နိုင်ငံရေးကို ဓာတ်ပုံရိုက်ကူးခြင်း

နိုင်ငံရေးကို ဓာတ်ပုံရိုက်ကူးခြင်း


(World Press Photo ရဲ့ See the Story 2025 အခမဲ့ ပညာရေးဆိုင်ရာ ဖြန့်ချီထုတ်ဝေမှုကနေ “Photographing politics” ကို ကောက်နှုတ်ပြန်ဆိုထားပါတယ်။)

နိုင်ငံရေးဆိုတာ ကျယ်ပြန့်ပြီး အကောင်အထည် မမြင်ရတဲ့ အယူအဆတစ်ခုအဖြစ် ရှုမြင်လေ့ရှိပေမယ့် ဓာတ်ပုံပညာကတစ်ဆင့် နိုင်ငံရေးကို “ပုံဖော်ခြင်း” (Picture) ဆိုတာက ဘာကို ဆိုလိုတာလဲ။ ဒါက လူထုစုဝေးပွဲတွေမှာ နိုင်ငံရေးသမားတွေ စကားပြောနေတာကို ဓာတ်ပုံရိုက်ခြင်းလား။ ဒါမှမဟုတ် နိုင်ငံရေး အဆုံးအဖြတ်ချက်တွေကြောင့် တစ်ဦးချင်နဲ့ လူမှုအသိုက်အဝန်းတွေအပေါ် သက်ရောက်လာတဲ့ လက်တွေ့ဘဝ အကျိုးဆက်တွေကို သရုပ်ဖော်ခြင်းလား။ လူအများကတော့ အရာအားလုံးဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်၊ နေ့စဉ်ဘဝ အခိုက်အတန့်တွေမှာတောင် နိုင်ငံရေးဆိုင်ရာ ရွေးချယ်မှုတွေနဲ့ အာဏာတည်ဆောက်ပုံ စနစ်တွေက ပုံဖော်ထားခြင်းဖြစ်တယ်လို့ ယူဆပြောဆိုကြပါတယ်။
၂၀၂၅ ခုနှစ် ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ ဓာတ်ပုံတချို့ဟာ နိုင်ငံရေးကို ဘယ်လို ပုံဖော်ထားတယ်ဆိုတာကို နားလည်စေဖို့ အထောက်အကူပြုပါတယ်။ ဒီဓာတ်ပုံတွေမှာ အသုံးပြုထားသည့် မြင်ကွင်းဘောင်ခတ်ခြင်း (Framing)၊ ဖွဲ့စည်းတည်ဆောက်ပုံ (Composition) နှင့် အလင်းအမှောင် (Lighting) စတဲ့ မြင်ကွင်းဆိုင်ရာ ရွေးချယ်မှုတွေဟာ ဒီပုံရိပ်တွေကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ အချက်မှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။

Night Crossing © John Moore, Getty Images
Attempted Assassination of Donald Trump © Jabin Botsford, for The Washington Post
Paths of Desperate Hope © Federico Ríos
Constance Wynn II, Wilkes-Barre, Pennsylvania, 2025 © Philip Montgomery,
for The New York Times Magazine
Democracy Dies in Darkness © Rafael Heygster, for Der Spiegel

မေးခွန်းများ

နိုင်ငံရေးသမားတွေကို ဓာတ်ပုံရိုက်ဖို့က ပိုအရေးကြီးသလား၊ ဒါမှမဟုတ် သူတို့ရဲ့ မူဝါဒတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေကို ရိုက်ကူးဖို့က ပိုအရေးကြီးသလား။

ဒီဓာတ်ပုံတွေထဲက မြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းတွေဟာ သူတို့ပုံဖော်ထားတဲ့ နိုင်ငံရေးဖြစ်ရပ်တွေ ဒါမှမဟုတ် ပုဂ္ဂိုလ်တွေအပေါ် သင့်ရဲ့ တစ်ကိုယ်ရေတုံ့ပြန်မှုကို ဘယ်လိုမျိုး သက်ရောက်မှုရှိစေသလဲ။

