သတင်းလွတ်လပ်ခွင့် ဘာကြောင့် အ‌ရေးကြီးလဲ။

သတင်းလွတ်လပ်ခွင့် ဘာကြောင့် အ‌ရေးကြီးလဲ။

၂၀၂၄ ခုနှစ်အတွင်း ဂျာနယ်လစ် ၁၀၃ ဦး အသတ်ခံခဲ့ရပါတယ်။

လူတိုင်းမှာ သတင်းအချက်အလက် ရယူပိုင်ခွင့်ရှိသင့်ပေမယ့်လည်း သတင်းလွတ်လပ်ခွင့်ဆိုသည်မှာ အလိုအလျောက် ရရှိလာသောအရာ မဟုတ်ပါ။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က သတင်းလွတ်လပ်ခွင့်ကို “နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးနဲ့ လူမှုရေးဆိုင်ရာ နှောင့်ယှက်စွက်ဖက်မှုတွေကနေ ကင်းလွတ်ပြီး ကိုယ့်ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေ မရှိဘဲနဲ့ အများပြည်သူ အကျိုးစီးပွားအတွက် သတင်းတွေကို ရွေးချယ်တာ၊ ထုတ်လုပ်တာနဲ့ ဖြန့်ဝေတာတွေကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ လုပ်နိုင်စွမ်းရှိတာကို ဆိုလိုတာပါ။” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ကမ္ဘာတစ်ဝန်း နိုင်ငံအတော်များများမှာ သတင်းလွတ်လပ်ခွင့် မရှိပါ။ ဖြစ်စဥ်အတော်များများမှာ သတင်းဓာတ်ပုံသမားတွေဟာ သတင်းယူဖို့ သွားလာခွင့် မရရှိကြဘဲ သွားရောက်နိုင်ခဲ့ရင်လည်း ဖြစ်ပျက်နေတွေကို တိကျမှန်ကန်စွာ သတင်းမပို့နိုင်ကြပါ။ တကယ်လို့ သတင်းပို့ခဲ့ရင်လည်း နှစ်ရှည်ထောင်ဒဏ်များ၊ အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် အစိုးရတွေအနေနဲ့ သတင်းဓာတ်ပုံသမားတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်မှုတွေ မြင့်တက်လာခဲ့ရာမှာ မီဒီယာလွတ်လပ်ခွင့်အတွက် ထောက်ခံမှုများ လျော့နည်းလာရုံသာမက သတင်းဓာတ်ပုံသမားများ သေဆုံးမှုနှုန်းလည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ရဲ့ အဆိုအရ မှတ်တမ်းတင်ထားသမျှမှာ ၂၀၂၄ ခုနှစ်က သေဆုံးမှုအများဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်(၂၀၂၄ ခုနှစ်)အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံက အနည်းဆုံး ဂျာနယ်လစ် ၁၀၃ ဦး အသတ်ခံခဲ့ရပြီး ၇၀ ရာခိုင်နှုန်းမှာ အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့တွေကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။

ဒီလို အန္တရာယ်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေပေမယ့် ဂျာနယ်လစ်တွေဟာ သတင်းဓာတ်ပုံတွေကို ရိုက်ကူးဖို့အတွက် သူတို့ရဲ့ ဘဝများကို ဆက်လက် နှစ်မြှုပ်လုပ်ကိုင်နေကြပါတယ်။ သူတို့ဟာ ပြင်ပကမ္ဘာကို အမှန်တကယ် ဖြစ်ပျက်နေတာတွေ ပြသဖို့ အရေးကြီးတယ်လို့ ယုံကြည်တာကြောင့် ဆက်လက်ကြိုးပမ်းနေကြခြင်း ဖြစ်ပါတယ်။


