ဆရာမ မခင်စန္ဒာညွန့် ကို ကျွန်တော် စဆုံဖူးတာက ဒီမောဆိုး အရှေ့ခြမ်းက တောအုပ်ထဲက စာသင်ကျောင်းမှာ ၂၀၂၂ ကမှ လူခြင်းဆုံဖူးပါတယ်။ အရင်ကတည်းက ဓာတ်ပုံတွေရိုက်တယ်၊ စာသင်တယ်၊ မှတ်တမ်းတွေပြုစုတဲ့ သူအနေနဲ့ သိခဲ့သလို သူရဲ့ Indivisible တကိုယ်တော် ဓာတ်ပုံပြပွဲကိုလဲ ဒီလို အောက်တိုဘာလ ၂၀၂၃ တုန်းက ချင်းမိုင်မှာ ကြည့်ခဲ့ရတယ်။ အဲဒီပြပွဲတုန်းကတော့ ရှေ့တန်းက ဆေးအဖွဲ့တွေနဲ့ စစ်ဒဏ်ပိခံစားရတဲ့ လူထု ရဲ့ ကျန်းမာရေး အခက်အခဲတွေကို ဓာတ်ပုံ၊ ဗီဒီယို တွေနဲ့ တင်ဆက်ခဲ့တဲ့ပြပွဲပါ။ အဲဒီပွဲပြီး ကြားထဲတော့ လူခြင်းက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ဆုံဖြစ်သေးတယ် သူက အဲဒီတုန်းက လွိုင်ကော်မြို့ တိုက်ပွဲမှာ ဓာတ်ပုံလိုက်ရိုက်နေတာပေါ့။ နောက်ပိုင်းတော့ မရွှေ ကပြောလို့ လုံးချင်းစာအုပ် ၁ အုပ် စီစဉ်နေတယ်ဆိုတာ သိရတယ်။
ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ မခင်စန္ဒာညွန့် ရဲ့ ဓာတ်ပုံ စာအုပ် တရားဝင်စဖြန့်ပြီး ချင်းမိုင် Alliance Francise မှာ ပြပွဲနှင့် ဖွင့်ပွဲ အခမ်းအနား ရှိပါမယ်။ ဖွင့်ပွဲအခမ်းအနားကတော့ ၃ နာရီကနေ ၆ နာရီအထိပါ ဒီပွဲမှာ စာအုပ်ကိုလဲ တပါထဲ ဝယ်လို့ရပါတယ်၊ စာအုပ်ကို ထုတ်ဝေသူကတော့ A New Burma အဖွဲ့က ဖြစ်ပါတယ်။ ပြပွဲကို အောက်တိုဘာ ၂၅ ကနေ ၃၁ ရက်နေ့အထိပြသမှာဖြစ်ပါတယ်။ ဒီစာအုပ်ကို ပထမအကြိမ်ပုံနှိပ် အနေနဲ့ အုပ် ၈၀ ပဲ ပုံနှိပ်ထားတာဖြစ်ပါတယ်၊ ဝယ်ယူမယ်ဆို ဒီပို့စ်အောက်ဆုံးက Google form ကနေ မှာ ယူနိုင်ပါတယ်။ နိုင်ငံတကာကိုလဲ စာတိုက်ကနေ ပို့ပေးနိုင်တယ်လို့ ဆိုပါတယ်။ စာအုပ် အမည်ကိုတော့ “Purple Flowers Will Bloom” လို့ အမည်ပေးထားပါတယ်။

Purple Flowers Will Bloom – by Khin Sandar Nyunt
ဒီ ဓာတ်ပုံစာအုပ်က ဓာတ်ပုံစာအုပ်လို့ ဆိုပေမယ့် ဓာတ်ပုံစာအုပ်ထက်ပိုပါတယ်၊ စာဖတ်သူအနေနဲ့ အရုပ်အားဖြင့် ကြည့်ရှု၊ နားလည်၊ ခံစားလို့ရမယ့် ဓာတ်ပုံတွေ ပါသလို၊ မစန္ဒာရဲ့ လက်ရေးမူ မြန်မာစာနဲ့ ရေးထားတဲ့ ကိုယ်တိုင်ရေး နေ့စဉ်မှတ်တမ်းလဲပါတာမို့ ပိုပြီးရသစုံပါတယ်။ ဒီစာအုပ်ဟာ မစန္ဒာ လိုက်သွားခဲ့တဲ့ ၂၀၂၄ နှစ်အစက ရှားတောမြို့နယ် တိုက်ပွဲရက်တွေက နေ့ရက်တွေအကြောင်းနဲ့ ဓာတ်ပုံတွေ ကို မြင်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အများစု သိကြတဲ့ အနည်းဆုံးကြားဖူးကြတဲ့ အရင်အစိုးရ အဆက်ဆက်ရဲ့ အခေါ် ရှားတောမြို့နယ်ပေါ့နော် ကယား (ကရင်နီ) ဒေသက သံလွင်မြစ်အရှေ့ခြမ်းမှာ တည်ရှိပြီးတော့ ဒေသခံ ကရင်နီလူမျိုးတွေ အနေနဲ့ကတော့ ဆိုမိုမြို့နယ်၊ ဆိုတရှားမြို့နယ် နဲ့ ဖေစိုးလေး မြို့နယ် ၃ ခုကို ခေါ်နေတာဖြစ်ပြီး ဒီဒေသက စစ်ကောင်စီကို တိုက်ထုတ်ပြီး လွတ်မြောက်ဒေသအဖြစ် ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲက ကြုံခဲ့ရတာတွေကို မြင်တွေ့၊ ဖတ်ရှုရမှာပါ။
