Lynn Johnson on the Heroic Nature of Humanity

Lynn Johnson on the Heroic Nature of Humanity

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က National Geographic Magazine ရဲ့ ၁၂၅ နှစ်မြောက် နှစ်ပတ်လည်အဖြစ် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးစီးရီးတွေထဲက Lynn Johnson ရဲ့ အင်တာဗျူးဖြစ်ပါတယ်။

Lynn Johnson: ဒါက စွဲလမ်းမှုတစ်ခုပဲ။ အပြင်ထွက်ပြီး မြေပြင်ကိုသွားရတာ၊ လူတွေရဲ့ ပြင်းထန်တဲ့ ခံစားချက်တွေနဲ့ ထိတွေ့ရတာ၊ မယုံနိုင်လောက်အောင် လှပတဲ့အခြေအနေတွေနဲ့ လူတွေ ရှင်သန်နေနိုင်ကြတဲ့ ကြေကွဲစရာ အခြေအနေတွေကို မြင်ရတာ၊ လူသားတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ သဘာဝတွေကို မြင်ရတာမျိုးပေါ့။ အရောင်အသွေးတွေကို မြင်ရဖို့၊ ပြုမူကျင့်ကြံပုံတွေကို မြင်ရဖို့၊ ကိုယ်မဖြစ်နိုင်ပေမယ့် ဖြစ်ချင်နေတဲ့အရာတွေကို မြင်ရဖို့၊ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်တဲ့ အရာတွေကိုပေါ့။ ကျွန်မဆိုလိုတာက ရှင် အိမ်မှာနေပြီး တီဗီပဲ ထိုင်ကြည့်နေချင်သလား။ မဟုတ်ဘူးလေ။ သိတယ်မဟုတ်လား။ ကျွန်မအပြင်ထွက်ပြီး အမှန်တကယ် ဘာတွေဖြစ်နေသလဲ ကြည့်ချင်တယ်။

ကျွန်မဆိုလိုတာက ရှင် အိမ်မှာနေပြီး တီဗီပဲ ထိုင်ကြည့်နေချင်သလား။ မဟုတ်ဘူးလေ။

Lynn Johnson: ဓာတ်ပုံတွေဟာ လူတွေရဲ့ဘဝကို ပြောင်းလဲပေးနိုင်လောက်အောင် စွမ်းအားကြီးမားတယ်။ သမိုင်းကိုတောင် ပြောင်းလဲနိုင်တယ်။ ဓာတ်ပုံတစ်ပုံတည်းနဲ့ ဖြစ်ချင်မှ ဖြစ်မယ်။ လူတွေကို တကယ်တမ်း ရှေ့ဆက်လှုပ်ရှားစေဖို့၊ အရေးယူဆောင်ရွက်စေဖို့အတွက် လူတစ်ဦးချင်းစီရဲ့ အသိစိတ်၊ နိုင်ငံသားတွေရဲ့ အသိစိတ်တွေထဲမှာ ဓာတ်ပုံထောင်ပေါင်းများစွာ အထပ်လိုက် အလွှာလိုက် ပေါင်းစည်းပြီးတော့ ဖြစ်လာနိုင်တယ်။ ဓာတ်ပုံတွေမှာ ဒီလိုစွမ်းအားမျိုး ရှိတယ်လို့ ကျွန်မ တကယ်ယုံကြည်တယ်။

ဓာတ်ပုံတစ်ပုံတည်းနဲ့ ဖြစ်ချင်မှ ဖြစ်မယ်။

Lynn Johnson: ကင်မရာကနေတစ်ဆင့် ကင်မရာရဲ့ တစ်ဘက်ခြမ်း ကိုယ့်ရှေ့မှာရှိတဲ့ ဘဝတွေကို အလွန်အင်မတန်စစ်မှန်တဲ့ ခံစားမှုရစေနိုင်ပါတယ်။ အရာအားလုံးနဲ့ အဆက်အသွယ်ပြတ်ပြီး ကိုယ့်ရဲ့ဘဝတစ်ခုလုံးကလည်း အရေးမပါတော့ဘူး။ အဲဒီ အဖြစ်အပျက်ထဲမှာပဲ၊ အဲဒီလူတွေရဲ့ဘဝတွေထဲမှာပဲ နေထိုင်နေရသလို ခံစားရတယ်။ ကင်မရာက အရေးမကြီးဘူးဆိုတာ ဓာတ်ပုံပညာက ကျွန်မကို သင်ပေးခဲ့တယ်။ ကင်မရာ မရှိလည်း ပြည့်စုံတဲ့ ဘဝတစ်ခု ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများကြီး မြင်တွေ့လာခဲ့ရပြီးတဲ့နောက် ကျွန်မဆက်သွားနိုင်တယ်၊ သိလိုစိတ်တွေ ဆက်ရှိနေဖို့ တခြားနည်းလမ်း ရှာလို့ရတယ်ဆိုတာ သိလာတယ်။ ရင်ထဲမှာ ယက်ဖွဲ့ထားသလိုဖြစ်နေတဲ့ ပြည့်စုံလုံလောက်မှုအရှိဆုံးနဲ့ အဓိပ္ပါယ်အရှိဆုံး အခိုက်အတန့်တွေကို မျှဝေနိုင်တယ်ဆိုတာ သိလာတယ်။ ဓာတ်ပုံရိုက်ခဲ့တာ မဟုတ်ဘဲ နားထောင်ခဲ့ရတဲ့ အခြေအနေတစ်ခုမှာ ၁၀၀% အပြည့်အဝ တည်ရှိနေနိုင်တယ်။ အဲဒီအခိုက်အတန့်တွေအတွက် ကျွန်မမှာ ဓာတ်ပုံရိုက်ထားတာ မရှိပေမယ့် အဲဒီအခိုက်အတန့်တွေကပဲ ကျွန်မ ကင်မရာကို မျက်လုံးနဲ့ ကပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါတိုင်း လှုံ့ဆော်မှု ဖြစ်စေပါတယ်။
ပြင်ပကမ္ဘာရောက်တဲ့အခါ လုံးဝ လူသားဆန်နေရမယ်။ ပြည့်ပြည့်ဝဝ ကောင်းမွန်ပြီး လုံးဝ တတ်နိုင်သမျှ လူသားဆန်မှုရှိရမယ်။ အဲဒီ အားကောင်းတဲ့ အခြေပြုမှုကနေ လူတွေရဲ့ ဇာတ်လမ်းတွေကို ပြောပြရမယ်။

