(World Press Photo ရဲ့ See the Story 2025 အခမဲ့ ပညာရေးဆိုင်ရာ ဖြန့်ချီထုတ်ဝေမှုက “Does it matter who takes the picture?” ကို ကောက်နှုတ်ပြန်ဆိုထားပါတယ်။)
ဘာကြောင့် ကွဲပြားခြားနားတဲ့ ရှုထောင့်တွေ လိုအပ်တာလဲ။
ဓာတ်ပုံရိုက်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လူမှုအသိုင်းအဝိုင်းအတွင်း သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းတွေကို မှတ်တမ်းတင်နိုင်သလို နိုင်ငံရပ်ခြားမှာ အချိန်တို သွားရောက်ပြီးတော့လည်း အလုပ်လုပ်နိုင်ပါတယ်။ နှစ်ပေါင်းများစွာ “ပြင်ပလူ” ရဲ့ ရှုထောင့်ကသာ ထင်ရှားလွှမ်းမိုးခဲ့ပြီး နိုင်ငံတစ်ခုအတွင်း ဝင်ရောက်ကာ ဇာတ်လမ်းတစ်ခုကို ရိုက်ကူးလုပ်ကိုင်ပြီး ပြန်ထွက်သွားတဲ့ ဓာတ်ပုံရိုက်သူတွေကို “parachute photojournalism” သတ်မှတ်သုံးနှုန်းခဲ့ကြပါတယ်။ ဒါနဲ့ဆန့်ကျင်ဘက်အနေအနဲ့ World Press Photo ရဲ့ ဒေသဆိုင်ရာပုံစံက သက်သေပြနေသလို ဒေသခံတွေရဲ့ ရှုထောင့်တွေအပေါ် အလေးပေးမှု ပိုမိုတိုးတက်လာခဲ့ပါတယ်။ လက်တွေ့ဘဝ အတွေ့အကြုံပေါ်မှာ အခြေခံထားတဲ့ “အတွင်းလူ” ရဲ့ ရှုထောင့်တန်ဖိုးကို ပိုမိုသိသာစွာ အသိအမှတ်ပြုလာကြပါတယ်။
ဓာတ်ပုံဆရာ Alexander Joe က အင်တာဗျူးတစ်ခုမှာ အခုလို ဝေမျှခဲ့ပါတယ်။
“အတွင်းလူရော ပြင်ပလူရဲ့ တင်ပြချက်နှစ်ခုလုံးမှာ တန်ဖိုရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပုဂ္ဂိုလ်ရေးအရတော့ မတူညီတဲ့ ရှုထောင့်အမျိုးမျိုးကို ယှဉ်တွဲပြီး ထုတ်ဝေတာကို မြင်ရရင် စိတ်ဝင်စားဖို့ကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်။ အဖြစ်အပျက်တစ်ခုတည်းအပေါ်မှာ မတူညီတဲ့ ထောင့်ပေါင်းစုံနဲ့ မြင်ပုံမြင်နည်းတွေကို ခင်ဗျား ဖမ်းဆုပ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အမှန်တရားဆိုတာကို ဘယ်သူတစ်ဦးတစ်ယောက်မှ အပြည့်အစုံ အကုန်မမြင်နိုင်လို့ပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ မြင်ပုံမြင်နည်းကိုပဲ သတိမထားမိဘဲ အမှန်လို့ သာမန် လက်ခံထားတတ်ကြပါတယ်။”
မေးခွန်းများ
သတင်းဓာတ်ပုံပညာတွင် အတွင်းလူ၏ရှုထောင့်သည် ပြင်ပလူ၏ရှုထောင့်နှင့် မည်သို့ကွာခြားသနည်း၊ တစ်ခုချင်းစီက ဘာကြောင့်တန်ဖိုးရှိသနည်း?
Parachute photojournalism ၏ ဖြစ်နိုင်ခြေရှိသော အားနည်းချက်များမှာ အဘယ်နည်း။ ဒေသခံရှုထောင့်များက ဤပြဿနာများကို မည်သို့လျှော့ချပေးနိုင်သနည်း?
အတွင်းလူ၏ရှုထောင့်မှသာ တင်ပြသင့်သည့် ဇာတ်လမ်းများရှိသည်ဟု သင်ထင်ပါသလား။ ဘာကြောင့် ထင်မြင်ပါလဲ? (သို့မဟုတ်) ဘာကြောင့် မထင်မြင်တာလဲ?
