Open Call : Foam Talent Call 2026

Open Call : Foam Talent Call 2026

Foam Magazine ကနေ ၂ နှစ်တခါ လုပ်လေ့ရှိတဲ့ Foam Talent Call (biennial) ဓာတ်ပုံပြပွဲ အတွက် open call ခေါ်နေပါပြီ။ ဒီပွဲမှာက fine art, အတွေးအမြင်၊ စိတ်ကူးပုံဖော်၊ မှတ်တမ်း စတဲ့ ဓာတ်ပုံအမျိုးအစားစုံတင်လို့ရပါတယ်၊ အရင်နှစ်တွေက အရွေးခံရတဲ့ စီးရီးတွေကို မတင်ခင်လေ့လာကြည့်စေချင်ပါတယ်။ ဒီပြပွဲက ဓာတ်ပုံစရာ အသစ်တွေကို မြေတောင်မြှောက်ပေးတဲ့ပွဲမို့ အရွေးခံရရင် ကိုယ့်လက်ရာတွေကို လူသိလာပြီး အချိတ်အဆက်တွေ တည်ဆောက်နိုင်မှာပါ။

Foam မဂ္ဂဇင်းဟာ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ အခြေစိုက်ဖြစ်ပြီး ဓာတ်ပုံပြတိုက်နှင့် နိုင်ငံတကာက ပြတိုက်တွေနဲ့ပါ ချိတ်ဆက်ပြီး ဓာတ်ပုံပြပွဲတွေ စီစဉ်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့က ၂၀၀၇ ခုနှစ်ကနေစပြီး ၂ နှစ်တကြိမ် Foam Talent ပြပွဲတွေလုပ်ခဲ့တာပါ၊ အဓိကကတော့ လူငယ်၊ လူမသိ မထင်ရှားသေးတဲ့ ဓာတ်ပုံဆရာ အသစ်တွေကို မြေတောင်မြှောက်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ။

တကယ်လို့ အရွေးခံရရင် နောက်နှစ်မှာထွက်မယ် Foam Magazine မှာလဲ ပုံနှိပ်ဖော်ပြခံရမှာဖြစ်သလို၊ နယ်သာလန်က Foam ပြတိုက်မှာလဲ ဓာတ်ပုံပြပွဲတွေလုပ်ပေးမှာပါ။ ဒီပွဲတွေက လနဲ့ချီပြီး အကြာကြီးပြတာဖြစ်လို့ ကိုယ့်လက်ရာတွေကို ဥရောပက လူအများကြီးတွေ့မြင်မှာဖြစ်သလို ကိုယ့်ရဲ့ အနုပညာလမ်းကြောင်း ဖောက်ဖို့၊ လူသိလာဖို့ အခွင့်အရေးလဲဖြစ်ပါတယ်။ နယ်သာလန်တင်မဟုတ်ပဲ အခြားမြို့ကြီးတွေပါ ဆက်ပြလေ့ရှိပါတယ်။ အရွေးခံရတဲ့ ဓာတ်ပုံဆရာတိုင်းကို €1600 အနုပညာလက်ရာကြေးပေးမှာပါ။ ဒီ အရွေးခံရတဲ့ ဓာတ်ပုံဆရာတွေထဲကမှ တယောက်ရဲ့ လက်ရာကိုလဲ Art Collection Deutsche Börse ပြတိုက်ကနေ ဝယ်ဖို့ အစီအစဉ်ရှိပါတယ်။

လျောက်မယ်ဆို € 30 ပေးရမှာဖြစ်ပြီး မည်သူမဆို အသက်ကန့်သတ်ချက်မရှိလျောက်လို့ရပါတယ်။ သို့ပေမယ့် လျောက်ထားသူ ဓာတ်ပုံဆရာက ပရိုဖက်ရှင်နယ် မဟုတ်သေးတဲ့ လမ်းဖောက်ကာစ ဓာတ်ပုံဆရာ ဖြစ်ရမယ်လို့ ဆိုပါတယ်။ တကယ်လို့ ဆင်းရဲတဲ့နိုင်ငံ၊ စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံက ဓာတ်ပုံဆရာတွေဆိုရင်တော့ လျောက်လွှာကြေးမပေးရအောင် အသနားခံစာ တင်လို့ရတယ်လို့ပြောပါတယ်။ တင်ရမယ့် ပုံစံနဲ့ အီးမေးလ်ကိုတော့ ကိုယ့်ဖာသာ web site မှာ ရှာဖတ်ကြည့်စေချင်ပါတယ်။ ဓာတ်ပုံ ၈ ပုံကနေ ၁၀ ပါတဲ့ စီးရီး ၂ ခု တင်ရမယ်လို့ ဆိုပါတယ်၊ portfolio အနေနဲ့ပေါ့။ ဒီ Foam Talent မှာ မြန်မာ ဓာတ်ပုံဆရာ တယောက်လဲ အရွေးခံရဖူးပါတယ်။ နောက်ဆုံးတင်ရမယ့် နေ့ကတော့ နိုဝင်ဘာလ ၉ ရက်နေ့ပါ။