မှာတော့ ဓာတ်ပုံပညာရပ်ဟာ ပိုပြီး လူသိများလာခဲ့ပါတယ်။ The Eastman Kodak ကုမ္ပဏီဟာ သေတ္တာပုံစံ “Brownie” ကင်မရာကို ၁၉၀၀ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီကင်မရာက အလွယ်တကူ သယ်ဆောင်နိုင်ပြီး သူ့ရဲ့ ဈေးသက်သာတဲ့အချက်ရယ်၊ ဓာတ်ပုံရိုက်ရတာ လွယ်ကူတဲ့အချက်ရယ်ကြောင့် ဓာတ်ပုံပညာကို လူတိုင်း လက်လှမ်းမီလာစေပါတယ်။ ဒီကင်မရာတွေဟာ ဖလင်လိပ်တွေကို အသုံးပြုရပြီး ပုံရိပ်တွေကို ဖမ်းယူပါတယ်။ အဲဒီနောက် ရလာတဲ့ negative တွေကို စက္ကူပေါ်မှာ ဓာတ်ပုံအဖြစ် ကူးဆေးရပါတယ်။

ဓာတ်ပုံပညာဆိုတာ ဘာလဲ (၂)


ချားလော့တ် (NC) ရှိ အသားအရောင်ခွဲခြားမှု ဖျက်သိမ်းပြီးစ Harry Harding အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံခဲ့သည့် ပထမဦးဆုံးနှင့် ထိုအချိန်က တစ်ဦးတည်းသော လူမည်းကျောင်းသူ ဒေါ်ရသီ ကောင့်စ်သည် ကျောင်းတက်ရက် ပထမဆုံးနေ့တွင် ဆန္ဒပြသူများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ ထိုဓာတ်ပုံသည် ၁၉၅၇ ခုနှစ်တွင် World Press Photo of the Year ကို ဆုရရှိခဲ့သည်။ © ဒေါက်ဂလပ်စ် မာတင်၊ The Charlotte News/Associated Press။

ဓာတ်ပုံပညာဟာ (ရုပ်သေရော၊ ရုပ်ရှင်ပါ)သိပ္ပံနည်းကျ ပညာရပ်များပေါ်မှာ အခြေခံထားတဲ့ စက်ယန္တရားဆိုင်ရာ လုပ်ငန်းစဉ်အနေနဲ့ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်တဲ့အတွက် “objective(ဓမ္မဓိဋ္ဌာန်ကျမှု/ကိုယ့်စိတ်သဘောအတိုင်း ဖန်တီးမှု မဟုတ်ဘဲ သဘာဝအလျောက်ဖြစ်တည်မှု)” အနေနဲ့ ကာလကြာရှည်စွာ မှတ်ယူခဲ့ကြပါတယ်။ “ဓမ္မဓိဋ္ဌာန်ကျ” ဖို့အတွက်ဆိုရင် တစ်ကိုယ်ရေ ယုံကြည်မှုတွေ၊ ခံစားချက်တွေ၊ အမြင်ရှုထောင့်တွေရဲ့ လွှမ်းမိုးမှု မရှိဘူးလို့ ဆိုလိုပါတယ်။ Talbot က သူ့ရဲ့ စာအုပ်ကို The Pencil of Nature လို့ ခေါ်တွင်ခဲ့စဥ်က ဓာတ်ပုံပညာဆိုတာ သဘာဝ ကမ္ဘာကြီးကို လူသားတွေရဲ့ ကြားဝင်စွက်ဖက်မှုမပါဘဲ မှတ်တမ်းရယူတဲ့ ကိရိယာတစ်ခုလို့ သူယုံကြည်လို့ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံပညာကို “ဓမ္မဓိဋ္ဌာန်ကျမှု” လို့ နားလည်တာဟာ အစကနဦးကတည်းက တလွဲကောက်ယူချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတွေဟာ အလင်းရောင်ကို မှတ်တမ်းတင်ရယူဖို့ အသုံးပြုတဲ့ နည်းလမ်းတွေကနေ အချိန်နဲ့ နေရာ ရွေးချယ်မှုအထိ၊ ပြီးတော့ သတ်မှတ်အကြောင်းအရာ ဒါမှမဟုတ် အခြေအနေတစ်ခုကို ဘောင်ထဲမှာ ထည့်သွင်းခြင်းတို့ကနေတဆင့် ကမ္ဘာကြီးကို တစ်ကိုယ်ရည် ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံပညာရပ်ဟာ အမြဲတမ်း ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းမှု၊ ပြန်လည်တင်ပြတဲ့ ကြားခံအရာဝတ္ထု၊ ပုဂ္ဂလဓိဋ္ဌာန်ကျကျ ပြုလုပ်မှု(ကိုယ့်စိတ်သဘောအတိုင်း ဖန်တီးရယူမှု)၊ ခံယူသူရဲ့ ဖွင့်ဆိုချက်အတိုင်း ဖြစ်ပေါ်စေမှုတို့ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံတွေဟာ လှုပ်ရှားမှုကို ပြနေရင်တောင်မှ ရှုထောင့်စုံ ကမ္ဘာကြီးကို ရှုထောင့် နှစ်ခုသာရှိတဲ့ မျက်နှာပြင် အပြားပေါ်မှာ ပုံဖော်ခြင်းဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာ အဓိပ္ပါယ် ပုံသေသတ်မှတ်ချက် မရှိပဲ ကြည့်ရှုသူရဲ့ ဖွင့်ဆိုချက်နဲ့ ဖတ်ရှုချက်တွေအပေါ်မှာသာ မူတည်ပါတယ်။ ဒီဖွင့်ဆိုချက်နဲ့ ဖတ်ရှုချက်တွေဆိုတာ ကြည့်ရှုသူရဲ့ နောက်ကြောင်း ရာဇဝင်၊ ပညာရေး၊ စိတ်အခြေအနေနဲ့ အခြားအချက်များစွာက လွှမ်းမိုးထားကြပါတယ်။