ဒီဓာတ်ပုံတွေထဲက နောက်ခံမြင်ကွင်း ဒါမှမဟုတ် ပတ်ဝန်းကျင် အပြင်အဆင်တွေဟာ ဘယ်လောက်ထိ အရေးပါသလဲ၊ ပြီးတော့ အဲ့ဒီနောက်ခံတွေက ဖော်ပြနေတဲ့ နိုင်ငံရေးဇာတ်လမ်းကို ဘယ်လိုမျိုး ပိုမိုအားကောင်းလာအောင် ကူညီပေးသလဲ။



နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ ပုံရိပ်ကို ဘယ်လိုမျိုး တည်ဆောက်ကြသလဲ


From “Democracy Dies in Darkness” © Rafael Heygster, for Der Spiegel

From “Democracy Dies in Darkness” © Rafael Heygster, for Der Spiegel

From “Democracy Dies in Darkness” © Rafael Heygster, for Der Spiegel

ဒီမိုကရေစီသည် အမှောင်ထုထဲတွင် သေဆုံးသည်” (Democracy Dies in Darkness) Rafael Heygster

ညီလာခံတွေ၊ သတင်းစာရှင်းလင်းပွဲတွေ ဒါမှမဟုတ် လူထုပွဲလမ်းသဘင်တွေမှာ နိုင်ငံရေးသမားတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ အသေးစိတ်ကအစ ဂရုတစိုက် စီစဉ်ပြင်ဆင်ထားလေ့ရှိတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေမှာ သူတို့ရဲ့ လူထုပုံရိပ်နဲ့ သူတို့ပေးချင်တဲ့ သတင်းစကားတွေကို ပုံဖော်ဖို့ အဓိကထား လုပ်ဆောင်ပေးတဲ့ ဆက်သွယ်ရေးအဖွဲ့ကြီးတွေ ရှိကြပါတယ်။ ဒီပုံရိပ်အများစုဟာ နီးစပ်မှုရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း ဒါမှမဟုတ် အင်အားတောင့်တင်းခြင်း စတဲ့ လက္ခဏာတွေကို ထင်ဟပ်စေဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆင်ထားတာ ဖြစ်ပါတယ်။

ဒါဟာ ဓာတ်ပုံသမားတွေအနေနဲ့ အဲ့ဒီမဟာဗျူဟာတွေနောက်ကို မျက်စိမှိတ် လိုက်ရိုက်နေကြတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အားဖြင့် ဓာတ်ပုံသမား အတော်များများဟာ သဘာဝအအတိုင်း ဖြစ်ပေါ်လာတဲ့ အခိုက်အတန့်တွေကို ဖမ်းယူဖို့နဲ့ ဒီနိုင်ငံရေး သတင်းစကားတွေကို ပြန်လည်ဆန်းစစ်ဖော်ထုတ်ဖို့ ရည်ရွယ်ကြပါတယ်။

ဒါကတော့ Rafael Heygster ရဲ့ “Democracy Dies in Darkness” ဆိုတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ဂျာမနီမှာ လူအများကြိုက်ဝါဒ (Populism) ထွန်းကားလာပုံနဲ့ နိုင်ငံရေးဟာ လက်ယာစွန်းဘက်ကို ပိုမိုယိမ်းယိုင်လာပုံတို့ကို ဖမ်းယူရိုက်ကူးထားပါတယ်။ ဓာတ်ပုံဆရာဟာ နိုင်ငံရေးဓာတ်ပုံပညာမှာ တွေ့ရခဲတဲ့အရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ ရည်ရွယ်ချက်အမှန်တွေကို ဖုံးကွယ်ထားဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးသမားတွေရဲ့ ဂရုတစိုက် ဖန်တီးထားတဲ့ ပုံရိပ်တွေကို သိမ်သိမ်မွေ့မွေ့နဲ့ မျက်နှာဖုံးခွာပြလိုက်တာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံချင်းစီမှာ ပုံမှန်မဟုတ်တဲ့ အစိတ်အပိုင်းတစ်ခုခု ပါဝင်နေပြီး အဲ့ဒါက အပေါ်ယံမြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေကာ လက်ယာစွန်း Alternative for Germany (AfD) ပါတီရဲ့ ဟန်ဆောင်ပန်ဆောင် လုပ်ဆောင်တတ်တဲ့ သဘာဝကို ဖော်ထုတ်ပြသနေပါတယ်။

