The most iconic photo in the history of punk

The most iconic photo in the history of punk

၁၉၇၉ ခုနှစ်၊ ဒီနေ့လိုနေ့မှာ ဓာတ်ပုံဆရာမ Pennie Smith ဟာ Punk နှင့် Rock n’ Roll ဂီတသမိုင်းမှာ အထင်ရှားဆုံး ဓာတ်ပုံတပုံကို ရိုက်ကူးခဲ့ပါတယ်။

‘London Calling’ အယ်လ်ဘမ်ရဲ့ မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့တဲ့ ဒီဓာတ်ပုံကို ၁၉၇၉ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့မှာ နယူးယောက်မြို့၊ Palladium မှာ ရိုက်ခဲ့တာပါ။

The Clash အဖွဲ့ရဲ့ ဘေ့စ်ဂစ်တာသမား Paul Simonon က အဲဒီညက ပရိသတ်တွေကို ထိုင်ခုံတွေကနေ မတ်တပ်ထအားပေးဖို့ ခွင့်မပြုတဲ့ လုံခြုံရေးတွေကို စိတ်ပျက်ပြီး ဘေ့စ်ဂစ်တာကို ရိုက်ချိုးခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ Simonon က “ဘေ့ဂစ်တာပေါ်ကို စိတ်ခံစားချက်တွေနဲ့ လွှဲချရိုက်လိုက်တာရယ်လို့တော့ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဂစ်တာက ဘာအပြစ်မှ မရှိဘူးလေ” လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံဆရာမ Pennie Smith

ဓာတ်ပုံဆရာမ Pennie Smith ကတော့ ဒီဓာတ်ပုံကို အယ်လ်ဘမ်မျက်နှာဖုံးအဖြစ် အသုံးမပြုစေချင်ခဲ့ပါဘူး။ ဓာတ်ပုံက အရမ်းမှုန် ဖိုးကပ်မပြတ်ပဲဝါးနေတယ်လို့ သူမက ယူဆခဲ့ပေမဲ့ Joe Strummer နဲ့ ဂရပ်ဖစ်ဒီဇိုင်နာ Ray Lowry တို့ကတော့ ဒါဟာ အယ်လ်ဘမ်မျက်နှာဖုံးအတွက် ကောင်းမွန်တဲ့ ဓာတ်ပုံတပုံဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်။ “ကျွန်မက ‘ဒီပုံက လုံးဝမှုန်နေတယ်၊ အဆင်မပြေဘူး’ လို့ ပြောခဲ့တာ” လို့ သူမက ပြောပါတယ်။ “ဒါပေမဲ့ Joe က မလက်ခံခဲ့ဘူး။ ‘ဒီပုံကပဲ အကောင်းဆုံးပုံ’ လို့ သူက ပြောခဲ့တယ်။ ဒါနဲ့ ကျွန်မလည်း ‘ကောင်းပြီ၊ ဘာမှ မငြင်းတော့ဘူး။ ဒါက မင်းတို့ရဲ့ အယ်လ်ဘမ်ပဲ၊ မင်းတို့ဘာသာ ဆက်လုပ်ကြတော့’ လို့ တွေးခဲ့တယ်” လို့ သူမက ပြောပါတယ်။ ဒီ အယ်လ်ဘမ်ရဲ့ ဒီဇိုင်းကတော့ ပရက်စလေရဲ့ အယ်လ်ဘမ် 1956 က ကာဗာကို Rock n’ Roll အစ ခေတ်ဦးကို ဂုဏ်ပြုတဲ့ အနေနဲ့ မှီညမ်းပြီးပြန်သုံးထားတာလို့ ဆိုပါတယ်။

သူမက အဲဒီ ဓာတ်ပုံရိုက်ကူးချိန်တုန်းက အသက် ၃၀ ရှိနေပြီဖြစ်ပြီး Rockstar ကြယ်ပွင့်တွေ၊ နာမည်ကြီးတီးဝိုင်းတော်တော်များများကို ဓာတ်ပုံရိုက်ကူးနေခဲ့တဲ့ ဓာတ်ပုံဆရာမ တဦးဖြစ်ပါတယ်။ သူမရိုက်ကူးခဲ့တဲ့ Rock band အချို့ကတော့ Led Zepplin, The Rolling Stones, The Jam, Alice Cooper, U2, Iggy Pop, Radiohead စတဲ့ နာမည်ကျော်တွေကို ရိုက်ကူးခဲ့ပါတယ်။ U2 အပါအဝင် တီးဝိုင်းအချို့က သူမကို ပင်တိုင်ဓာတ်ပုံဆရာအဖြစ် အလုပ်ခန့်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူမက အလွတ်တန်းအနေနဲ့ပဲ သူရိုက်ချင်တာ ရိုက်ဖို့ ငြင်းခဲ့တာပါ။


London Calling album cover ရိုက်ဖြစ်ခဲ့ပုံ

The Clash အဖွဲ့ရဲ့ ဘေ့စ်ဂစ်တာသမား Paul Simonon က နယူးယောက်မြို့၊ Palladium မှာ သူ့ဂစ်တာကို အပိုင်းပိုင်းဖြစ်အောင် ရိုက်ချိုးလိုက်ချိန်မှာ Pennie Smith က သူ့နဲ့ ခြောက်ပေတောင် မကွာတဲ့အကွာအဝေးမှာ ရပ်နေခဲ့တာပါ။ သူမဟာ ဒီအဖွဲ့ရဲ့ ပထမဆုံး အမေရိကန်ဖျော်ဖြေပွဲခရီးစဉ်မှာ ဓာတ်ပုံရိုက်ဖို့ နှစ်ပတ်ကြာ လိုက်ပါခဲ့ပေမဲ့ အမြဲတမ်း စင်မြင့်ရဲ့တဖက်ခြမ်း၊ ခေါင်းဆောင်ဂစ်တာသမား Mick Jones ဘေးမှာပဲ ပုံမှန်နေခဲ့တာပါ။