အိမ်နီးချင်းများကို ဓာတ်ပုံရိုက်ကူးခြင်း
Mahmoud Ajjour အသက်ကိုးနှစ်
Samar Abu Elouf

ပါလက်စတိုင်းကောင်လေးရဲ့ ဓာတ်ပုံဟာ စစ်ပွဲရဲ့ ရေရှည်ပေးဆပ်ရမှုတွေ၊ အကြမ်းဖက်မှုကို ဆက်လက်ဖြစ်ပေါ်စေတဲ့ တိတ်ဆိတ်မှုတွေနဲ့ ဒီအမှန်တရားတွေကို ဖော်ထုတ်ပေးရာမှာ သတင်းစာပညာရဲ့ အခန်းကဏ္ဍတို့ကို ဖော်ပြနေပါတယ်။
ဓာတ်ပုံရိုက်သူ Samar Abu Elouf ကိုယ်တိုင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ဂါဇာဒေသကနေ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရသူ ဖြစ်ပါတယ်။ သူမဟာ အခုအခါ ဒိုဟာမြို့မှာ Mahmoud နေထိုင်တဲ့ တိုက်ခန်းတွဲထဲမှာပဲ နေထိုင်နေပြီး Mahmoud လို ဒဏ်ရာအပြင်းအထန်ရထားပြီး ဆေးကုသမှုခံယူဖို့ ထွက်ခွာလာနိုင်ခဲ့တဲ့ ဂါဇာဒေသခံ အနည်းငယ်အကြောင်းကို မှတ်တမ်းတင်ခဲ့ပါတယ်။
စစ်ပွဲကြောင့် ခန္ဓာကိုယ်အပေါ် သက်ရောက်မှုတွေကို ရှောင်လွှဲမသွားဘဲ ဒီဓာတ်ပုံဟာ ပဋိပက္ခနဲ့ နိုင်ငံမဲ့ဖြစ်မှုတို့ကို လူသားဆန်တဲ့ ရှုထောင့်ကနေ ချဉ်းကပ်ထားပြီး စနစ်တကျစီစဥ်ထားပြီး ကျယ်ပြန့်တဲ့ လူသတ်ပွဲတွေနဲ့ စစ်မက်ဖြစ်ပွားမှုတွေကြောင့် အရပ်သားတွေ အတင်းအဓမ္မ ခံစားခဲ့ရတဲ့၊ နောင်လည်း ဆက်လက်ခံစားရဦးမယ့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို မီးမောင်းထိုးပြထားပါတယ်။
ဂါဇာစစ်ပွဲအတွင်း ဒဏ်ရာရရှိသူတွေကို သူမရဲ့ ထိရှလွယ်တဲ့ အမြင်နဲ့ ဂုဏ်သိက္ခာရှိရှိ ပုံဖော်နိုင်ခြင်းဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် သူမနဲ့ အကြောင်းအရာ (subject) အကြား နီးကပ်မှုကြောင့် ဖြစ်ပါတယ်။ Mahmoud ရဲ့ ဇာတ်လမ်းဟာ Samar အတွက် နက်နက်ရှိုင်းရှိုင်း ခံစားရစေပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူမဟာလည်း Mahmoud လိုပဲ ဒီစစ်ပွဲမှာ ချစ်ခင်ရသူတွေနဲ့ သူမရဲ့ နေ့စဉ်ဘဝတွေကို ဆုံးရှုံးခဲ့ရလို့ ဖြစ်ပါတယ်။
မေးခွန်းများ
ဓာတ်ပုံရိုက်သူရဲ့ အကြောင်းအရာ (subject) အပေါ် ပုဂ္ဂိုလ်ရေးအရ နီးကပ်မှုက ဇာတ်လမ်းတင်ပြပုံအပေါ် ဘယ်လိုပုံဖော်ပေးသလဲ?
အလင်းအမှောင်နဲ့ ဘောင်ခတ်မှု (framing) လိုမျိုး အမြင်ဆိုင်ရာ အစိတ်အပိုင်းတွေက ပုံရိပ်ရဲ့ စိတ်ခံစားမှုဆိုင်ရာ ရိုက်ခတ်မှုအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ?
