သတင်းဓာတ်ပုံက ဘယ်လို အကျိုးသက်ရောက်မှု ဖန်တီးနိုင်သလဲ

သတင်းဓာတ်ပုံက ဘယ်လို အကျိုးသက်ရောက်မှု ဖန်တီးနိုင်သလဲ

(World Press Photo ရဲ့ See the Story 2025 အခမဲ့ ပညာရေးဆိုင်ရာ ဖြန့်ချီထုတ်ဝေမှုကနေ “How can photojournalism create impact? ကို ကောက်နှုတ်ပြန်ဆိုထားပါတယ်။)

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျပ်အတည်းတွင် လူထုပါဝင်လာအောင် ဖန်တီးခြင်း

ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းနဲ့ ပတ်သက်ပြီး ကြည့်ရှုသူတွေ စိတ်ဝင်စားလာအောင် ချိတ်ဆက်ပေးရာမှာ အမြင်အာရုံဆိုင်ရာ မီဒီယာတွေဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပုံရိပ်တိုင်းကတော့ ဒီလိုချိတ်ဆက်ရာမှာ ထိရောက်မှုချင်း မတူညီကြပါဘူး။
လူထုပါဝင်လာစေမယ့် ထိရောက်တဲ့ ပုံရိပ်တွေအတွက် အခြေခံစည်းမျဥ်း ခုနစ်ချက်ကို အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Climate Visuals က အကြံပြုထားပါတယ်။
၁။ “တကယ့်အစစ်အမှန် လူသားတွေ” ကို ပြသပါ။
၂။ ဇာတ်လမ်းအသစ်တွေကို ပြောပြပါ။
၃။ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို မြင်သာအောင် ပြသပါ။
၄။ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေဟာ စိတ်ခံစားမှုအရ ပြင်းထန်အားကောင်းကြောင်း ပြသပါ။
၅။ ကြည့်ရှုသူကို နားလည်ရပါမယ်။
၆။ ဒေသတွင်းမှာဖြစ်ပေါ်နေတဲ့ (ပြင်းထန်တဲ့) ရာသီဥတုသက်ရောက်မှုတွေကို ပြသပါ။
၇။ ဆန္ဒပြပွဲ ပုံရိပ်တွေကို အသုံးပြုတဲ့အခါမှာ အထူးသတိထားပါ။

World Press Photo Contest ရဲ့ ဆုရဓာတ်ပုံတွေထဲမှာ ဓာတ်ပုံသမား အတော်များများဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို မှတ်တမ်းတင်ခဲ့ကြပါတယ်။


ဘရာဇီးနိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရေကြီးမှုများ © Amanda M. Perobelli, Reuters

အမေဇုန်မှ မိုးခေါင်ရေရှားမှုများ © Musuk Nolte, Panos Pictures, Bertha Foundation

ရေလွှမ်းနေသော လေယာဉ်ပြေးလမ်းပေါ်မှ လေယာဉ် © Anselmo Cunha, Agence France-Presse

ဆယ်ရက်အတွင်း မုန်တိုင်းလေးခု © Noel Celis, Associated Press

တိတ်ဆိတ်သွားသော ရေကန် © Aubin Mukoni

မေးခွန်းများ

Climate Visuals ရဲ့ အခြေခံစည်းမျဥ်းတွေထဲက ဘယ်နှစ်ချက်က ဒီပုံတွေနဲ့ ကိုက်ညီမှုရှိလဲဆိုတာ သင် ခွဲခြားနိုင်ပါသလား။

သင့်အမြင်အရ ဘယ်ပုံတွေက လူထုကို ပိုပြီး စိတ်ဝင်စားမှု ဖြစ်စေသလဲ၊ ဘာကြောင့်လဲ။

ဓာတ်ပုံပညာဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိစေနိုင်တယ်လို့ သင် ထင်ပါသလား။