ဓာတ်ပုံတွေကို ရည်ရွယ်ချက်မျိုးစုံနဲ့ ရိုက်ကူး၊ အသုံးပြုကြသလို အကျိုးသက်ရောက်မှုမျိုးစုံ ဖြစ်ပေါ်စေပါတယ်။ ဥပမာ၊ လူမျိုး ခွဲခြားသတ်မှတ်ဖို့ လူမျိုးစု ဓာတ်ပုံတွေကနေတဆင့် နယ်ချဲ့အာဏာအတွက် ကိရိယာတစ်ခုအနေနဲ့ အသုံးပြုသလို တရားမျှတမှု မရှိခြင်း၊ အကြမ်းဖက်ခြင်းတွေကို မြင်သာစေဖို့ နယ်ချဲ့ဆန့်ကျင်ရေး ခုခံလှုပ်ရှားမှု ကိရိယာအနေနဲ့လည်း အသုံးပြုခဲ့ကြပါတယ်။

လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှု၊ လူတွေနဲ့ နေရာဒေသတွေကို ကိုယ်စားပြုမှု၊ လူတွေနဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထမ်းဆောင်မှုတို့အရ ဓာတ်ပုံပညာရပ်ဟာ ဘယ်သောအခါကမှ “ဓမ္မဓိဋ္ဌာန်ကျမှု” သက်သက် မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ဓာတ်ပုံပညာရပ်ရဲ့ ပြောင်းလဲမှုတွေနဲ့အတူ ဒီနားလည်ခံယူမှုဟာ အခိုင်အမာ ကြီးထွားလာခဲ့ပါတယ်။


ဓာတ်ပုံပညာ ဘယ်လို ပြောင်းလဲလာခဲ့သလဲ?


၁၉၃၀ ခုနှစ်တွေမှာ Leica လို ငယ်ရွယ်ကျစ်လစ်တဲ့ ကင်မရာတွေ ပေါ်ထွက်လာတဲ့အတွက်ကြောင့် ပညာရှင်အဆင့် ဓာတ်ပုံပညာရပ်ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ 35mm ဖလင်နဲ့ ပြောင်းလဲအသုံးပြုလို့ရတဲ့ မှန်ဘီလူးတွေကို အသုံးပြုနိုင်တဲ့အတွက် ဓာတ်ပုံရိုက်ကူးသူတွေဟာ အလွယ်တကူ ရွေ့လျားသွားလာနိုင်တယ်၊ သူတို့ မှတ်တမ်းတင်လိုတဲ့ မြင်ကွင်းကို အနီးကပ်ရိုက်ကူးလာနိုင်တယ်။


ဓာတ်ပုံပညာရပ်ရဲ့ အကြီးမားဆုံးပြောင်းလဲမှုကတော့ ပုံရိပ်တွေကို ဒစ်ဂျစ်တယ် မှတ်ဉာဏ်တွေထဲမှာ သိမ်းဆည်းထားနိုင်တဲ့ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာရပ်သို့ ပြောင်းလဲလာခြင်းပဲ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်များ အစောပိုင်းက စတင်ပြီး ဒစ်ဂျစ်တယ်ကင်မရာတွေဟာ ဈေးကွက်ကို လွှမ်းမိုးလာပါတယ်။ ဒစ်ဂျစ်တယ်ကင်မရာတွေဟာ ဖလင်ကင်မရာတွေနဲ့ ဆင်တူပေမယ့် သူတို့မှာ အဓိက ကွာခြားချက်တစ်ခု ရှိပါတယ်။ ဒစ်ဂျစ်တယ်ကင်မရာတွေဟာ ပုံရိပ်တွေကို negatives တွေမှာ မှတ်သားခြင်း မပြုဘဲ sensor တွေမှ တဆင့် အချက်အလက်တွေကို ဖမ်းယူပါတယ်။ အဲဒီနောက် အဲဒီအချက်အလက်တွေကို ဓာတ်ပုံတည်းဖြတ်ဆော့ဝဲတွေကနေတဆင့် ပုံရိပ်အဖြစ် ပြောင်းလဲပါတယ်။ ဒီလိုလုပ်ဆောင်နိုင်တဲ့အတွက် ပုံရိပ်တွေကို ဖန်တီးရတာ၊ ဖြန့်ချိ၊ မျှဝေရတာ ပိုပြီး လွယ်ကူစေပါတယ်။


