ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ခေတ္တ နေထိုင်ရင်း အနုပညာအလုပ်တွေလုပ်ခွင့်ရမယ့် Art Residency Open Call ရှိပါတယ်။ တကယ်လို့ အရွေးခံရရင် အခြား အနုပညာသမားတွေနဲ့ ဆွေးနွေးဖို့ လုပ်လက်စ လက်ရာတွေဆက်လုပ်ဖို့ အခွင့်အလမ်းရှိမှာဖြစ်ပြီး နေထိုင်ဖို့ နေရာ၊ စားသောက်စားရိတ်လဲ စီစဉ်ပေးမှာ လို့ဆိုပါတယ်။ အသေးစိတ်ကို အောက်က ပို့စ်မှာ ကြည့်နိုင်ပါတယ်။ အခြား သိလိုသည်များကို A New Burma က အီးမေးလ်နဲ့ မေးလို့ရပါတယ်၊ အနုလက်ရာ ဖန်တီးသူတွေအတွက် အခွင့်အလမ်းတခုမို့ ထပ်ဆင့် မျှဝေတာဖြစ်ပါတယ်။
A New Burma Art Residency
Open Call: A New Burma Art Residency Program 2025 – မြန်မာ့အနုပညာရှင်များအတွက် ပေးအပ်သည့် Art Residency အစီအစဉ်၏ လျှောက်လွှာများ စတင် လက်ခံနေပါပြီ။
A New Burma Art Residency Program – 2025 သည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုနှင့် အကြမ်းဖက် ဖိနှိပ်မှုတို့ကြားမှ ရုန်းထွက်လာရသည့် မြန်မာ့အနုပညာရှင်များ၊ စာရေးဆရာများ၊ တေးသံရှင်များ နှင့် ဂီတဖန်တီးသူများအတွက် လုံခြုံတဲ့ ရပ်ဝန်းငယ် ပလက်ဖောင်း တစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်ဖို့ အနုပညာ ဖန်တီးမှုတွေ တိုးတက်လာအောင် အထောက်အပံ့ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
ငြိမ်းချမ်းပြီး သာယာလှပတဲ့ တောင်တန်းတွေကြားက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လေးဟာ အခု program အတွက် အထူးသင့်တော်တဲ့ နေရာပဲ ဖြစ်ပါတယ်။ အမိအိမ်နဲ့ဝေးရာ ဒီမြို့လေးမှာ တစ်ဦးနဲ့တစ်ဦး နွေးနွေးထွေးထွေးဖြင့် တိုးတက်ကောင်းမွန်တဲ့ အနုပညာရပ်ဝန်းကို ပြန်လည်ဖော်ဆောင်ရင်း ၊ မိမိ နှစ်သက်ရာ အနုပညာ ဖန်တီးမှုတွေကို ဆက်လက်၍ အေးအေးချမ်းချမ်း လုပ်ကိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
ယခု အစီအစဉ်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၁ရက် အထိ ဖြစ်ပြီး ရွေးချယ်ခံရသူများသည် အဆိုပါ ကာလတလျှောက်လုံး ချင်းမိုင်မြို့တွင် နေထိုင်ရမည် ဖြစ်ပါသည်။ ယခု အစီအစဉ်တွင် အနုပညာ နယ်ပယ်အရပ်ရပ်မှ အတွေ့အကြုံရှိ ပညာရှင်များရဲ့ လမ်းညွှန်း ဆွေးနွေးမှုများလည်း ပါဝင်မည် ဖြစ်ပါတယ်။
အစီအစဉ်ကာလ ၆ လတာအတွင်း ချင်းမိုင်မြို့တွင် နေထိုင်ရန်သာမက နေ့စဉ် စားစရိတ်နှင့် မြို့တွင်းသွားလာစရိတ်တို့အား စီစဉ် ပံ့ပိုးပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ အနုပညာလက်ရာ ဖန်တီးမှုများအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလည်း ထောက်ပံ့ပေးမည် ဖြစ်ပါသည်။
လျှောက်ထားနိုင်သူများ
– အသက် ၁၈ နှစ်ပြည့်ပြီး မြန်မာနိုင်ငံသား အနုပညာရှင် ဖြစ်ရပါမည်။
– ပတ်စ်ပို့သက်တမ်းမှာ အနည်းဆုံး ၈ လ မှ ၁၀ လ အထိ ရှိရမည် ဖြစ်ပါသည်။
– အစီအစဉ် ပြီးဆုံးသည် အထိ ထိုင်းနိုင်ငံ အတွင်းမှာ တရားဝင် နေထိုင်ပြီး ခရီးသွားလာရန်အတွက် လိုအပ်သော စာရွက်စာတမ်းများပါ ရှိရပါမည်။
– ဖန်တီးမှု လက်ရာများနှင့် ပတ်သက်၍ အနုပညာအမျိုးအစားဆိုင်ရာ စည်းကမ်း ကန့်သတ်ချက်များ မရှိပါ။
– ဒေသခံ အသိုင်းအဝိုင်း (သို့မဟုတ်) အခြားသော လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည် အတွေ့အကြုံရှိသူများကို ဦးစားပေးသွားပါမည်။
ဤအစီအစဉ်နှင့် ပတ်သက်သည့် အချိန်ဇယား၊ လျှောက်လွှာပုံစံ၊ ပံ့ပိုးမှု အကြောင်းအရာ၊ လျှောက်ထားနိုင်သူများနှင့် ရွေးချယ်မည့် စံသတ်မှတ်ချက်များအပြင် အခြား အသေးစိတ် အချက်အလက်များအား အောက်ပါ Program Info Pack တွင် ဖော်ပြထားပါသည်။
(Link) https://docs.google.com/…/1AFLK2ib5OlIprIrE4UPz…/edit…
လျှောက်လွှာတင်ရန် နောက်ဆုံးရက်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်၊ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ် ဖြစ်ပါသည်။
အွန်လိုင်းမှ တဆင့် လျှောက်လွှာ မဖြည့်မီ – အနုပညာလက်ရာ စုစည်းမှုမှတ်တမ်း (Portfolio)၊ ပရောဂျက် အဆိုပြုချက် အကျဉ်းချုပ် နှင့် နိုင်ငံကူးလက်မှတ်၏ ပထမဆုံး စာမျက်နှာ (Information Page) စသည်တို့ကို Upload တင်ရန် ကြိုတင် ပြင်ဆင်ထားဖို့ အကြံပြုအပ်ပါသည်။
လျှောက်လွှာတွင် ဖြည့်သွင်းခဲ့သော ဆက်သွယ်ရန် အချက်အလက်များအတိုင်း အကြောင်းကြားပေးမည် ဖြစ်သောကြောင့် အဆိုပါ အချက်များအား တိကျ မှန်ကန်စွာ ဖြည့်ရန် တိုက်တွန်းအပ်ပါသည်။
အခြားသော သိလိုသည်များကို မေးမြန်းလိုပါက info@anewburma.org သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