LGBTQI+ အခွင့်အရေးများအတွက် လှုံ့ဆော်ခြင်း

အပြုသဘောဆောင်တဲ့ ကိုယ်စားပြုတင်ပြမှုက အရေးကြီးပါတယ်။ Action for Children ရဲ့ ဖော်ပြချက်အရ မီဒီယာတွေမှာ မိမိတို့ရဲ့ အခြေအနေမှန်အတိုင်း ကိုယ်စားပြု ဖော်ပြခံရတာကို မြင်တွေ့ရခြင်းက LGBTQ+ ကလေးသူငယ်တွေနဲ့ လူငယ်တွေအတွက် သူတို့ရဲ့ အတွေ့အကြုံတွေကို အသိအမှတ်ပြုရာ ရောက်စေပြီး သူတို့ရဲ့ ပင်ကိုယ်ပုံစံအတိုင်း နေထိုင်ရတာကို သက်သောင့်သက်သာရှိစေမယ့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် အားပေးကူညီရာ ရောက်ပါတယ်။


Mika © Prins de Vos, Queer Gallery.


Mika
Prins de Vos
လိင်ပြောင်းလဲထားသူများ (Transgender) နှင့် ကျား/မ ခွဲခြားမှုအတွင်း အကျုံးမဝင်သူများ (Non-binary) အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေးမှာ ရင်ဆိုင်နေရတဲ့ အထောက်အကူပြုမှု ကင်းမဲ့ခြင်းကို မီးမောင်းထိုးပြဖို့အတွက် Prins de Vos က Mika ရဲ့ ဇာတ်လမ်းကို မှတ်တမ်းတင်ခဲ့ပါတယ်။ Mika ဟာ ကျား/မ ဆိုင်ရာ ဆေးခန်း (Gender clinic) တစ်ခုမှာ ပထမဆုံးအကြိမ် ဆွေးနွေးခွင့်ရဖို့အတွက် ၂၂ လကြာအောင် စောင့်ဆိုင်းခဲ့ရသူ ဖြစ်ပါတယ်။ Mika ဟာ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ခွဲစိတ်ရာ အမာရွတ်တွေကို ပြသလိုတဲ့စိတ်နဲ့ ကင်မရာကို တည့်တည့်စိုက်ကြည့်နေပါတယ်။ ဒီဓာတ်ပုံကတစ်ဆင့် ဒီပြဿနာဟာ နာမည်တစ်ခု၊ မျက်နှာတစ်ခုအဖြစ် ပေါ်ထွက်လာပြီး ဒီရုန်းကန်မှုကို စာနာနားလည်နိုင်အောင် အထောက်အကူပြုပါတယ်။


လှုပ်ရှားတက်ကြွသူ အမေ၊ ကြည်ဖြူခွင့်ပြုပေးတဲ့ အိမ် © Temiloluwa Johnson, Nigeria

လှုပ်ရှားတက်ကြွသူ အမေ၊ ကြည်ဖြူခွင့်ပြုပေးတဲ့ အိမ်(မိသားစု၊ အသိုင်းအဝိုင်း)