လွတ်လပ်မှုကင်းမဲ့နေချိန်တွင် ရှုထောင့်များကို ပေါင်းကူးပေးခြင်း
အမျိုးသမီးများအတွက် နေရာမရှိ
Kiana Hayeri
၂၀၂၄ ခုနှစ် ညွှန်းကိန်းအရ အာဖဂန်နစ္စတန်နိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၈ ချိတ်ပြီး ကမ္ဘာ့အောက်ဆုံးနားမှာ ရောက်ရှိနေပါတယ်။ သူ့ထက် အဆင့်နိမ့်တာ ဆီးရီးယားနဲ့ အီရီထရီးယားနိုင်ငံတွေပဲ ရှိပါတယ်။ ၂၀၂၁ ခုနှစ် တာလီဘန်တွေ သိမ်းပိုက်ပြီးနောက်ပိုင်းမှာ အာဖဂန်နစ္စတန်က သတင်းတွေဟာ ပိုမိုရှားပါးလာခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အာဖဂန်နစ္စတန်မှာ ၁၀ နှစ်ကျော်ကြာ နေထိုင်ခဲ့တဲ့ အီရန်-ကနေဒါ နွယ်ဖွား Kiana Hayeri ဟာ တာလီဘန်အစိုးရရဲ့ သက်ရောက်မှုကို အခံရဆုံးအုပ်စုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ဘဝထဲကို ထူးခြားတဲ့ ဝင်ရောက်ခွင့် ရရှိခဲ့ပါတယ်။
Kiana ဟာ ဒီအကြောင်းအရာကို ဂရုတစိုက်နဲ့ လေးစားမှုရှိရှိ ချဉ်းကပ်ခဲ့ပါတယ် – “ငါတို့တွေ သူတို့က ဘယ်သူဘယ်ဝါလဲဆိုတာ မသိအောင် (anonymity) ကာကွယ်ပေးဖို့အတွက် အလင်း၊ အရိပ်၊ အနက်ရောင်ပုံရိပ်လွှာ (silhouettes) တွေနဲ့ အထည်စတွေကို သုံးပြီး ဖန်တီးခဲ့ကြတယ်။ ဒါဟာ အဲဒီ အပြာရောင် အဝတ်စကြီး ကနေ သူတို့ရဲ့ ဖြစ်တည်မှု (identity) ကို အတင်းအကျပ် ဖျောက်ပစ်ဖို့ လုပ်နေတာကို ငါတို့က လက်မခံဘဲ ငြင်းဆန်လိုက်တာလည်း ဖြစ်တယ်။ အခွင့်အရေးရတိုင်း အမျိုးသမီးတွေကို သူတို့ရဲ့ ပုံတူဓာတ်ပုံတွေ ပြသခဲ့ပြီး သူတို့ကို ဘယ်လိုမြင်စေချင်သလဲဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရအောင် လုပ်ဆောင်ခဲ့ပါတယ်။ နှင်းထဲမှာ ကစားတာ၊ ကခုန်တာ၊ မိတ်ကပ်လိမ်းတာနဲ့ အနုပညာ ဖန်တီးတာမျိုးလိုမျိုး သေးငယ်တဲ့ ပျော်ရွှင်မှု အခိုက်အတန့်တွေကို ကျွန်မတို့ မှတ်တမ်းတင်ခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ လူသားဆန်မှုကို အားကောင်းမောင်းသန် ငြင်းပယ်နေတဲ့ နိုင်ငံတစ်ခုမှာ ဒီလိုအခိုက်အတန့်တွေဟာ ခုခံတော်လှန်တဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။”
မေးခွန်းများ
ဓာတ်ပုံရိုက်သူရဲ့ အကြောင်းအရာ (subject) အပေါ် ပုဂ္ဂိုလ်ရေးအရ နီးကပ်မှုက ဇာတ်လမ်း တင်ပြပုံအပေါ် ဘယ်လိုပုံဖော်ပေးသလဲ?
ထိခိုက်လွယ်မှု (vulnerability) နဲ့ ကြံ့ကြံ့ခံနိုင်မှု (resilience) နှစ်ခုလုံးကို ဖော်ပြဖို့အတွက် ဓာတ်ပုံရိုက်သူက ဘယ်လို အမြင်ဆိုင်ရာ အစိတ်အပိုင်းတွေကို အသုံးပြုထားသလဲ။
ဓာတ်ပုံရိုက်သူရဲ့ အလင်းရောင် အသုံးချတဲ့ပုံစံက ဒီအကြောင်းအရာအပေါ် ခံစားချက်တွေကို ဘယ်လိုမျိုး သက်ရောက်မှု ရှိစေသလဲ?


