World Press Photo 2026 Contest

World Press Photo 2026 Contest

နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ World Press Photo ရဲ့ 2026 ခုနှစ်အတွက် သတင်းဓာတ်ပုံနှင့် မှတ်တမ်းဓာတ်ပုံ ပြိုင်ပွဲ စဖွင့်ပါပြီ။ အမြင့်ဆုံးဆုအနေနဲ့ ယူရို €11,000 နှင့် ပ၊ ဒု၊ တ အတွက် Fujifilm GFX ကင်မရာဆုပါရမှာဖြစ်ပြီး၊ ကျန်ဆုများအတွက်က တခုကို €1,000 ပေးမှာဖြစ်ပါတယ်။ ဆုရသူအားလုံး စုစုပေါင်း ၄၂ ယောက်ကို နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့က ဆုပေးပွဲတက်ဖို့ စားရိတ်ငြိမ်းအကုန်စီစဉ်ပေးမှာပါ။ 

ဒီသတင်း ဓာတ်ပုံဆုက ကမ္ဘာမှာ ဂုဏ်သိက္ခာရှိတဲ့ သတင်းနှင့် မှတ်တမ်း ဓာတ်ပုံဆိုင်ရာ ဆုမို့ ကိုယ့်မှာ အဲဒီအမျိုးအစားပုံတွေရှိရင် အသေအချာပြင်ဆင်၊ ဓာတ်ပုံစာ သေချာရေးပြီးပြိုင်သင့်ပါတယ်။ ဒီနှစ်မှာ အရင်လိုပဲ အာရှနှင့် သမုဒ္ဒရာကျွန်းနိုင်ငံများ ဒေသအတွက် ၁ ပုံခြင်း (single) ဆု ၃ ဆု၊ ဓာတ်ပုံဇာတ်လမ်းဆု (stories) ၃ ဆု နှင့် နှစ်ရှည်ဇာတ်လမ်းဆု (long-term story) ၁ ဆု ပေးမှာမို့ အခွင့်အရေးများပါတယ်။ 

ဒီပြိုင်ပွဲကို သတင်းဓာတ်ထောက် သို့ မှတ်တမ်းဓာတ်ပုံဆရာဖြစ်ကြောင်း သတင်းထောက်ကတ်၊ သတင်းစာမျက်နှာတွေမှာ ပါဖူးသူ အထောက်အထားရှိသူ မည်သူမဆို အခမဲ့ ပြိုင်လို့ရပါတယ်။ ဖောင်ပိတ်ရက်က ဇန်နဝါရီ ၁၇ ရက်နေ့ ၂၀၂၆ မှာ ပိတ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဓာတ်ပုံဆရာများ နှစ်စဉ်ဆုရတာ ၂၀၂၁ ကနေဆက်တိုက်ပါတာ ၅ နှစ်ရှိပြီဖြစ်တာမို့ ၆ နှစ်ဆက်ဖြစ်အောင် သတင်းဓာတ်ပုံ၊ မှတ်တမ်းဓာတ်ပုံသမားများ ဝင်ပြိုင်ပြီး ဆုတွေရယူနိုင်ကြပါစေ။ 

အသေးစိတ် စည်းကမ်းများကို World Press Photo မှာ ဖတ်ပေးပါ။