မကြာသေးခင်နှစ်များအတွင်းမှာတော့ ဓာတ်ပုံပညာရပ်ဟာ ကင်မရာပါဝင်တဲ့ ဖုန်းတွေနဲ့ ကမ္ဘာအနှံ့ချိတ်ဆက်နိုင်တဲ့ အင်တာနက်ကြောင့် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စမတ်ဖုန်း ၃.၈ ဘီလီယံရှိပြီး အဲဒီဖုန်းတွေမှာ အရည်အသွေးကောင်းတဲ့ ကင်မရာတွေ ပါဝင်ကြပါတယ်။ နှစ်စဉ် ရောင်းချနေတဲ့ အများသုံးကင်မရာတွေရဲ့ ၉၉% ဟာ စမတ်ဖုန်းတွေမှာပါတဲ့ ကင်မရာတွေ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေထက်ဝက်ကျော်ဟာ အင်တာနက်အသုံးပြုခွင့် ရရှိလာတဲ့အတွက် ဓာတ်ပုံဖန်တီးမှု အရေအတွက်၊ ဓာတ်ပုံတွေ အဝေးကို ပြန့်နှံ့မှု အလားအလာနဲ့ လျင်မြန်မှုကတော့ အလွန်ကြီးမားပါတယ်။

နေ့စဉ် YouTube မှာ ကြည့်ရှုတဲ့ ဗီဒီယို အရေအတွက်

၅ ဘီလီယံ

နေ့စဉ် Facebook မှာ upload လုပ်နေတဲ့ ပုံရိပ်အရေအတွက်

၃၅၀ မီလီယံ

နေ့စဉ် WhatsApp မှာ မျှဝေနေတဲ့ ပုံရိပ်ပေါင်း

၄.၅ ဘီလီယံ

နေ့စဉ် Instagram မှာ upload လုပ်နေတဲ့ ပုံရိပ်ပေါင်း

၉၅ မီလီယံ

အထူးသဖြင့် အကြီးမားဆုံး ဆိုရှယ်မီဒီယာချန်နယ်တွေမှာ မျှဝေနေကြသူတွေက လူတွေဟာ အရေအတွက်များပြားလွန်းတဲ့ ဓာတ်ပုံတွေထဲမှာ “နစ်မြုပ်” “နစ်မွန်း” နေကြပြီလို့ ဆိုကြပေမယ့် တစ်ဦးချင်းအနေနဲ့တော့ သူတို့ follow လုပ်ထားတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ၊ သူတို့ ကြည့်ရှုဖို့ ရွေးချယ်ထားတဲ့ မီဒီယာတွေရဲ့ ပုံရိပ်တွေကိုပဲ မြင်ရတာ ဖြစ်ပါတယ်။

ဒီကိန်းဂဏန်းတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဓာတ်ပုံအရေအတွက် စုစုပေါင်းအောက် လျော့နည်းခန့်မှန်းချက်လည်း ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဓာတ်ပုံတွေ ရိုက်ယူဖန်တီးခဲ့ပေမယ့် ဘယ်တော့မှ မျှဝေခြင်း မပြုတဲ့ ပုံတွေ အများကြီး ရှိကြပါတယ်။ နှစ်စဉ် ဓာတ်ပုံဖန်တီး၊ မျှဝေတဲ့ အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်း ဖလင်နဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထက် ၁၀ ဆ ပိုမို များပြားပါတယ်။


အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဉ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ တွေ့မြင်ကြရသလဲ? (၁)

ကမ္ဘာကြီးအကြောင်း သတင်းအချက်အလက်တွေကို လူတွေ တွေ့မြင်ရတဲ့နည်းလမ်းတွေဟာ ကာလကြာမြင့်လာတာနဲ့အမျှ အကြီးအကျယ် ပြောင်းလဲခဲ့ပါတယ်။ သတင်းစာတွေကို စီးပွားရေးသမားတွေအတွက် သတင်းအချက်အလက် စာရွက်များအဖြစ် ၁၇ ရာစုမှာ စတင်ဖြန့်ချီခဲ့ကြပါတယ်။ ၁၉ ရာစုမှာတော့ မြို့ကြီးတွေနဲ့ နိုင်ငံအများစုမှာ သတင်းစာတွေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

၁၈၅၂ ခုနှစ်မှ စတင်၍ NYT မျက်နှာဖုံးအားလုံးကို ကြည့်ရှုရန် – စုစည်းတင်ပြသူ Josh Begley