ပြင်ပကမ္ဘာရောက်တဲ့အခါ လုံးဝ လူသားဆန်နေရမယ်။

Lynn Johnson: သချိုင်းမြေပုံဘေးမှာ ရပ်နေတဲ့ မိန်းကလေးရဲ့ ကျေးဇူးတွေ ကျွန်မမှာ ရှိတယ်။ ရေ ရဖို့ သုံးရက်လောက် လမ်းလျှောက်ရတဲ့ အမျိုးသမီးတွေရဲ့ ကျေးဇူးတွေ ကျွန်မမှာ ရှိတယ်။ ကျွန်မမိဘတွေရဲ့ ကျေးဇူး၊ လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့ အယ်ဒီတာတွေ အားလုံး၊ နှစ်ပေါင်းများစွာ ကူညီခဲ့သူတွေ အားလုံးရဲ့ ကျေးဇူးတွေ ကျွန်မမှာ ရှိတယ်။ ကျွန်မတို့ဆိုတာ အဲဒီဉာဏ်ပညာတွေ၊ အဲဒီအချိန်တွေနဲ့ အဲဒီစိတ်ရှည်သည်းခံမှုတွေအားလုံးစုပေါင်းဖွဲ့စည်းထားတာပါပဲ။
Lynn Johnson: ရှင့်မှာ ဒီအလုပ်ရဲ့ တာဝန်ယူမှု ရှိရမှာ ဖြစ်တယ်။ ကင်မရာကို အသုံးပြုပြီး ဇာတ်လမ်းတစ်ပုဒ် ပြောပြနိုင်တဲ့ စွမ်းဆောင်ရည် ရှိတယ်ဆိုရင် ကျွန်မ အပြင်ထွက်ပြီး ဒါကို လုပ်ရမှာပဲ။ သိတဲ့အတိုင်း ကျွန်မ အိုပါပြီ။ ဆံပင်တွေလည်း ဖြူနေပြီ။ လူတွေက မေးတယ်။ ‘ရှင် ဘယ်တော့ အငြိမ်းစားယူမှာလဲ’ ကျွန်မက ‘အငြိမ်းစား ယူရမယ်? ဘယ်သူ့ကို ပြောတာလဲ?’ လုပ်စရာတွေ ရှိသေးတယ်။ ဆိုလိုတာက ရုပ်ဝတ္ထု ပိုင်ဆိုင်မှုလို သဘောထားခံရတဲ့ အမျိုးသမီးတွေ ကမ္ဘာပေါ်က နိုင်ငံ ဘယ်နှစ်နိုင်ငံလောက်မှာ ရှိနေသေးလဲ။ မဟုတ်သေးပါဘူး။ ကျွန်မ အငြိမ်းစား မယူနိုင်သေးပါဘူး။ ဆက်လုပ်စရာတွေ ကျန်နေသေးတယ်။

ကင်မရာကို အသုံးပြုပြီး ဇာတ်လမ်းတစ်ပုဒ် ပြောပြနိုင်တဲ့ စွမ်းဆောင်ရည် ရှိတယ်ဆိုရင် ကျွန်မ အပြင်ထွက်ပြီး ဒါကို လုပ်ရမှာပဲ။


Lynn Johnson သည် National Geographic၊ Sports Illustrated နှင့် Life ကဲ့သို့ မဂ္ဂဇင်းများအတွက် အထူးပြုဓာတ်ပုံရိုက်ကူးခဲ့သည့် အမေရိကန်လူမျိုး ဓာတ်ပုံဆရာမတစ်ဦးဖြစ်သည်။ Lynn Johnson သည် အာဖရိကနှင့် အာရှဒေသများကို အထူးပြုရိုက်ကူးခဲ့ပြီး ပျောက်ကွယ်သွားတော့မည့် ဘာသာစကားများ၊ လူသားတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို ဓာတ်ပုံရိုက်ကူးခြင်းကြောင့် လူသိများသည်။

https://www.lynnjohnsonphoto.com

https://youtu.be/Ck6GOWM3tRA?si=EkBKqqguS_O7OAZY