ဒီစာအုပ်ထဲက ဒိုင်ယာရီမှာတော့ နေ့စဉ် နောက်တန်း စခန်းက ရိက္ခာထုပ် အတွက် ထမင်းဟင်းချက်ပုံက အစ၊ လက်နက်ကြီး လေယာဉ်တွေနဲ့ စကစ က ပစ်အားသုံး အသာစီးရဖို့ ကြိုးစားပုံတွေ၊ တပ်ပေါင်းစု အလုပ်လုပ်ပုံ၊ ဦးဆောင်သူ ကိုရီးဒူ ရဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒီပွဲကို မရရအောင် အကောင်အထည်ဖော်ရပုံတွေ ကို ဖတ်ရှုရမှာပါ။ စစ်ရေး၊ နိုင်ငံရေးတွေ ချည်းပဲမဟုတ်ပဲ အရပ်သားတွေရဲ့ လူမှုဘဝ၊ ကျန်းမာရေး၊ ပညာရေး အပိုင်းတွေကိုလဲ ဒိုင်ယာရီကနေ ဖတ်ရှုရမှာပါ။
ဓာတ်ပုံအနေနဲ့ကတော့ အဖြူအမည်းပုံများဖြစ်ပြီး၊ ပုံတွေတိုင်းက အားကောင်းလှပါတယ်။ စစ်ပွဲက ပုံတွေ အဓိကပါဝင်ပြီး၊ အားတက်စရာ ပုံတွေပါသလို စစ်ရဲ့အနိဌာရုံ ပုံအချို့လဲ ပါတာမို့ တလရ ကာလမှ ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေကိုလဲမြင်ရပါတယ်။ နောက် ဓာတ်ပုံအပြင် စကစ ရဲ့ အောက်ခြေငယ်ကျွန်တွေကို အပေါစား ချွေးသိပ်မှု ပစ္စည်းတွေဖြစ်တဲ့ ပုခုံးတပ်ဘားတန်း အပွင့်တွေ၊ အဆောင်အင်း နဲ့ ကျည်လွဲဂါထာ ဆိုတဲ့ ပလပ်စတစ်လောင်းထားတဲ့ ကတ်တွေက ပါမြင်ရမှာပါ။ ဒေသမြင်ကွင်းကျယ်တွေကိုမြင်ရမှာဖြစ်သလို ရဲဘော်တွေရဲ့ တိုက်ပွဲက ပုံတွေပါသလို၊ ဒေသန္တရ မြင်ကွင်းတွေ၊ ဘုရားကျောင်း၊ စေတီတွေနဲ့ အရပ်သားတွေရဲ့ ဘဝတွေပါ မြင်ရမှာပါ။ ကျွန်တော်လို အဲဒီဒေသမရောက်ဖူးသူကို စာအုပ်က အရောက်ခေါ်သွားပေးနိုင်စွမ်းရှိပါတယ်။

ဒီစာအုပ်ကို တည်းဖြတ် နှင့် ဒီဇိုင်း လုပ်ပေးသူက မရွှေဖြစ်ပါတယ်။ ဒီစာအုပ်က အထက်ကရေးခဲ့သလို မစန္ဒာရဲ့ နေ့စဉ်မှတ်တမ်း လက်ရေးမူပါ အပါ ထုတ်ထားတာဆိုပေမယ့် အင်္ဂလိပ်လို ဘာသာပြန်ပါတာမို့ နိုင်ငံခြားက မြန်မာအရေးစိတ်ဝင်စားသူတွေပါ ဖတ်ရှုလို့ရပါတယ်။ စာအုပ်က အုပ်ရေ ၈၀ ပဲ ပုံနှိပ်ထားတာမို့ ဝယ်သိမ်းမယ်ဆို မြန်မြန်မှာ မှ စိတ်ချရမှာပါ၊ နောက်တခုက ဒီစာအုပ်က အကောင်းဆုံးဖြစ်အောင် အားလုံးက ဝိုင်းဖန်တီးထားတာမို့ ဈေးအနေနဲ့ များတယ်လို့ မဆိုနိုင်ပါဘူး အဖုံး၊ အတွင်းအပြင်က အစ အကောင်းဆုံးဖြစ်အောင် အကြိမ်ကြိမ် အစမ်းထုတ်တွေ အများကြီးထုတ်ပြီးမှ ထုတ်ထားတာလို့ မရွှေက ပြောပါတယ်။
ကျွန်တော်အခု လက်ရှိ ဆောင်းပါးရေးဖို့ ခဏ ငှားလိုက်တဲ့ စာအုပ်တောင် final version မဟုတ်ပဲ hard cover နဲ့ ခန့်ညားနေပါပြီ။ Final version က ပိုပြီးကောင်းအောင်လုပ်ထားတယ်လို့ ဆိုပါတယ်။ စာအုပ်က ဝယ်ရင် hard cover နဲ့ တအုပ်နောက် အသေးတအုပ် တွဲလျက် ပါမှာဖြစ်ပါတယ်၊ theme design အနေနဲ့ အကြီးအသေး ၂ အုပ်ပေါင်း ၁ အုပ်အနေနဲ့ လုပ်ထားတာပါ။ အသေးက hardcover အဖုံးအတွင်းဖက်မှာ ထည့်ဖို့ အကန့်လေးနဲ့ပါလာမှာပါ။ မြန်မာပြည်က စာအုပ်ကို ဒီလို ကွာလတီ၊ ဒီဇိုင်းနဲ့ မြင်ရဖို့ မလွယ်ပါဘူး၊ နောက် ကာလမှ တော်လှန်ရေး မှတ်တမ်းဆို ထုတ်ဖို့ နိုင်ငံခြားမှာ ထုတ်ရတာရယ် အားစိုက်ထုတ်မှု ပိုထုတ်ရတာမို့ ပိုမလွယ်ပါဘူး။ တကယ် စုမယ်ဆို စုထားသင့်တဲ့ စာအုပ် တအုပ်လို့ ပြောလို့ရပါတယ်။ စာအုပ်ရဲ့ ထုတ်ဝေမှုကနေ ရရှိမယ့် အကျိုးအမြတ်ကိုလဲ တလရ အဖွဲ့တွေဆီ စီးဆင်းမယ်လို့ ဆိုပါတယ်။