သတင်းစာတွေမှာ ဓာတ်ပုံတွေကို ဘလောက်တုံး၊ ပလိပ်ပြားမှာ ကူးယူထားတဲ့ပုံစံနဲ့ စတင်တွေ့မြင်ရတာကတော့ ၁၈၄၈ ခုနှစ်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပုံရိပ်တွေအနေနဲ့ ‌ပုံနှိပ်လာကြပါတယ်။ ၁၈၅၂ ခုနှစ်က စတင်ပြီး New York Times ရဲ့ မျက်နှာဖုံးတွေအားလုံးကို စုစည်းထားတဲ့ ဗီဒီယိုမှာ အဖြူ အမည်းဓာတ်ပုံတွေက တဖြည်းဖြည်းချင်း အရေးပါထင်ရှားလာပုံကို တွေ့မြင်ရမှာ ဖြစ်ပြီး ၁၉၉၇ နောက်ပိုင်းကနေ ရှေ့ဆက်ပြီး ရောင်စုံဓာတ်ပုံတွေ အသုံးပြုလာကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သတင်းစာအများအပြားအတွက်ကတော့ ဓာတ်ပုံတွေဆိုတာက ရေးသားထားပြီး သတင်းဖြစ်စဉ်အတွက် သရုပ်ဖော်ပုံမျှသာ ဖြစ်နေပါတယ်။

၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် Life မဂ္ဂဇင်း မျက်နှာဖုံး (ဓာတ်ပုံ -Alfred Eisenstaedt/The LIFE Picture Collection © Meredith Corporation)

သတင်းဓာတ်ပုံ – ဓာတ်ပုံတွေကတဆင့် သတင်းဖြစ်စဉ်တွေကို ပြောပြခြင်းဟာ ဓာတ်ပုံမဂ္ဂဇင်းတွေဖြစ်တဲ့ Berliner Illustrirte Zeitung (Germany)၊ Life (USA)၊ the Picture Post (UK)၊ Vu (France) တို့နဲ့အတူ ၁၉၃၀ ခုနှစ်တွေမှာ အရေးပါထင်ရှားလာပါတယ်။ ထုတ်ဝေရေးလုပ်ငန်းတွေက ဓာတ်ပုံသမားတွေရဲ့ သေးငယ် ကျစ်လစ်တဲ့ ကင်မရာတွေ၊ Flash မီးနဲ့ ဖန်တီးတွေ အသုံးပြုပြီး လျှပ်တစ်ပြက် ကြိုတင်ပြင်ဆင်မထားဘဲ ရိုက်ကူးထားတဲ့ ကမ္ဘာအနှံ့က ဓာတ်ပုံတွေ ပါဝင်တဲ့ “ဓာတ်ပုံ အက်ဆေး” တွေကို ပထမဦးဆုံး ဖော်ပြခဲ့ကြပါတယ်။

၁၉၅၀ ခုနှစ်တွေမှာ ဓာတ်ပုံမဂ္ဂဇင်းတွေ လုပ်ငန်းထဲက ထွက်ခွာသွားရတဲ့အခါ ထုတ်ဝေရေးတွေနဲ့ မူလအစကတည်းက ချိတ်ဆက်ထားတဲ့ သတင်းဓာတ်ပုံတွေလည်း အန္တရာယ်ရှိလာပါတယ်။ တချို့ဓာတ်ပုံသမားတွေဟာ စုပေါင်းလုပ်ကိုင်တဲ့ အေဂျင်စီတွေ ဖွဲ့စည်းကြပါတယ်။ တချို့က အဆိုပါ အေဂျင်စီတွေမှာ ပူးပေါင်းပါဝင်လာကြပါတယ်(အထင်ရှားဆုံးကတော့ ၁၉၄၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Magnum Photos ဖြစ်ပါတယ်)။ တခြားဓာတ်ပုံသမားတွေကတော့ Agence France-Presse၊ Associated Press၊
Reuters တို့လို ကမ္ဘာ့ သတင်းဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ကြသလို တချို့က သတင်းစာတိုက်တွေနဲ့ စာချုပ်ပြီး လုပ်ကိုင်ကြပြီး တချို့က အလွတ်တန်းအနေနဲ့ ကိုယ်ပိုင် လုပ်ငန်းမျိုးစုံ လုပ်ကိုင်ကြပါတယ်။


အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဉ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ တွေ့မြင်ကြရသလဲ? (၂)

Getty Images website.