အဲဒီညမှာတော့ သူမဟာ နေရာပြောင်းပြီး စင်မြင့်ရဲ့တဖက်ခြမ်းကို ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ Simonon က ရုတ်တရက် သူမဘက်ကို လှည့်လာခဲ့တယ်လို့ သူမက ပြန်ပြောင်းပြောပြပါတယ်။ “သူ အရမ်းစိတ်တိုနေခဲ့တာ။ အဲဒါ သူ့ပုံစံမဟုတ်ဘူး” လို့ သူမက ပြောပါတယ်။ သူမရဲ့ ၃၅ မီလီမီတာဖလင် Pentax ကင်မရာနဲ့ ပုံပိုကောင်းအောင် တလှမ်းနောက်ဆုတ်လိုက်ချိန်မှာပဲ အားလုံး ပရမ်းပတာဖြစ်သွားပါတော့တယ်။ စိတ်ဆိုးဒေါသထွက်နေတဲ့ Simonon ဟာ သူ့ရဲ့ Fender Precision ဂစ်တာကို ပုဆိန်တလက်လို မြှောက်ပြီး အဆိုတော် Joe Strummer ကို ကျောပေးကာ အောက်ကို ရိုက်ချလိုက်ပါတော့တယ်။ “အဲဒီပုံကို ရိုက်ဖို့ ရွေးချယ်ခဲ့တာ မဟုတ်ဘူး” လို့ Smith က ပြောပါတယ်။ “ကျွန်မရဲ့ လက်ချောင်းက သူ့အလိုလို ရိုက်မိသွားတာ” လို့လည်း ဆိုပါတယ်။

ဒီဓာတ်ပုံဟာ Simonon ရဲ့ ဒေါသကို မထင်ရှားလှတဲ့ ဝါးနေတဲ့ အဖြူအမည်းပုံစံနဲ့ အမှတ်ရစရာဖြစ်စေခဲ့ပါတယ်။ ဒါဟာ နယူးယောက်ပရိသတ်တွေ တညလုံး ထိုင်ခုံတွေမှာ ထိုင်နေကြပြီး မတ်တပ်ရပ်ပြီး အားပေးခွင့်မရှိတဲ့ အပေါ် စိတ်ခံစားမှုအရ တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ သူက နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။ “ပုံထဲမှာ ပါတဲ့သူက Paul မှန်း သေချာမသိနိုင်ဘူး။ ဒါပေမဲ့ ဒါကပဲ အဓိပ္ပာယ်ရှိနေတယ်လို့ ထင်ပါတယ်” လို့ Smith က ပြောပါတယ်။

The Clash bassist’s broken fender on display in a museum

နောက်နေ့ ခရီးသွားဘတ်စ်ကားပေါ်မှာ Strummer ဟာ ဒီပုံကို London Calling အယ်လ်ဘမ်ရဲ့ မျက်နှာဖုံးအတွက် ရွေးချယ်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီအယ်လ်ဘမ်ဟာ The Clash အဖွဲ့ရဲ့ အကောင်းဆုံး လက်ရာဖြစ်လာခဲ့ပြီး အမြဲတမ်း အကြီးကျယ်ဆုံး၊ အလွှမ်းမိုးဆုံး အယ်လ်ဘမ်တွေထဲက တခုအဖြစ် သတ်မှတ်ခံရဆဲပါ။ ပန့်ခ်၊ ရပ်ဂေး၊ ဘလူးစ်နဲ့ ရော့ခ်ကာဘီလီတို့ကို ပေါင်းစပ်ထားတဲ့ ဒီအယ်လ်ဘမ်ဟာ U2 ကနေ Springsteen၊ Nirvana ကနေ Beastie Boys အထိ band တိုင်းက သူတို့အတွက် အရေးပါတဲ့ လွှမ်းမိုးမှုရှိတဲ့ အယ်လ်ဘမ် တခုဖြစ်တယ်လို့ သူတို့အားလုံး ညွှန်းဖူးကြပါတယ်။ “သူတို့ဟာ အရာအားလုံးကို ပြောင်းလဲစေခဲ့တဲ့ အဖွဲ့ပါ” လို့ Chuck D က Public Enemy အဖွဲ့ဟာ The Clash နဲ့တူတဲ့ ရပ်ဂီတအဖွဲ့ဖြစ်ဖို့ ရည်ရွယ်ခဲ့ကြောင်း ထုတ်ပြောဖူးခဲ့ပါတယ်။ ဒီ အယ်လ်ဘမ် ကာဗာ ဓာတ်ပုံဟာ The Rolling Stone မဂ္ဂဇင်းက အကောင်းဆုံး Rock n’ Roll အခွေများရဲ့ ကာဗာ ဓာတ်ပုံ ၁၀၀ စာရင်းမှာ ထိပ်တန်း နံပါတ် ၈ နေရာက ပုံအနေနဲ့ သတ်မှတ်ထားသလို၊ ဒီအခွေက သီချင်းတွေဟာလဲ ဒီနေ့ အချိန်ထိ ဂီတ ရူးသွပ်သူတွေကြားမှာ အောင်မြင်နေသေးတဲ့ အခွေတခုဖြစ်ပါတယ်။

ကိုးကား – The Guardian, BBC