ချင်းမိုင်မှာ ရှိခဲ့ရင် သွားရောက်ကြည့်သင့်တဲ့ ဓာတ်ပုံ နှင့် စာအုပ် launch လုပ်တဲ့ပွဲဖြစ်ပါတယ်။ ပြပွဲကတော့ ဒီစာအုပ် စီစဉ် တည်းဖြတ်ပုံ၊ စာအုပ်ထုတ်ဖို့ အကြိမ်ကြိမ်ထုတ်ခဲ့တဲ့ မှုကြမ်းတွေလဲ ပြထားမယ်လို့သိရပါတယ်။ ကြုံရင်တော့ သွားကြည့်စေချင်ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ မခင်စန္ဒာညွန့်၊ တည်းဖြတ် နှင့် ထုတ်ဝေသူတို့ ပါဝင်မယ့် စကားဝိုင်း ကို ချင်းမိုင် Alliance Française de Chiang Mai မှာ နေ့လည် ၃ နာရီကနေစ in-person စကားဝိုင်းရှိတာမို့ ဓာတ်ပုံအကြောင်း၊ မှတ်တမ်းအကြောင်းစိတ်ဝင်စားသူတွေ၊ စာအုပ် တည်းဖြတ်နဲ့ ထုတ်လုပ်ရေး စီစဉ်ပုံတွေ လေ့လာချင်သူတွေ အမေးအဖြေလုပ်ခွင့်ရမှာမို့ သွားတက်ဖို့ တိုက်တွန်းပါတယ်။ စာအုပ်ဝယ်ယူလိုတယ်ဆိုရင်တော့ အောက်က Google Form ကို ဖြည့်ပြီးမှာလို့ရပါတယ်၊ ကမ္ဘာအနှံ့ စာတိုက်ကနေ ပို့ပေးတယ်လို့ ဆိုပါတယ်။
📓 Order Here – Google Form

This compelling photobook, accompanied by a frontline diary, documents the Shardaw mission in Karenni State, Myanmar. Khin Sandar Nyunt — a documentary photographer and ethnographer — embedded herself with resistance forces during the mission, which took place from January to February 2024.
Her documentation, however, extends beyond the battlefield, covering the planning phase in December 2023 through to the aftermath.
Through raw imagery and intimate diary entries, Photography and Frontline Daily Diary offers an unfiltered, introspective account of life on the frontline. Through them, Sandar reveals the emotional terrain of war: its moments of clarity and chaos, and the fragile balance between cruelty and humanity.
This work invites readers into the heart of a conflict zone, revealing how a mission is conceived, executed, and remembered — and how it continues to shape those who endure it.
Opening Event: 25th Oct 3 pm to 6 pm
Address: Alliance Française de Chiang Mai
138 Charon Prathet Road
25th – 31st October, 2025
9:30 am – 12 pm, 2 pm – 6:30 pm