ဓာတ်ပုံအားလုံးဟာ ဖြန့်ချီရေး၊ ရောင်းဝယ်(ကုန်သွယ်)ရေး၊ သုံးစွဲခြင်းနဲ့ အဖိုးထိုက်တန်မှုစနစ်တွေပါဝင်တဲ့ အမြင်ပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းက ထုတ်လုပ်ပါတယ်။ အင်တာနက်သုံးစွဲမှုမြင့်တက်လာတဲ့အတွက် လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်အတွင်း အမြင်ပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းဟာ ‌ပြောင်းလဲလာခဲ့ပါတယ်။ အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဥ်ပြောခြင်းကို နည်းလမ်းပေါင်းများစွာနဲ့ တွေ့မြင်နေရပြီဖြစ်ပါတယ်။ အဓိကကျတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုကတော့ Corbis Images၊ Getty Images၊ Shutterstock တို့လို ကုမွဏီကြီးတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီကုမွဏီကြီးတွေက ဓာတ်ပုံအေဂျင်စီတွေ၊ ဓာတ်ပုံမှတ်တမ်းသိမ်းဆည်းမှုတွေကို ဝယ်ယူကြပါတယ်။ အားကောင်းတဲ့ ဓာတ်ပုံတွေကို သိမ်းဆည်းထားပြီး အသုံးပြုလိုသူကို အခ‌ကြေးငွေနဲ့ ရောင်းချကြပါတယ်။ ဒီကုမ္ပဏီကြီးတွေက ‌ကြော်ငြာရှင်တွေ၊ ဈေးကွက်ချဲ့ထွင်သူတွေ၊ ဒီဇိုင်းပြုလုပ်သူတွေကို ဓာတ်ပုံတွေ ပေးသွင်းနိုင်တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာပါတယ်။ ဒီလုပ်ငန်းခွင်က “stock photography” တွေကို ထုတ်လုပ်ပါတယ်။ stock photography ဆိုတာကတော့ လူသုံးများပြီး အတွေ့ရများတဲ့ ဈေးသက်သက်သာသာနဲ့ လိုင်စင်ဝယ်ယူနိုင်တဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဓာတ်ပုံသုံးစွဲသူတွေတွေ့မြင်နေရတဲ့ ဓာတ်ပုံတွေရဲ့ ခန့်မှန်းခြေ ၇၀% ဟာ ဒီလို ဓာတ်ပုံအမျိုးအစားတွေ ဖြစ်ပါတယ်။

The New York Times Twitter Account.

နောက်ထပ် အဓိကကျတဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုကတော့ သတင်းတွေကို ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေမှု မြင့်တက်ခြင်းပဲ ဖြစ်ပါတယ်။ ပုံနှိပ်ခြင်းက သတင်းအချက်အလက်တွေကို အဓိက ဖြန့်ဝေခဲ့ချိန်မှာ သတင်းစာတွေဟာ ဂိတ်မှူးတွေလိုပါပဲ။ ဘာကို “သတင်း” အဖြစ် ပြသမယ်ဆိုတာ ဆုံးဖြတ်ကြပါတယ်။ အ‌ရေအတွက်အနည်းငယ်ကိုပဲ ရွေးချယ်ပြီး လူထုအတွက် နေ့စဉ်တင်ပြပေးပါတယ်။ အင်တာနက်ကြောင့် သတင်းဖြန့်ချီရာမှာ ပြင်ပဖြန့်ချီရေး ကုန်ကျစားရိတ်တွေ အများကြီး သက်သာသွားပါတယ်။ တစ်ချိန်က သူတို့ရဲ့ သတင်းစာနဲ့ မဂ္ဂဇင်းတွေကို ရိုက်နှိပ်ဖို့၊ သယ်ယူဖို့၊ ရောင်းချဖို့အတွက် ဈေးကြီးတဲ့ ပုံနှိပ်စက်တွေ ဝယ်ယူရတာ၊ ကုန်တင်ယာဉ်တွေ၊ လေယာဉ်တွေနဲ့ သယ်ပို့ရတာ၊ ဆိုင်တွေဖွင့်ရတာတွေ မလိုအပ်တော့ဘဲ သတင်းအချက်အလက်တွေဟာ ဝက်ဘ်ဆိုက်တစ်ခုကနေ၊ အခမဲ့ ဆိုရှယ်မီဒီယာအကောင့်တစ်ခုကနေ ကမ္ဘာအနှံ့ စီးဆင်းနိုင်ပြီဖြစ်ပါတယ်။


အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဉ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ တွေ့မြင်ကြရသလဲ? (၃)

Reuters Institute Digital News Report 2021 မှာ ပြသထားတဲ့ အချက်အလက်တွေအရ သတင်းမူလအရင်းအမြစ်တွေ ပြောင်းလဲမှု၊ အသက်အရွယ်မတူညီသူတွေရဲ့ သတင်းအရင်းအမြစ်တွေကို ရယူသုံးစွဲမတူညီပုံကို မြင်တွေ့နိုင်ပါတယ်။ လူတွေ ဓာတ်ပုံတွေကို ဘယ်လိုနည်းလမ်းတွေကနေ တွေ့မြင်ရလဲဆိုတာလည်း ဒီအချက်အလက်တွေက ပြသနေပါတယ်။

(Reuters Institute Digital News Report 2024 ကို ဖတ်ရှုရန် ဘာသာပြန်သူ၏ မှတ်ချက်)

အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဉ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ တွေ့မြင်ကြရသလဲ? (၄)


ထူးခြားထင်ရှားတဲ့ သတင်းဓာတ်ပုံနဲ့ သတင်းဖြစ်စဥ်တစ်ချို့ဟာ ပညာရှင်အဆင့် ဓာတ်ပုံသတင်းထောက်တွေက ရိုက်ကူးထားခြင်း မဟုတ်ပါဘူး။ ကမ္ဘာအနှံ့က အရပ်သားတွေရဲ့ ဖုန်းကင်မရာပေါင်း ဘီလီယံချီရှိနေတဲ့အတွက် အရပ်သား ဓာတ်ပုံသမားတွေ၊ အမြင်ပိုင်းဆိုင်ရာ ဂျာနယ်လစ်တွေရဲ့ အရေအတွက်ဟာ မြင့်တက်လာဦးမှာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံကို အမေရိကန် အာကာသယာဉ်မှူး Bill Anders က ၁၉၆၈ ခုနှစ် ခရစ်စမတ်အကြိုနေ့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန်

အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဉ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ တွေ့မြင်ကြရသလဲ? (၅)


အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဉ်တွေကို ဗီဒီယိုအတိုတွေ၊ အပြန်အလှန်တုန့်ပြန်နိုင်တဲ့ ဝက်ဘ်ဆိုက်တွေ၊ ပေါင်းစပ်ထားတဲ့ ဓာတ်ပုံတွေအပါအဝင် မတူညီတဲ့ ကြားခံမီယမ်မျိုးစုံကနေ တင်ဆက်နိုင်ပါတယ်။



အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဉ်တွေကို ဘယ်လို ဖန်တီးကြသလဲ? (၁)

ကျွန်ုပ်တို့(World Press Photo)ရဲ့ ဝက်ဘ်ဆိုက်နဲ့ ပြပွဲတွေ ပြသထားတဲ့ အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ စိတ်ကူးအကြံဉာဏ်၊ လက်တွေ့ရိုက်ကူးခြင်းမှသည် ပြသတဲ့အဆင့်အထိ ခရီးရှည်ကြီးတစ်ခု ရှိပါတယ်။ ဒီဇာတ်လမ်းဖြစ်စဉ်တွေ ပရိသတ်ဆီကို ရောက်ရှိဖို့အတွက် မတူညီတဲ့ လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေက ဆုံးဖြတ်ချက်တွေ အများကြီး ချခဲ့ရပါတယ်။

World Press Photo Story Journey
  • စိတ်ကူး
  • ဖန်တီးခြင်း
  • တည်းဖြတ်ခြင်း
  • ထုတ်ဝေခြင်း
  • ပြိုင်ပွဲဝင်ခြင်း
  • အကဲဖြတ်ခြင်း
  • စစ်ဆေးအတည်ပြုခြင်း
  • ဆုချီးမြှင့်ခြင်း
  • စီစဉ်ရွေးချယ်ခြင်း

စိတ်ကူး
အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းဖြစ်စဉ်အားလုံးဟာ အကြံအစည် စိတ်ကူးတစ်ခုကနေ အစပြုပါတယ်။ အယ်ဒီတာ ဒါမှမဟုတ် ဓာတ်ပုံသတင်းထောက်တစ်ယောက်က ကမ္ဘာပေါ်က ဖြစ်နိုင်သမျှ အကြောင်းအရာတွေ အားလုံးထဲကနေ တစ်ခုကို အာရုံစိုက် ရွေးချယ်ရပါတယ်။ ဒီရွေးချယ်မှုအပေါ်မှာ အချက်အများကြီးက လွှမ်းမိုးထားနိုင်ပါတယ်။ ဇတ်လမ်းဖြစ်စဉ် ထုတ်လုပ်ဖို့ ဘတ်ဂျက်လို အချက်တွေလည်း ပါဝင်နိုင်ပါတယ်။

ဓာတ်ပုံရိုက်ကူးသူတွေဟာ အထူးသဖြင့် အလွတ်တန်းရိုက်ကူးသူတွေဟာ ကိုယ်ပိုင်စိတ်ကူးတွေကို ရွေးချယ်နိုင်ပါတယ်။

မီဒီယာအဖွဲ့အစည်း၊ ကုမ္ပဏီ၊ ပရဟိတ၊ NGO၊ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုက တင်ပြစေချင်တဲ့ သတင်းဖြစ်စဉ်တစ်ခုကို အလွတ်တန်းရိုက်ကူးသူတွေကို ငှားရမ်းပြီး လုပ်ကိုင်စေနိုင်ပါတယ်။ ငှားရမ်းခြင်း(Commission)ဆိုတာ အကြောင်းအရာ၊ ချဉ်းကပ်လုပ်ဆောင်ပုံနည်းလမ်းနဲ့ ငွေကြေးပေးအပ်မှုတွေကို ကြိုတင်သဘောတူမှု ပြုလုပ်ပြီး အလုပ်တာဝန်ပေးအပ်ခြင်း(Assignment)ပဲ ဖြစ်ပါတယ်။