RSF ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း မြေပုံ

မေးခွန်းများ

RSF ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း မြေပုံကို ကြည့်ရှုပါ။

သင်၏နိုင်ငံရှိ သတင်းလွတ်လပ်ခွင့် အခြေအနေမှာ မည်သို့ရှိသနည်း။

အဘယ်ကြောင့်ဖြစ်သည်ကို သင်ဖော်ထုတ်နိုင်သလား။

သတင်းလွတ်လပ်ခွင့်ကို အထောက်အကူဖြစ်စေရန် သင်ဘာလုပ်ဆောင်နိုင်သနည်း။


ဟေတီနိုင်ငံမှာ သတင်းဓာတ်ပုံသမားတစ်ဦးအဖြစ် လုပ်ကိုင်ရတာ ဘယ်လိုရှိလဲ။

ဟေတီ အကျပ်အတည်း

Clarens Siffroy

သတင်းထောက်တွေကို သတ်ဖြတ်သူတွေကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ လွှတ်ပေးထားမှုမှာ ဟေတီနိုင်ငံဟာ (အစ္စရေးနဲ့အတူ) ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး ကျူးလွန်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီအချက်ဟာ နိုင်ငံတစ်ခုချင်းစီရဲ့ လူဦးရေအချိုးအစားအလိုက် ဖော်ထုတ်နိုင်ခြင်းမရှိတဲ့ လူသတ်မှုတွေကို တိုင်းတာတွက်ချက်ထားတဲ့ CPJ ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြစ်ဒဏ်ကင်းလွတ်ခွင့် အညွှန်းကိန်း (2024 Global Impunity Index) အရ ဖြစ်ပါတယ်။ ဘဏ္ဍာရေးအရင်းအမြစ်နဲ့ အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးမှုတွေ မရှိတဲ့အတွက် ဟေတီက ဂျာနယ်လစ်တွေဟာ ဂိုဏ်းစတားတွေရဲ့ ပစ်မှတ်ထားခြင်းကို မကြာခဏခံရပြီး ခြိမ်းခြောက်မှု၊ ပြန်ပေးဆွဲမှုနဲ့ သတ်ဖြတ်မှုတွေကို ကြုံတွေ့နေရပါတယ်။

Port-au-Prince မြို့မှာ နေထိုင်သူ Clarens Siffroy ရိုက်ကူးထားတဲ့ “ဟေတီရှိ အကျပ်အတည်း” ဓာတ်ပုံတွေဟာ ဖြစ်ပွားဆဲ အကျပ်အတည်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေ နောက်ကွယ်က လူသားဆန်တဲ့ အခြေအနေတွေကို ပုံဖော်ထားတာပါ။ သူ့ရဲ့ မှတ်တမ်းတင်ချက်တွေကို အလွန် အန္တရာယ်ရှိတဲ့ အခြေအနေတွေအောက်မှာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂျာနယ်လစ်တွေကို သတ်ဖြတ်မှုတွေကနေ ပြစ်ဒဏ်ခတ်ကင်းလွတ်မှု အမြင့်ဆုံးအဆင့်ရှိတဲ့ နိုင်ငံတစ်ခုမှာ ဒီဓာတ်ပုံရိုက်သူရဲ့ နှစ်မြှုပ် လုပ်ဆောင်ချက်တွေဟာ များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။ ဓာတ်ပုံတည်းဖြတ်မှုက အလွန်အမင်း ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားဆန်တဲ့ အစိတ်အပိုင်းတွေကို မျှတအောင် ပေါင်းစပ်ထားပြီး ဟေတီမှာ သတင်းဓာတ်ပုံသမားတစ်ဦးအဖြစ် အလုပ်လုပ်ရတာ ဘယ်လိုလဲဆိုတာ ဖော်ပြနေပါတယ်။


ဟေတီရှိ အကျပ်အတည်း မှ © Clarens Siffroy, Agence France-Presse

Crisis in Haiti © Clarens Siffroy, Agence France-Presse
Crisis in Haiti © Clarens Siffroy, Agence France-Presse
Crisis in Haiti © Clarens Siffroy, Agence France-Presse
Crisis in Haiti © Clarens Siffroy, Agence France-Presse

မေးခွန်းများ

ဓာတ်ပုံများရှိ မည်သည့် မြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းများက ဤနေရာသည် အန္တရာယ်ရှိသော ပတ်ဝန်းကျင်ဖြစ်ကြောင်း ညွှန်ပြနေသနည်း။

ဓာတ်ပုံဆရာ၏ ရှုထောင့် (အနီးကပ်ရိုက်ချက်၊ အဝေးရိုက်ချက်၊ ကွယ်ဝှက်ထားသော ထောင့်များ) ရှိနေခြင်း သို့မဟုတ် မရှိခြင်းတို့က ၎င်းတို့ရင်ဆိုင်နေရသော အန္တရာယ်များကို မည်သို့သော နည်းလမ်းများဖြင့် ထင်ဟပ်နေသနည်း။

ဇာတ်လမ်းကို ဖော်ပြနေစဉ်မှာပင် ၎င်းကိုယ်တိုင်လုံခြုံရေးကို ကာကွယ်ရန် ဓာတ်ပုံဆရာအနေဖြင့် မည်သည့်ရွေးချယ်မှုများကို ပြုလုပ်ခဲ့သည်ဟု သင်ထင်သနည်း။