အမြင်အာရုံဇာတ်လမ်းများ ဖန်တီးခြင်း

အမြင်အာရုံဇာတ်လမ်းများ ဖန်တီးခြင်း


(World Press Photo ရဲ့ See the Story 2025 အခမဲ့ ပညာရေးဆိုင်ရာ ဖြန့်ချီထုတ်ဝေမှုကနေ “Making visual stories” ကို ကောက်နှုတ်ပြန်ဆိုထားပါတယ်။)

အမြင်အာရုံ ဇာတ်လမ်းတွေကို ဘယ်လိုဖန်တီးကြသလဲ

စိတ်ကူးစိတ်သန်းနဲ့ ဖော်ဆောင်ခြင်း

ဓာတ်ပုံဆရာကိုယ်တိုင် စိတ်ကူးတာဖြစ်စေ၊ အလုပ် အပ်နှံလို့ဖြစ်စေ အမြင်အာရုံ ဇာတ်လမ်းတစ်ပုဒ်အတွက် စိတ်ကူးရပြီဆိုတာနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ လုပ်ငန်းစဉ်က စတင်ပါတယ်။

အချို့အခြေအနေတွေမှာတော့ သတင်းဓာတ်ပုံဆရာတစ်ဦးကို သီးခြားဖြစ်ရပ်တစ်ခု သွားရောက်ရိုက်ကူးဖို့ တာဝန်ပေးတတ်ကြပါတယ်။ Jabin Botsford ဆိုရင် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့မှာလုပ်တဲ့ ထရမ့်ရဲ့ လူထုစည်းဝေးပွဲကို ဓာတ်ပုံရိုက်ဖို့ The Washington Post က တာဝန်ပေးတာ ခံခဲ့ရပါတယ်။ အဲဒီမှာ သူဟာ ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးပမ်းတဲ့ အခိုက်အတန့်ကို ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

အခြားအချိန်တွေမှာတော့ ဓာတ်ပုံဆရာတွေဟာ သူတို့ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက် ကိုယ်ပိုင်စီမံကိန်းတွေ လုပ်ဆောင်ကြပြီး ထောက်ပံ့ကြေးတွေ ဒါမှမဟုတ် ဆုကြေးတွေကနေတစ်ဆင့် ရန်ပုံငွေရှာကြပါတယ်။ ဥပမာအနေနဲ့ Federico Rios ရဲ့ Paths of Desperate Hope စီမံကိန်းဆိုရင် ရွှေ့ပြောင်းနေထိုင်မှုအကြောင်းကို ဓာတ်ပုံဆရာက နှစ်ပေါင်းများစွာ အချိန်ပေးပြီး လေ့လာမှတ်တမ်းတင်ထားတဲ့ ရေရှည်စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

ရွေးချယ်ခြင်း

ဓာတ်ပုံတွေကို ရိုက်ပြီးရင် ထုတ်ဝေဖို့အတွက် ပြန်ရွေးကြရပါတယ်။ ဒါကို တည်းဖြတ်ခြင်း (Editing) လို့ ခေါ်ပြီး များသောအားဖြင့် ဓာတ်ပုံတည်းဖြတ်သူတွေ၊ ပြပွဲစီစဉ်သူတွေ ဒါမှမဟုတ် ဓာတ်ပုံစာအုပ် ဒီဇိုင်းပညာရှင်တွေက ဓာတ်ပုံဆရာနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြတာပါ။

မှန်ကန်တဲ့ ပုံရိပ်တွေကို ရွေးချယ်ဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပုံရိပ်ရွေးချယ်မှုအပေါ် မူတည်ပြီး ဇာတ်လမ်းတွေ ကွဲပြားသွားနိုင်လို့ပါ။ နေရာရရှိနိုင်မှု၊ ဖော်ပြမယ့် မီဒီယာ၊ ကြည့်ရှုမယ့်သူနဲ့ ဓာတ်ပုံဆရာ ပေးချင်တဲ့ သတင်းစကား စတဲ့ အချက်တွေအပေါ် မူတည်ပြီး ဓာတ်ပုံတွေကို ရွေးချယ်ကြပါတယ်။