မီဒီယာအဖွဲ့အစည်းတွေဟာ လိုအပ်လာရင် ကမ္ဘာအနှံ့က Stringers(အလွတ်တန်း) လုပ်ကိုင်သူတွေနဲ့ မကြာခဏ အလုပ်လုပ်ကိုင်ကြပါတယ်။ ကိုယ်ပိုင်ဝန်ထမ်းတွေကိုလည်း အဖြစ်အပျက်၊ အရေးအခင်းတွေမှာ သတင်းရယူဖို့ စေလွှတ်တတ်ကြပေမယ့် မကြာသေးခင်နှစ်များအတွင်းက ကိုယ်ပိုင်ဝန်ထမ်းတွေကို စေလွှတ်တဲ့အရေအတွက် သိသိသာသာ ကျဆင်းလာပါတယ်။

ဘယ်သူ့ကို တာဝန်ပေးချက်(assignment) လုပ်ကိုင်စေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ကြရပါတယ်။ အမြင်ပိုင်းဆိုင်ရာ(ဓာတ်ပုံ/ဗီဒီယို) ဂျာနယ်လစ်တွေရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာ(အသက်၊ နိုင်ငံသား၊ လိင်၊ လူမျိုး) တွေကို ထည့်သွင်းစဉ်းစားရမှာလား? ဖြစ်စဉ်နေရာကို ရောက်နှင့်ပြီးသား ဒေသခံ အမြင်ပိုင်းဆိုင်ရာ ဂျာနယ်လစ်တစ်ယောက်ကို တာဝန်ပေးမှာလား ဒါမှမဟုတ် နိုင်ငံတကာ ဓာတ်ပုံရိုက်ကူးသူ၊ ထုတ်လုပ်သူတစ်ယောက်ကို ဖြစ်စဉ်ရှိရာ ခရီးသွားခိုင်းပြီး တာဝန်ပေးမှာလား? Assignment တစ်ခုရဲ့ အချိန်ကန့်သတ်ချက်က အမျိုးစုံဖြစ်နိုင်ပါတယ်။ စီမံချက်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး တစ်ရက်၊ နာရီအနည်းငယ်ကနေ လတွေ၊ နှစ်တွေအထိတောင် ကြာမြင့်နိုင်ပါတယ်။

Assignment(တာဝန်ပေးချက်) နဲ့ Project(စီမံချက်) တွေဟာ သူတို့ရဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး အများကြီး ကွာခြားပါတယ်။ Assignment ရဲ့ ရည်ရွယ်ချက်က သီးခြား နေရာနဲ့ အချိန်ကာလတစ်ခုမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြသဖို့လား? ရှုပ်ထွေးတဲ့ လူမှုဘဝပြဿနာတစ်ခုကို မြင်သာအောင် ပြသချင်တာလား? သီးခြားအခြေအနေတစ်ခုနဲ့ အရေးယူလုပ်ဆောင်မှုတစ်ခု ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ချက်တွေကို ထောက်ခံအားပေးဖို့လား? ပြဿနာတွေကို အာရုံထားမှာလား ဒါမှမဟုတ် ဖြေရှင်းချက်တွေကိုရော ရယူတင်ပြမှာလား?

ဖန်တီးထုတ်လုပ်ခြင်း
စိတ်ကူးအကြံအစည်တစ်ခုကနေ assignment ဒါမှမဟုတ် project တစ်ခု ဖြစ်လာပြီဆိုတာနဲ့ နောက်ထပ် ဆုံးဖြတ်ရမှာတွေကတော့ ဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတာပါပဲ။ ဓာတ်ပုံပညာရပ်တွေအားလုံးမှာ တီထွင်ဖန်တီးမှုဆိုင်ရာ ရွေးချယ်ရတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်ကြပါတယ်။

သတင်းဇာတ်လမ်းက ရုပ်သေနဲ့ ပြသတာ အကောင်းဆုံးဖြစ်မလား ဒါမှမဟုတ် ရုပ်ရှင်နဲ့ ပြသတာ အကောင်းဆုံးဖြစ်မလား?

Analogue နဲ့လား digital နဲ့လား?

ဘာကိရိယာတွေ သုံးရမလဲ? မတူတဲ့ ကင်မရာတွေ၊ မှန်ဘီလူးတွေဟာ မတူညီတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ Aperture နဲ့ exposure တွေ ချိန်ညှိပြီးတော့လည်း မြင်ကွင်းကို မတူညီတဲ့ နည်းလမ်းတွေနဲ့ မှတ်တမ်းတင်လို့ ရပါတယ်။ မြင်သာမှုမရှိတဲ့ အခြေအနေတွေကို မှတ်တမ်းတင်ဖို့ ISO ချိန်ညှိခြင်း၊ flash အသုံးပြုခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

ရောင်စုံနဲ့ ပြသမလား? အဖြူ၊ အမည်းနဲ့ ပြသမလား?