မေးခွန်းများ

ဓာတ်ပုံတွေထဲက ဘယ်လိုမြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းတွေက AfD ပါတီဟာ သူတို့ကိုယ်သူတို့ လူထုရှေ့မှာ ဘယ်လိုပုံစံမျိုးနဲ့ ပေါ်လွင်ချင်နေသလဲဆိုတာကို ဖော်ပြနေသလဲ။

ဒီအစိတ်အပိုင်းတွေက သူတို့ပေးချင်တဲ့ သတင်းစကားကို ပေးပို့ရာမှာ ဘယ်လိုမျိုး အထောက်အကူပြုသလဲ။

သတင်းဓာတ်ပုံသမားတွေအနေနဲ့ ဒီလိုဇာတ်လမ်းမျိုးတွေကို မှတ်တမ်းတင်တဲ့အခါမှာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ပိုမိုအမွှမ်းတင်တာမျိုး ဒါမှမဟုတ် သူတို့ရဲ့ပုံရိပ်ကို ပိုပြီးခိုင်မာသွားစေတာမျိုး မဖြစ်စေဘဲ ဘယ်လိုမြင်ကွင်းဆိုင်ရာ နည်းဗျူဟာတွေကို အသုံးပြုပြီး မှတ်တမ်းတင်နိုင်မလဲ။

နိုင်ငံရေးဆိုင်ရာ ပုံဖော်တင်ဆက်မှု အခိုက်အတန့်တွေကို ရိုက်ကူးတဲ့အခါမှာ ဓာတ်ပုံသမားတွေအနေနဲ့ ဘယ်လိုကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတွေကို သတိပြုသင့်သလဲ။



နိုင်ငံရေးက လူတွေရဲ့ ဘဝအပေါ် သက်ရောက်မှုကို ဓာတ်ပုံဆရာတွေ ဘယ်လို ဆက်သွယ်ဖော်ပြနိုင်သလဲ


သတင်းလုပ်ငန်းသံသရာမှာ နိုင်ငံရေးသတင်းတွေကိုပဲ ဦးစားပေးလေ့ရှိပြီး အဲ့ဒီမူဝါဒတွေက လူတွေရဲ့ လက်တွေ့ဘဝအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကိုတော့ လျစ်လျူရှုမိတတ်ကြပါတယ်။ ၂၀၂၅ ခုနှစ် World Press Photo Contest မှာ ဆုရရှိခဲ့တဲ့ ဓာတ်ပုံဆရာ နှစ်ဦးကတော့ နိုင်ငံရေး နောက်ခံဇာတ်လမ်းတွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖြစ်ရပ်တွေနဲ့ အောင်မြင်စွာ ချိတ်ဆက်ပြသနိုင်ခဲ့ပါတယ်။

Paths of Desperate Hope © Federico Ríos

မျှော်လင့်ချက်မဲ့သူတို့၏ လမ်းကြောင်းများ

Federico Ríos

ဒီစီမံကိန်းဟာ ကိုလံဘီယာနဲ့ ပနားမားနိုင်ငံတို့ကို ဆက်သွယ်ထားတဲ့ ကီလိုမီတာ ၁၀၀ ရှည်လျားပြီး ထူထပ်တဲ့ Darién Gap တောနက်ကြီးကို ဖြတ်ကျော်နေကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အန္တရာယ်များလှတဲ့ ခရီးစဉ်ကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒနဲ့ အလွန်နက်နဲစွာ ဆက်စပ်နေပါတယ်။ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေဟာ အစိုးရအဆက်ဆက် လက်ထက်မှာ ပိုမိုတင်းကျပ်လာတာနဲ့အမျှ ရွှေ့ပြောင်းနေထိုင်သူ အတော်များများဟာ အမေရိကန် နယ်စပ်ကို ရောက်ရှိဖို့အတွက် Darién Gap လို ပိုမိုအန္တရာယ်များပြီး ဘေးဒုက္ခကြီးမားတဲ့ လမ်းကြောင်းတွေကို ရွေးချယ်ဖို့ အတင်းအကျပ် ဖိအားပေးခံလာရပါတယ်။ ဓာတ်ပုံဆရာဟာ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရှာဖွေနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ မိသားစုတွေနောက်ကို လိုက်ပါသွားပြီး သူတို့ရဲ့ ဇာတ်လမ်းတွေကို လူသားဆန်ဆန် ပုံဖော်ပေးခဲ့ပါတယ်။