Temiloluwa Johnson
နိုင်ဂျီးရီးယားနိုင်ငံက LGBTQI+ အသိုက်အဝန်းတွေမှာ ပါဝင်သူတွေဟာ တရားစွဲဆိုခံရမှုတွေ၊ ကျယ်ပြန့်တဲ့ လူမှုရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေနဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။ လျှို့ဝှက်နေရာတစ်ခုမှာ ကျင်းပခဲ့တဲ့ “Heavenly Bodies: Notes on Fola Francis” ဆိုတာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ အကြီးမားဆုံး drag ballroom ပွဲများထဲက တစ်ခုဖြစ်တဲ့ လာဂို့စ် (Lagos) ballroom မှာ Pride ပွဲတော် တတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ ကွယ်လွန်သူ Fola Francis ကို အစွဲပြုပြီး ၂၀၂၄ ခုနှစ် ပွဲစဉ်တွေကို အမည်ပေးခဲ့တာဖြစ်ပါတယ်။ သူကတော့ ထင်ရှားတဲ့ trans icon တစ်ဦးဖြစ်ပြီး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့အပြင် Lagos Fashion Week လျှောက်လမ်းပေါ်မှာ ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း လျှောက်လှမ်းခဲ့တဲ့ လိင်ပြောင်းလဲထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီဓာတ်ပုံမှာ ဖော်ပြထားတဲ့အတိုင်း ဘေးအန္တရာယ်တွေ ရှိနေတဲ့ကြားက ဒီပွဲဟာ စိတ်လှုပ်ရှားတက်ကြွဖွယ်ရာ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပြီး ချစ်ခြင်းမေတ္တာနဲ့ မိမိကိုယ်ကိုယ် လွတ်လပ်စွာ ထုတ်ဖော်ပြသမှုတွေကို ဂုဏ်ပြုဖို့အတွက် တက်ကြွသစ်လွင်တဲ့ နေရာတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

မေးခွန်းများ

အပြုသဘောဆောင်တဲ့ ကိုယ်စားပြုတင်ပြမှုက အရေးကြီးတယ်ဆိုတဲ့ အဆိုကို သင် သဘောတူပါသလား။

သင့်အမြင်အရ LGBTQI+ အသိုက်အဝန်းတွေကို ဒီလိုမျိုး ပုံဖော်တင်ဆက်တာဟာ အကျိုးသက်ရောက်မှု ရှိတယ်လို့ ထင်ပါသလား။

ဒီလို ကိုယ်စားပြုတင်ပြပုံတွေက သင် မီဒီယာတွေမှာ ပုံမှန်မြင်တွေ့နေကျ ပုံစံတွေနဲ့ ဘယ်လိုမျိုး တူညီသလဲ ဒါမှမဟုတ် ဘယ်လိုမျိုး ကွဲပြားခြားနားသလဲ။


From A Place to Die © Oliver Farshi

သိက္ခာရှိစွာ သေဆုံးပိုင်ခွင့်ကို ပုံဖော်ခြင်း

သေဆုံးရန် နေရာတစ်ခု

Oliver Farshi

ဒီစီမံကိန်းဟာ အချို့သောသူတွေက သူတို့ရဲ့ သေဆုံးခြင်းကို ထူးခြားတဲ့ နေရာတစ်ခုမှာ ဘယ်လိုမျိုး ရင်ဆိုင်ဖို့ ရွေးချယ်ကြသလဲဆိုတာကို လေ့လာထားတာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ လူမှုအသိုက်အဝန်းနဲ့ ဝန်ဆောင်မှုရယူနိုင်မှု၊ ပြုစုစောင့်ရှောက်မှုနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေကနေစလို့ သေဆုံးခြင်းရဲ့ ထဲထဲဝင်ဝင် ဖြစ်စဉ်နဲ့ ဝမ်းနည်းကြေကွဲမှုရဲ့ နူးညံ့သိမ်မွေ့မှုတွေအထိ ပါဝင်ပါတယ်။

သေဆုံးခြင်းဟာ များသောအားဖြင့် တံခါးပိတ်ထားတဲ့ အခန်းတွေနဲ့ ဆေးရုံဆေးခန်းတွေထဲမှာပဲ ဖြစ်ပျက်လေ့ရှိပေမဲ့ ဒီဓာတ်ပုံတွေက ကျွန်တော်တို့ကို ရှောင်လွှဲမရတဲ့ ဘဝရဲ့ အစိတ်အပိုင်းကို အမြင်သစ်တစ်ခုနဲ့ ကြည့်ရှုဖို့ ဖိတ်ခေါ်နေပါတယ်။ ဓာတ်ပုံဆရာဟာ သေဆုံးခြင်းနဲ့ ရုပ်အလောင်းတွေရဲ့ သည်းထိတ်ရင်ဖိုဖြစ်မှု ဒါမှမဟုတ် ထုံးစံအတိုင်း မြင်တွေ့နေကျ လက်တွေ့ဘဝကို ရိုက်ကူးမယ့်အစား ဒီဘဝနိဂုံးချုပ်ဖို့ ရွေးချယ်မှုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အသေးစိတ် အချက်အလက်တွေ၊ အမူအရာတွေနဲ့ အခိုက်အတန့်တွေကို ဖမ်းယူရိုက်ကူးထားပါတယ်။