ရိုက်ကူးထားတာတွေကို တခြားအချက်အလက်တွေ (စာသား၊ အချက်အလက်ပုံရိပ်များ၊ ရောနှောထားသော မီဒီယာများ စသည်) တို့နဲ့ တင်ပြမှာလား?

ပြင်ဆင်တည်းဖြတ်ခြင်း
Assignment ဒါမှမဟုတ် project တစ်ခု ဖန်တီးထုတ်လုပ်ရာမှာ ဓာတ်ပုံရိုက်ကူးသူဟာ ဓာတ်ပုံနဲ့ဆိုင်တဲ့ အရာဝတ္ထုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးရပေမယ့် နောက်ဆုံး သတင်းဖြစ်စဉ်မှာတော့ အပြည့်အဝ ပါဝင်လာမှာ မဟုတ်ပါဘူး။ တခါတလေ ဓာတ်ပုံထောင်ပေါင်းများစွာ ရိုက်ကူးခဲ့ပေမယ့် တချို့ကို ရွေးချယ်ရတယ်၊ ဒါမှမဟုတ်ရင်လည်း နာရီပေါင်းများစွာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာ မိနစ် ၃၀ အောက် ဖြတ်တောက်လိုက်ရပါတယ်။ ပြင်ဆင်တည်းဖြတ်ခြင်းအဆင့်မှာ ဒီရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။

ဒီလုပ်ငန်းကို အမြင်ဆိုင်ရာ ဂျာနယ်လစ်ကဖြစ်စေ ဒါမှမဟုတ် အယ်ဒီတာကဖြစ်စေ လုပ်ကိုင်ရပါတယ်။ ပြင်ဆင်တည်းဖြတ်ခြင်းဟာ ဓာတ်ပုံရိုက်ကူးသူနဲ့ အယ်ဒီတာအကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အယ်ဒီတာတွေက သူတို့ကိုယ်တိုင် ရွေးချယ်မှုတွေ လုပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။

ဖြန့်ချီထုတ်ဝေခြင်း
Assignment တစ်ခုကို အဖွဲ့အစည်းတစ်ခုက ငှားရမ်းတာဝန်ပေးတာဆိုရင် ဒီလက်ရာတွေကို အဲဒီအဖွဲ့အစည်းက ဖြန့်ချီထုတ်ဝေပါလိမ့်မယ်။ အလွတ်တန်းရိုက်ကူးသူက ကိုယ်ပိုင်စီမံချက်တစ်ခုကို ဖန်တီးထုတ်လုပ်တာဆိုရင်တော့ ကိုယ်ပိုင် ဝက်ဘ်ဆိုက် ဒါမှမဟုတ် ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ချီထုတ်ဝေနိုင်ပါတယ်။

တခြားနေရာမှာ ဖြန့်ချီထုတ်ဝေချင်တယ်ဆိုရင်တော့ သူတို့ရဲ့ စီမံချက်ကို ထုတ်ဝေသူမျိုးစုံဆီကို လက်ခံထုတ်ဝေလာအောင် ရေးသားပြောဆိုဆက်သွယ်(Pitch)ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ပရိသတ်က မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အလွတ်တန်းရိုက်ကူးသူတွေအနေနဲ့ Pitch လုပ်ရာမှာ အယ်ဒီတာ၊ အကဲဖြတ်စိစစ်သူတွေကို ကိုယ့်ရဲ့ သတင်းဇာတ်လမ်းအကြောင်း စိတ်ဝင်စားလာအောင် ဆွဲဆောင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ရည်ရွယ်တဲ့ ဖြန့်ချိထုတ်ဝေသူတွေကို အောက်ပါအချက်တွေနဲ့ ချိန်ထိုးစဉ်းစားရမှာ ဖြစ်ပါတယ် –

သူတို့ဟာ အွန်လိုင်း ဖြန့်ချီထုတ်ဝေသူတွေလား?

မဂ္ဂဇင်း၊ စာအုပ်တွေ ပုံနှိပ်ထုတ်ဝေသူတွေလား?

ပြပွဲ၊ ပွဲတော်တွေမှာ ပြသမှာလား?


(ဒီဘာသာပြန်ချက်မှာ အောက်ပါ အကြောင်းအရာတွေကို ထည့်သွင်းပြန်ဆိုထားခြင်း မရှိပါဘူး။
Contests entry
Judging
Verification
Awarding
Curating
၂၀၂၅ World Press Photo Contest ကို ဘယ်လို ဝင်ရောက်ယှဉ်ပြိုင်ရမလဲ‘ ဆိုတာကို စိတ်ဝင်စားရင် ပြိုင်ပွဲအကြောင်း အသေးစိတ် ပြန်ဆိုချက်ကို လင့်ခ်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ ဘာသာပြန်သူ၏ မှတ်ချက်)