ထုတ်ဝေခြင်း

ဒီနေ့ခေတ်မှာတော့ အမြင်အာရုံ ဇာတ်လမ်းတွေကို မဂ္ဂဇင်း၊ သတင်းစာ၊ လူမှုမီဒီယာ၊ ဝက်ဘ်ဆိုက်၊ ပြပွဲ၊ ဓာတ်ပုံစာအုပ်တွေအပြင် WhatsApp မှာတောင် တွေ့နိုင်နေပါပြီ။ ဓာတ်ပုံတွေကို World Press Photo ပြိုင်ပွဲလိုမျိုး ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။


သတင်းဓာတ်ပုံပညာမှာ ဓာတ်ပုံစာသား (Captions) တွေက ဘာလို့ အရေးကြီးတာလဲ?

သတင်းဓာတ်ပုံဆရာတွေနဲ့ မှတ်တမ်းတင်ဓာတ်ပုံဆရာတွေဟာ ဓာတ်ပုံတွေအပြင် သူတို့ရဲ့ ဇာတ်လမ်းတွေနဲ့ပတ်သက်တဲ့ နောက်ခံအခြေအနေကို သိနိုင်အောင် ဓာတ်ပုံစာသားတွေကိုလည်း ထည့်သွင်းပေးကြပါတယ်။ ဓာတ်ပုံစာသားတွေဟာ တိကျရမှာဖြစ်သလို သတင်းစာပညာရဲ့ အခြေခံမေးခွန်းငါးခုဖြစ်တဲ့ (ဘယ်သူ၊ ဘာဖြစ်၊ ဘယ်မှာ၊ ဘယ်အချိန်၊ ဘာကြောင့်) ဆိုတာတွေကိုလည်း ရှင်းလင်းဖြေဆိုနိုင်ရပါမယ်။ ဒါဟာ ဓာတ်ပုံဆရာအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရေးကြီးဆုံးအချက်အလက်တွေဖြစ်တဲ့ ဓာတ်ပုံထဲကလူတွေရဲ့ အမည်၊ အသက်နဲ့ ဓာတ်ပုံထဲမှာ မမြင်နိုင်ပေမဲ့ တကယ်ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို သေချာစုဆောင်းထားတယ်ဆိုတာကို ပြသတာပါ။ ဥပမာအားဖြင့် ဓာတ်ပုံဆရာဟာ အဲဒီမြင်ကွင်းကို တစ်နည်းနည်းနဲ့ လွှမ်းမိုးခဲ့ရင် ဒါမှမဟုတ် ပုံတူရိုက်ဖို့အတွက် ဓာတ်ပုံရိုက်ခံရသူကို ကိုယ်ဟန်အနေအထား ညွှန်ကြားခဲ့ရင် ဒါကိုလည်း ပွင့်ပွင့်လင်းလင်း ဖော်ပြပေးရပါမယ်။

World Press Photo အတွက်တော့ ကမ္ဘာတစ်ဝှမ်းက ကြည့်ရှုမယ့် သန်းနဲ့ချီတဲ့လူတွေမှာ အဲဒီသတင်းအကြောင်းအရာကို နားမလည်တဲ့သူတွေလည်းပါဝင်နိုင်တဲ့အတွက် စီမံကိန်းရဲ့ အခြေခံနောက်ခံအကြောင်းအရာနဲ့ အရေးပါပုံကို သိနိုင်ဖို့ ဇာတ်လမ်းအညွှန်းကိုပါ ဖော်ပြပေးပါတယ်။

မေးခွန်းများ

ခင်ဗျားက များသောအားဖြင့် ဓာတ်ပုံစာသားကို အရင်ဖတ်သလား၊ ဒါမှမဟုတ် ဓာတ်ပုံကိုပဲ အရင်ကြည့်သလား။

အောက်ကဓာတ်ပုံကိုကြည့်ပြီး စာသားကို ဖတ်ကြည့်ပါ။ စာသားက ခင်ဗျားရဲ့ နားလည်မှုကို ဘယ်လိုပြောင်းလဲစေသလဲ။

ခင်ဗျားရဲ့ အမြင်အရ ဓာတ်ပုံစာသားမှာ ပါသင့်တဲ့ အရေးကြီးဆုံး အချက်အလက်က ဘာဖြစ်မလဲ။ ဘာကြောင့်လဲ။