တစ်နည်းအားဖြင့် ဒီဓာတ်ပုံတွေဟာ ရောဂါကျွမ်းနေတဲ့ လူနာတွေကို တက်ကြွစွာ ပြုစုစောင့်ရှောက်တဲ့ ဖြစ်စဉ်ကို မှတ်တမ်းတင်ထားတာ ဖြစ်သလို တခြားတစ်ဖက်မှာတော့ ရင်းနှီးမှု၊ နူးညံ့မှုနဲ့ အေးဆေးငြိမ်သက်မှုတွေကို ဖော်ပြနေပြီး သေဆုံးခြင်းအပေါ် ကျွန်တော်တို့ရဲ့ သဘောထားကို ပြန်လည်သုံးသပ်ဖို့ ဖိတ်ခေါ်နေပါတယ်။

ကျွန်တော်တို့အတော်များများဟာ သေဆုံးခြင်းနဲ့ပတ်သက်ပြီး ပိုမိုနီးနီးကပ်ကပ် သိရှိနားလည်လာမယ်ဆိုရင် အကျိုးရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်လည်း ဆေးဘက်ဆိုင်ရာအကူအညီနဲ့ သေဆုံးခြင်းအကြောင်းနဲ့ မိမိတို့ရဲ့သေဆုံးခြင်းကို မိမိတို့ဘာသာ ထိန်းချုပ်ဖို့ ရွေးချယ်ခဲ့ကြတဲ့ ရောဂါကျွမ်းနေသူတွေရဲ့ ဇာတ်လမ်းကို အဓိကထား ရိုက်ကူးဖို့ ကျွန်တော်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။” – Oliver Farshi

မေးခွန်းများ

ဒီဓာတ်ပုံတွေက သင့်ကို ဘယ်လိုစိတ်ခံစားမှုတွေ ဒါမှမဟုတ် ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ဖြစ်ပေါ်စေသလဲ။

ဒီဇာတ်လမ်းဟာ မိမိတို့ရဲ့ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြသူတွေကို နားလည်ပေးနိုင်ဖို့ အထောက်အကူပြုတယ်လို့ သင်ထင်မြင်ပါသလား။ ဘာကြောင့် ထင်မြင်ရသလဲ။ ဘာကြောင့် မထင်မြင်ရပါသလဲ။

ဘယ်ဓာတ်ပုံတွေက ဒီဇာတ်လမ်းကို အထိရောက်ဆုံး ဖော်ပြနိုင်တယ်လို့ သင်ထင်သလဲ၊ ပြီးတော့ ဘယ်လိုမြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းတွေ (အသုံးအဆောင်ပစ္စည်းများ၊ အမူအရာများ၊ အလင်းအမှောင်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ စသည်ဖြင့်) က ဒီသတင်းစကားကို ပေးပို့ရာမှာ အထောက်အကူပြုပေးသလဲ။

ဓာတ်ပုံဆရာရဲ့ ရွေးချယ်မှုတွေ (ဥပမာအာရုံစိုက်မှု Point၊ ဘောင်သွင်းပုံ Frame နဲ့ အလင်းအမှောင် အသုံးပြုပုံ) က သိက္ခာရှိစွာ သေဆုံးပိုင်ခွင့်အပေါ် သင့်ရဲ့ အမြင်ကို ဘယ်လိုမျိုး သက်ရောက်မှုရှိစေသလဲ။