Constance Wynn II, Wilkes-Barre, Pennsylvania, 2025
© Philip Montgomery, for The New York Times Magazine

Constance Wynn II၊ Wilkes-Barre၊ Pennsylvania၊ ၂၀၂၅ ခုနှစ်
Philip Montgomery

ဒီဓာတ်ပုံဟာ ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲနေ့မှာ စိုးရိမ်ပူပန်နေရတဲ့ အခိုက်အတန့်တစ်ခုကို ဖမ်းယူထားတာ ဖြစ်ပါတယ်။ Constance Wynn ဟာ ကွန်ဆာဗေးတစ် Heritage Foundation က ထုတ်ပြန်ထားတဲ့ စာမျက်နှာ ၉၀၀ ကျော်ပါ Project 2025 စာတမ်းကို ဒေါင်းလုဒ်ဆွဲပြီးခါစ ဖြစ်ပါတယ်။ အဲ့ဒီစာတမ်းဟာ ဖက်ဒရယ်အစိုးရကို အကြီးအကျယ် ပြန်လည်ဖွဲ့စည်းဖို့နဲ့ နိုင်ငံသားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု အတော်များများကို ဖျက်သိမ်းဖို့ တောင်းဆိုထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ Philip Montgomery ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း ဒီမိုကရက်တစ်ကနေ ရီပတ်ဘလစ်ကန်ဘက်ကို မဲပေးမှုပုံစံ ပြောင်းလဲသွားခဲ့တဲ့ Luzerne ခရိုင်မှာ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာ အချိန်ပေးခဲ့ပါတယ်။ သူဟာ နေအိမ်တွေ၊ လူစုဝေးပွဲတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဘုရားကျောင်းတွေကို သွားရောက်ပြီး Donald Trump ကို လူအများစု ပိုမိုထောက်ခံလာကြတဲ့ နိုင်ငံရေးအရ အရေးပါတဲ့ အဲ့ဒီခရိုင်ရဲ့ ရှုပ်ထွေးနက်နဲတဲ့ အခြေအနေတွေကို ဖော်ထုတ်တင်ပြခဲ့ပါတယ်။
မေးခွန်းများ
ဒီဓာတ်ပုံတွေမှာပါတဲ့ ဘယ်လိုမြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းတွေက ပုဂ္ဂိုလ်ရေးဆန်တဲ့ ခံစားမှုကို ပေးစွမ်းတာလဲ။
ဓာတ်ပုံတစ်ပုံတည်းက နိုင်ငံရေးဆိုင်ရာ ဇာတ်ကြောင်းတွေကို စိန်ခေါ်နိုင်သလား ဒါမှမဟုတ် ပိုပြီးခိုင်မာသွားအောင် လုပ်နိုင်သလား။ ဘာကြောင့်လဲ။
မူဝါဒတွေရဲ့ သက်ရောက်မှုကို ခံစားနေရတဲ့သူတွေရဲ့ ဓာတ်ပုံတွေက နိုင်ငံရေးကိစ္စရပ်တွေအပေါ် လူထုရဲ့ အမြင်ကို ဘယ်လိုမျိုး လွှမ်းမိုးနိုင်သလဲ။
ဘာကြောင့် အချို့သော ပုံရိပ်တွေက မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခံရပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ဇာတ်လမ်းတွေကတော့ လျစ်လျူရှုခံရတာမျိုး မကြာခဏ ဖြစ်နေရတာလဲ။