© Santiago Mesa

María Camila၊ Luisa နှင့် Noraisi Birry တို့သည် သူတို့၏ညီမ Yadira ကျန်ရစ်ခဲ့သည့် Paruma ရှောစောင်များကို ဝတ်ဆင်ပြီး Yadira ၏အုတ်ဂူဘေးတွင် ရပ်နေကြသည်။ Yadira Birry (၁၆ နှစ်) သည် ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် Paruma နှင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။

Emberá Dobida တို့သည် ကိုလံဘီယာနိုင်ငံမှ လှည့်လည်နေထိုင်တဲ့ မျိုးနွယ်စုများဖြစ်ပြီး သမိုင်းကြောင်းအရ Bojayá မြစ်ဝှမ်းတဝိုက်တွင် နေထိုင်ခဲ့ကြသည်။ Emberá အများစုသည် ကိုလံဘီယာ ပြည်သူ့စစ်အဖွဲ့များ၏ ပဋိပက္ခဖြစ်ပွားမှုကြောင့် ဘေးကင်းစေရန်နှင့် အခွင့်အလမ်းသစ်များ ရှာဖွေရန် ဘိုဂိုတာမြို့ကို ပြောင်းရွှေ့နေထိုင်နေကြသည်။ ၎င်းမြို့တော်တွင် ၎င်းတို့သည် ခွဲခြားဆက်ဆံခံရခြင်း၊ ဖယ်ကျဥ်ခံရခြင်းများ ကြုံတွေ့ကြရပြီး ပြည့်နှက်၍ မလုံခြုံသည့် အခြေအနေများတွင် နေထိုင်နေကြရသည်။ Bojayá မှ Bellavista ဘုရားကျောင်း၏ အဆိုအရ Emberá လူ့အဖွဲ့အစည်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ၂၀၁၅ နဲ့ ၂၀၂၀ အကြားတွင် ၁၅ မှုသာ ရှိခဲ့သော်လည်း ၂၀၂၄ တွင် ၆၇ မှုအထိ ရှိလာပြီး အဆုံးစီရင်ရန် ကြိုးပမ်းမှုပေါင်း ၄၀၀ ကျော်အထိ ရှိလာသည်။ ဤစီမံကိန်းသည် အကျပ်အတည်းကြောင့် ထိခိုက်ရသည့် Emberá အမျိုးသမီးများ၏ ဘဝကို လိုက်လံမှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ကြမ်းတမ်းသည့် အမှန်တရားကို ပိုသတိထားမိလာစေရန်နှင့် စာနာလာစေရန် ရည်ရွယ်သည်။ © Santiago Mesa


ဘောင်ခတ်ခြင်းရဲ့ စွမ်းအား (The power of framing)

ဘောင်ခတ်ခြင်း

ဓာတ်ပုံမရိုက်ခင်မှာ ဓာတ်ပုံရိုက်သူဟာ ဘယ်အရာကို ထည့်မယ်၊ ဘယ်အရာကို ချန်လှပ်ထားမယ်ဆိုတာကို ဆုံးဖြတ်ပြီး ပုံရိပ်ကို ဘောင်ခတ်ပါတယ်။ အသေးစိတ်အချက်တစ်ခုကိုပဲ အာရုံစိုက်တာ၊ အချို့အစိတ်အပိုင်းတွေကို ဖြတ်ထုတ်တာ ဒါမှမဟုတ် ရှုထောင့်ကို ပြောင်းလဲလိုက်တာမျိုးဟာ ကျွန်ုပ်တို့ရဲ့ အမြင်ကို သတ်မှတ်ပေးလိုက်တာဖြစ်သလို တစ်ခါတစ်ရံမှာ ဇာတ်လမ်းကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်ပါတယ်။ စာရေးဆရာ Susan Sontag ပြောဖူးသလို “ဓာတ်ပုံရိုက်တယ်ဆိုတာ ဘောင်ခတ်တာဖြစ်ပြီး၊ ဘောင်ခတ်တယ်ဆိုတာက ဖယ်ထုတ်လိုက်တာပဲ” ဖြစ်ပါတယ်။ ဘောင်ခတ်ခြင်းက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိရင် ပုံရိပ်တစ်ခုမှာ ဘာတွေ ပျောက်ဆုံးနေသလဲဆိုတာကို ကျွန်ုပ်တို့ မေးခွန်းထုတ်နိုင်လာမှာပါ။

Tank Man ရဲ့ မတူညီတဲ့ ဘောင်ခတ်မှုများ

၁၉၈၉ ခုနှစ် ဇွန်လ ၅ ရက်နေ့ Tiananmen ရင်ပြင်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြမှုပြုလုပ်နေတဲ့အချိန်အတွင်း ပေကျင်းမြို့၊ Chang’an(ထာဝရငြိမ်းချမ်းရေး) လမ်းမကြီးပေါ်က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တင့်ကားတန်းကို ရင်ဆိုင်နေတဲ့ ဆန္ဒပြသူတစ်ဦးရဲ့ ဓာတ်ပုံကို ဓာတ်ပုံဆရာများစွာက ရိုက်ကူးခဲ့ပါတယ်။ သူတို့တစ်ဦးချင်းစီက မတူညီတဲ့ ဘောင်ခတ်မှုတွေကို ရွေးချယ်ခဲ့ကြပေမဲ့ အချို့ဓာတ်ပုံတွေကတော့ အခြားဓာတ်ပုံတွေထက် ပိုပြီး ကျော်ကြားခဲ့ပါတယ်။

မေးခွန်းများ

ဒီဥပမာမှာ ပိုကျယ်တဲ့ ဖြတ်ထုတ်မှု ဒါမှမဟုတ် ပိုကျဉ်းတဲ့ ဖြတ်ထုတ်မှုက ဓာတ်ပုံရဲ့ အဓိပ္ပာယ်ကို ဘယ်လိုပြောင်းလဲသွားစေနိုင်သလဲ။

ဓာတ်ပုံထဲမှာ ဘာတွေ ပျောက်ဆုံးနေနိုင်သလဲ၊ ဓာတ်ပုံထဲမှာ မပါတဲ့အရာကို ကျွန်ုပ်တို့ ဘယ်လိုနားလည်နိုင်မလဲ။

ဘာကြောင့် အချို့ဘောင်ခတ်မှုတွေက နာမည်ကြီးလာပြီး အချို့ကတော့ လူသိနည်းနေရတာလို့ ခင်ဗျားထင်သလဲ။

ဘောင်ခတ်ခြင်းအပေါ် ဓာတ်ပုံဆရာတွေရဲ့ ရွေးချယ်မှုက ကျွန်ုပ်တို့ကိစ္စရပ်တစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုပုံအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ။

ဘောင်ခတ်ခြင်းကို ဘက်လိုက်မှု ဒါမှမဟုတ် လှည့်ဖြားမှုတစ်မျိုးလို့ ယူဆနိုင်သလား။ ဘာကြောင့်လဲ။


(၁) Reuters အတွက် Arthur Tsang ရိုက်ထားတဲ့ ဓာတ်ပုံမှာ ပေကျင်းက ထာဝရငြိမ်းချမ်းရေး လမ်းမပေါ်မှာ လူတစ်ဦးဟာ တင့်ကားတန်းရှေ့မှာ ရပ်နေတာကို တွေ့ရပါတယ်။
(၂) ၂၀၁၀ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ AP ကနေ ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့တဲ့ ‘Tank Man’ ဓာတ်ပုံဖြစ်ပြီး ဒီမှာတော့ သူ့ကို နောက်ခံမှာ မြင်တွေ့ရမှာပါ။ (Terril Jones, Associated Press)
(၃) Reuters အတွက် Arthur Tsang ရိုက်ထားတဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံမှာတော့ တင့်ကားတန်းကြီးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
(၄) Charlie Cole ရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံကတော့ ၁၉၉၀ ခုနှစ် World Press Photo ပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီး Newsweek မှာ ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။

(World Press Photo – See the Story 2025 မှာ ဖော်ပြထားခြင်း မရှိပေမယ့် ဆက်လက်လေ့လာနိုင်မယ့် Tank Man ဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။ – JIM)

Photograph by Stuart Franklin/Magnum
Photographs by Stuart Franklin/Magnum

အမည်မသိ ဓာတ်ပုံရိုက်ကူးသူ။